ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး သဖန်းစံပြမွေးမြူရေးခြံဝန်းအတွင်း ပြန်လည်ပြုပြင်နေသည့် စံပြကန် အမှတ်(၁)နှင့် အမှတ်(၂)တို့ကို ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇန်နဝါရီ ၁၇

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဇန်နဝါရီ ၁၅ ရက်က မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၊ သဖန်းစံပြမွေးမြူရေးခြံအတွင်း ပြန်လည်ပြုပြင်နေသည့် စံပြကန် အမှတ်(၁)နှင့် အမှတ်(၂) တို့ကို ကြည့်ရှုစစ်ဆေးပြီး ရေအလေအလွင့်မရှိ အသုံးပြုနိုင်ရေး၊ ကန်နှင့်ရေပေးဝေရေး အဆောက်အအုံများ ရေရှည်အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် စနစ်တကျ စီမံဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများကို ဆွေးနွေးမှာကြားသည်။

 

ယခုပြုပြင်လျက်ရှိသည့် ရေလှောင်ကန်များမှာ နှစ်ပေါင်း(၇၀)ခန့်သက်တမ်းရှိ မြေသားကန်များ ဖြစ်ကြောင်း၊ သဲနုန်းပို့ချမှုကြောင့် တိမ်ကောလာသဖြင့် ဆည်မြောင်းနှင့်ရေ အသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ပြုပြင်မွမ်းမံမှုလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အဆိုပါကန်များ ပြုပြင်မွမ်းမံပြီးပါက အမှတ်(၁) ရေလှောင်ကန်မှ  စိုက်မြေဧရိယာ ဧက(၇၀)နှင့် အမှတ်(၂)ကန်မှ စိုက်မြေဧရိယာ (၃၉) ဧက စုစုပေါင်း (၁၀၉) ဧကကို စိုက်ပျိုးရေ ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မွေးမြူရေး အသုံးချသုတေသနနှင့် မျိုးထိမ်း၊ မျိုးပွားခြံ (သဖန်းခြံ) တွင် ဆောင်ရွက်လျက်ရှိသည့် ဒေသဆိတ်မျိုးရင်း ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ အသားတိုးနွားမျိုးထိန်းခြင်း၊ မျိုးပွားခြင်းလုပ်ငန်းများ၊ မွေးမြူရေးဆိုင်ရာ အသုံးချသုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

အလားတူ ဝမ်းတွင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ရွှေတောင် ဝါသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံနှင့် ကျောက်ဆည်မြို့နယ် လွန်ကျော် ဝါသီးနှံသုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးခြံများသို့ ‌ရောက်ရှိပြီး ငွေချည်-၆၊ ရွှေတောင်-၈၊ ငွေချည်-၉ ၊ ရွှေတောင်-၁၀ နှင့် ရွှေတောင် - ၁၁ ချည်မျှင်ရှည်ဝါနှင့် ဝါမျိုးများမျိုးသန့် မျိုးပွားလုပ်ငန်းများကို လည်းကောင်း၊ ဝါသုတေသန လုပ်ငန်းအဆင့်ဆင့်ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်