ဒုတိယသမ္မတ ဦးမြင့်ဆွေ တတိယအကြိမ်မြောက် မြန်မာ-အီးယူ စီးပွားရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည့်မိန့်ခွန်း

နေပြည်တော် ၅ ဇွန်  

 


တတိယအကြိမ်မြောက် မြန်မာ-အီးယူစီးပွားရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားကို ဇွန် ၅ ရက် နံနက် ၉ နာရီတွင် နေပြည်တော်ရှိ KEMPINSKI ဟိုတယ်၌ ကျင်းပရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပြီး အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်-

 

်သျုစ


အခမ်းအနားတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေက မြန်မာ-အီးယူ စီးပွားရေးဖိုရမ်ကို ယခုကဲ့သို့ တတိယအကြိမ်မြောက် ကျင်းပနိုင်ခြင်းသည် မြန်မာနိုင်ငံနှင့် အီးယူ အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာရေးအတွက် ဆန္ဒပြင်းပြမှုရှိသည်ကို ထင်ဟပ်ပြသလျက်ရှိပါကြောင်း။

 


ဖိုရမ်ကျင်းပရန်အတွက် ပူးပေါင်းစီစဉ် ဆောင်ရွက်ပေးသည့် ဥရောပသမဂ္ဂ ကုန်သည်ကြီးများအသင်းနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ကို မိမိအနေဖြင့် အသိအမှတ်ပြုပါကြောင်း၊ ယခုဖိုရမ်သည် အီးယူနိုင်ငံများက ရင်းနှီးမြှုပ်နှံသူများအတွက် အကောင်းမွန်ဆုံးသော အခွင့်အလမ်းများကို သေချာရေရာအောင် မျှဝေပေးနိုင်မည် ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ ဘက်စုံဖွံ့ဖြိုးတိုးတက် အောင်မြင်စေရေးကိုလည်း အထောက်အကူပြုပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း။

 


မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား အရှေ့တောင်အာရှနှင့် တောင်အာရှနိုင်ငံများကို ချိတ်ဆက်ပေးနိုင်သည့် ပထဝီဝင် အနေအထားအရ မဟာဗျူဟာ အချက်အချာနေရာတွင် တည်ရှိနေပါကြောင်း၊ လူဦးရေအတန်အသင့်ရှိပြီး  ပြည်တွင်းဈေးကွက် ကျယ်ပြန့်လာနေသည့် မြန်မာနိုင်ငံသည် ဒေသတွင်းနှင့် နိုင်ငံတကာဈေးကွက်များကို ချိတ်ဆက်ပေးခြင်းအားဖြင့် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု ကျယ်ပြန့်လာစေမှုကို အထူးအလေးပေး ဆောင်ရွက်လျက်ရှိပါကြောင်း။

 


မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြသည့် အဓိကလုပ်ငန်းများမှာ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းများ၊ လျှပ်စစ်ဓာတ်အားလုပ်ငန်းများ၊ သတင်းအချက်အလက် ဆက်သွယ်ရေးလုပ်ငန်းများ၊ ကုန်ပစ္စည်းထုတ်လုပ်ရေးနှင့် အိမ်ခြံမြေ လုပ်ငန်းများဖြစ်သည်ကို တွေ့မြင်နိုင်ပါကြောင်း၊ ယင်းလုပ်ငန်းများသည် ဈေးကွက် ပိုမိုရရှိရန် အလားအလာကောင်းသည့် လုပ်ငန်းများဖြစ်ပါကြောင်း၊ ထို့အပြင် ရင်းနှီးမြှုပ်နှံသူများနှင့် ဒေသခံ လူ့အဖွဲ့အစည်းများအတွက် များစွာအကျိုးရှိနိုင်သည့် အခြားရင်းနှီးမြုပ်နှံမှု ကဏ္ဍများလည်း ကျန်ရှိနေသေးပါကြောင်း။

 


နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံအတွင်း ဘက်စုံဖွံ့ဖြိုး တိုးတက်လာစေရေးကို ရည်ရွယ်ပြီး စီးပွားရေးမဟာဗျူဟာများ အပါအဝင် နိုင်ငံတော်အဆင့် ဦးစားပေး ကဏ္ဍများကို ချမှတ်ဆောင်ရွက်လျက်ရှိရာ ၂၀၁၆ ခုနှစ်တွင် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော ဈေးကွက်စီးပွားရေးစနစ်နှင့် အမျိုးသားရင်ကြားစေ့ရေးကို အထောက်အကူပြုသည့် စီးပွားရေးမူဘောင် ဖြစ်ထွန်းစေရေးတို့ကို ဦးစားပေးထားသည့် စီးပွားရေးမူဝါဒ (၁၂)ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း။

 


ထို့ပြင် ၂၀၃၀ ပြည့်နှစ် အစီအစဉ်၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန်နှင့် ငြိမ်းချမ်း၍ သာယာဝပြောသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်တည်လာရေးတို့ကိုမျှော်မှန်းပြီး မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan –MSDP) ကို မဏ္ဍိုင် ၃ ရပ်၊ ပန်းတိုင် ၅ ခုတို့ဖြင့် ရေးဆွဲချမှတ်ကာ ၂၀၁၇ ခုနှစ်မှ စတင်၍ ဆောင်ရွက်လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်အပေါ် ကြိုးပမ်းဆောင်ရွက်မည်ဟု သန္နိဋ္ဌာန်ချမှတ်ထားရှိမှုကို Myanmar Sustainable Development Plan (MSDP) က ရှင်းလင်းပြတ်သားစွာ ဖော်ပြလျက်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် အဆိုပါစီမံကိန်းကို အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက် ဖွံ့ဖြိုးမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှု၊ အားပေးထောက်ခံမှုများ ရရှိမည်ဟု မျှော်လင့်ပါကြောင်း။

 


ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်နိုင်ရန်အတွက် ယှဉ်ပြိုင်မှုဥပဒေသစ်ကို ၂၀၁၅ ခုနှစ်တွင်လည်းကောင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို ၂၀၁၆ ခုနှစ်တွင် လည်းကောင်း၊ မြန်မာကုမ္ပဏီများ ဥပဒေသစ်ကို ၂၀၁၇ ခုနှစ်တွင်လည်းကောင်း ပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း၊ မြန်မာကုမ္ပဏီများ ဥပဒေသစ်အရ ကုမ္ပဏီများအနေဖြင့် Online က မှတ်ပုံတင်နိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့ ပြုပြင်ပြောင်းလဲမှုများကြောင့် ကုမ္ပဏီများအနေဖြင့် မှတ်ပုံတင်ရာတွင် လွယ်ကူစေမည့်အပြင် ရင်းနှီးမြှုပ်နှံသူများအတွက် ပွင့်လင်းမြင်သာမှု၊ ဖြေလျှော့ပေးမှုနှင့်  အာမခံချက်ရှိမှုတို့ကို ပိုမိုပေးထားသော ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကို ရရှိစေပြီး ပိုမိုလုပ်သာကိုင်သာ ရှိလာမည်ဖြစ်ပါကြောင်း၊ ထို့ပြင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ပြည်တွင်း ကုမ္ပဏီတစ်ခုတွင် ရှယ်ယာ ၃၅ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခွင့်ရရှိမည်ဖြစ်ပြီး လက်လီလက်ကားရောင်းဝယ်ရေးတွင် နိုင်ငံခြားသားပိုင် ကုမ္ပဏီများကို ၁၀ဝ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံခွင့် ပေးထားပါကြောင်း။

 


နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများအတွက် အာမခံချက် ပိုမိုရရှိစေရန် နိုင်ငံခြားကုမ္ပဏီ (၅)ခုအား အာမခံလုပ်ငန်းကဏ္ဍတွင် လုပ်ငန်းလုပ်ကိုင်ခွင့်ပြုကြောင်းကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ၂ဝ၁၉ ခုနှစ်၊ ဧပြီလ ၅ ရက်တွင် ကြေညာခဲ့ပါကြောင်း၊ ထိုသို့ ဆောင်ရွက်မှုသည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလက တရားဝင်စတင်ခဲ့သည့် အာမခံဈေးကွက် လွတ်လပ်မှုဆိုင်ရာ ရွေးချယ်ခြင်း လုပ်ငန်းစဉ်အတွက် မှတ်တိုင်တစ်ခုဖြစ်ပါကြောင်း။

 


ထိုသို့ သိသာထင်ရှားသည့် ပြုပြင်ပြောင်းလဲမှုများကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုသည် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင် တိုးတက်နိုင်မည်ဟု မျှော်မှန်းထားပါကြောင်း၊ မြန်မာနိုင်ငံ၏ ဂျီဒီပီ တိုးတက်မှုသည် ၂၀၁၈ ခုနှစ်တွင် ၆ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ရာက ၂၀၁၉ ခုနှစ်တွင် ၆ ဒသမ ၆ ရာခိုင်နှုန်းနှင့် ၂၀၂၀ ပြည့်နှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းထိရှိနိုင်သည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်က ခန့်မှန်း ထားပါကြောင်း။

 


ထို့ပြင် ၂၀၁၉ ခုနှစ် ဧပြီလအထိ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၈၀၁၅၀ ဒသမ ၄၇၂ သန်း ရှိပါကြောင်း၊ နိုင်ငံပေါင်း (၄၉) နိုင်ငံက ကဏ္ဍ(၁၂)ခုတွင် ရင်းနှီးမြှုပ်နှံလျက်ရှိပြီး ရင်းနှီးမြှုပ်နှံမှုအများဆုံး ကဏ္ဍ(၃) ခုမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ၂၇ ဒသမ ၉၇ ရာခိုင်နှုန်း၊ စွမ်းအင် ၂၆ ဒသမ ၄၂ ရာခိုင်နှုန်းနှင့် ကုန်ထုတ်လုပ်မှုအပိုင်းမှ ၁၃ ဒသမ ၅၆ ရာခိုင်နှုန်းတို့ ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံနှင့် အီးယူ ကုန်သွယ်မှုပမာဏအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၇ ဘီလီယံ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ဝ၇ ဘီလီယံ ဖြစ်သည့်အတွက် ယခင်နှစ်ကထက် အမေရိကန်ဒေါ်လာသန်း ၈၀ဝ ကျော် တိုးတက်ခဲ့ပြီး ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်အတွင်းတွင်လည်း ဆက်လက်တိုးတက်လာနေသည်ကို တွေ့ရပါကြောင်း၊ မြန်မာနိုင်ငံတွင် အီးယူ၏ လာရောက်ရင်းနှီးမြှုပ်နှံမှုများအနေဖြင့် ၂၀၁၉ ခုနှစ် ဧပြီလအထိ မှတ်ပုံတင်ခွင့်ပြုပြီး ကုမ္ပဏီပေါင်း ၁၅၈ ခု၊ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းတန်ဖိုး အမေရိကန် ဒေါ်လာ ၆ ဒသမ ၈၇ ဘီလီယံရှိပြီး မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းတန်ဖိုး၏ ၈ ဒသမ ၆ ရာခိုင်နှုန်းရှိသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း။

 


၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံသည် အီးယူ၏ အကောက်ခွန်သက်သာခွင့် ရရှိခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ အထည်အလိပ်ကဏ္ဍ ထုတ်လုပ်မှု တိုးတက်လာခဲ့ပါကြောင်း၊ မြန်မာ့အထည်အလိပ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကြောင့် မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂတို့အတွက် သာယာဝပြောမှုကို  မျှဝေပေးနိုင်လာပါကြောင်း၊ ယင်းမှာ မြန်မာနိုင်ငံကို Generalized Scheme of Preferences(GSP) အကျိုးကျေးဇူး ခံစားခွင့်ပေးထားခြင်းကြောင့် ဖြစ်ပါကြောင်း။

 


အီးယူ၏ တာဝန်ယူမှုရှိသည့် ရင်းနှီးမြုပ်နှံမှုများကို နွေးထွေးစွာကြိုဆိုပါကြောင်း၊ ယခုကျင်းပပြုလုပ်သည့် ဖိုရမ်တွင် ပြည့်စုံသည့် အပြန်အလှန် ဆွေးနွေးမှုများမှတစ်ဆင့် မြန်မာနိုင်ငံနှင့် အီးယူနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများကို ယခုထက်အရှိန်မြှင့်တင် ဆောင်ရွက်သွားနိုင်ပါစေဟု ဆန္ဒပြုပါကြောင်း။

 


သိရှိပြီးဖြစ်သည့်အတိုင်း မြန်မာနိုင်ငံနှင့်အီးယူအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကျိုးကျေးဇူးများ အပြန်အလှန်ရရှိရေးကို မြှင့်တင်ရန်အတွက် မြန်မာ- အီးယူ ကုန်သွယ်မှု အကူအညီပေးရေးကောင်တာ (Myanmar-EU Trade Helpdesk) ကိုလည်း ၂၀၁၆ ခုနှစ် မေလတွင် တရားဝင်တည်ထောင်ခဲ့ပါကြောင်း၊ အဆိုပါ အကူအညီပေးရေးကောင်တာက အီးယူဈေးကွက်ဆိုင်ရာ အချက်အလက်များ အထူးသဖြင့် အီးယူဈေးကွက် ဝင်ရောက်နိုင်မည့် အခွင့်အလမ်းများ၊ မြန်မာ့ထုတ်ကုန် အချက်အလက်များနှင့် ပို့ကုန်မြှင့်တင်ရေး လမ်းညွှန်များဆိုင်ရာ သတင်းအချက်အလက်များကို ထောက်ပံ့ပေးနေပါကြောင်း။

 


ယခုကျင်းပမည့် ဖိုရမ်သည် မြန်မာနိုင်ငံနှင့် အီးယူနိုင်ငံများအကြား စီးပွားရေး ဆက်သွယ်ဆောင်ရွက်မှုများကို ပိုမိုအားကောင်းလာစေမည့်အပြင် မြန်မာပြည်သူများအတွက်လည်း အကျိုးဖြစ်ထွန်းစေမည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာနှင့်အီးယူတို့အကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်ကောင်းကောင်းဖြင့် ဆက်လက်တိုးတက်ပြီး ယနေ့ကျင်းပမည့် ဖိုရမ်မှ ထင်သာမြင်သာရှိသည့် ရလဒ်ကောင်းများ ပေါ်ထွန်းလာပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားခဲ့သည်။

 

 

MDN