ဒုတိယသမ္မတ ဦးမြင့်ဆွေ အဋ္ဌမအကြိမ်မြောက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ဒေသတွင်း ထုတ်ကုန်ပစ္စည်းများ (MSMEs Products) ပြပွဲနှင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား

အဋ္ဌမအကြိမ်မြောက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ဒေသတွင်းထုတ်ကုန်ပစ္စည်းများ (MSMEs Products) ပြပွဲနှင့်ပြိုင်ပွဲ (မော်လမြိုင်) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

 

 

အခမ်းအနားသို့ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ လုပ်ငန်းကော်မတီဝင်များ ဖြစ်ကြသည့် ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်၊ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိ၊ မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးခင်မောင်ကြီး၊ အရှေ့ တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ် အစိုးရအဖွဲ့တို့မှ ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်စာရင်း စစ်ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အသင်း အဖွဲ့များ၊ အသိပညာရှင် အတတ်ပညာရှင်များ၊ အလှူရှင်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယသမ္မတက အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ဒေသတွင်း ထုတ်ကုန်ပစ္စည်း ပြပွဲ၊ ပြိုင်ပွဲများကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ကျင်းပခဲ့ရာ ပထမအကြိမ်ကို မန္တလေးမြို့တွင်လည်းကောင်း၊ ဒုတိယအကြိမ်ကို မကွေးမြို့တွင်လည်းကောင်း၊ တတိယအကြိမ်ကို ပုသိမ်မြို့တွင်လည်းကောင်း၊ စတုတ္ထ အကြိမ်ကို တောင်ကြီးမြို့တွင်လည်းကောင်း၊ ပဉ္စမအကြိမ်ကို မုံရွာမြို့တွင်လည်းကောင်း၊ ဆဋ္ဌမအကြိမ်ကို ပဲခူးမြို့နှင့် သတ္တမအကြိမ်ကို ရန်ကုန်မြို့တွင်လည်းကောင်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါကြောင်း။

 

 

ယနေ့မော်လမြိုင်မြို့တွင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ ပူးပေါင်းကျင်းပသည့် ပြပွဲ၊ ပြိုင်ပွဲသည် အဋ္ဌမအကြိမ်မြောက်ဖြစ်ပါကြောင်း၊ ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးတွင် ယခုကဲ့သို့ ပြပွဲပြိုင်ပွဲများကို ကျင်းပသွားမည်ဖြစ်ပြီး နောက်ဆုံးအဆင့် အနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ တိုင်းဒေသကြီး/ ပြည်နယ်အားလုံး ပါဝင်သည့် နိုင်ငံတော်အဆင့် ထုတ်ကုန်ပစ္စည်းများ ပြပွဲပြိုင်ပွဲကို ကျင်းပပြုလုပ်၍ National Award ဆုများ ချီးမြှင့်သွားမည်ဖြစ်ပါကြောင်း။

 

 

ဒေသတွင်းထုတ်ကုန်ပစ္စည်းများ ပြပွဲ၊ ပြိုင်ပွဲ ကျင်းပရသည့် ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံအတွင်း သွင်းကုန်အစားထိုး ထုတ်ကုန်များ ပိုမိုများပြားလာစေရန်၊ ဒေသအသီးသီးတွင်ရှိသည့် ထုတ်လုပ်မှုကဏ္ဍများနှင့် ရောင်းဝယ်မှု ကဏ္ဍများအချင်းချင်း ချိတ်ဆက်မှုဖြစ်လာစေရန်၊ MSMEs လုပ်ငန်းများအနေဖြင့် မိရိုးဖလာ စီးပွားရေးလုပ်ငန်းမှ ဆန်းသစ်တီထွင် စွန့်စားဖန်တီးမှုများဖြင့် ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားသော ကမ္ဘာ့အဆင့်မီ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုအသွင်သို့ ပြောင်းလဲလာနိုင်စေရန်နှင့် ဈေးကွက်ချဲ့ထွင်ပြီး ကမ္ဘာ့အဆင့် တန်ဖိုးမြှင့်ထုတ်လုပ်မှုကွင်းဆက် (Global Value Chain) အတွင်း ပူးပေါင်းဆောင်ရွက်လာစေရေးတို့ကို မျှော်မှန်းပြီး ကျင်းပပြုလုပ်ပေးနေခြင်း ဖြစ်ပါကြောင်း။

 

 

ယခုကဲ့သို့ ထုတ်ကုန်ပစ္စည်းများပြပွဲပြိုင်ပွဲ ကျင်းပသည့်ကာလအတွင်း ပြည်တွင်း MSMEs လုပ်ငန်းများ၏ ထုတ်ကုန်ပစ္စည်းအမျိုးအစား အရည်အသွေးကို လာရောက် လေ့လာကြည့်ရှုကြသည့် လုပ်ငန်းရှင်များ၊ ဘဏ်လုပ်ငန်းရှင်များ၊ လက်လီရောင်းဝယ်ရေး အသင်းမှအဖွဲ့ဝင်များ၊ စားသုံးသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တစ်နေရာတည်းတွင် စုံစုံညီညီ စုဝေးနေကြသည့်အတွက် ဒေသတွင်း MSMEs လုပ်ငန်းရှင်များအတွက် အထူးအခွင့်အရေး တစ်ရပ်ဖြစ်ပါကြောင်း။

 

 

ထို့ကြောင့် MSMEs လုပ်ငန်းကော်မတီအနေဖြင့် MSMEs လုပ်ငန်းရှင်များကို ဈေးကွက်ဆိုင်ရာ အသိပညာရှင်တို့နှင့်တွေ့ဆုံကာ ၎င်းတို့၏ ထုတ်ကုန်များအပေါ် လိုအပ်သည်များ အကြံပြုဆွေးနွေးပေးနိုင်အောင် ပြပွဲကျင်းပရာ နေရာတွင် စီစဉ်ပေးထားပါကြောင်း၊ ပြီးခဲ့သည့် ပြပွဲပြိုင်ပွဲများတွင် ယခုကဲ့သို့ စီစဉ်ပေးခဲ့သည့်အတွက် MSMEs လုပ်ငန်းရှင်များ အနေဖြင့် ပညာရှင်များ၏ အကြံပြုချက်အတိုင်း ပြုပြင်ထုတ်လုပ်ခြင်း၊ ထုတ်ပိုးမှုပုံစံအသစ်များ ပြောင်းလဲနိုင်ခဲ့ခြင်းကြောင့် ကယားပြည်နယ် နှင့်ရှမ်းပြည်နယ်မှ လုပ်ငန်း (၂၅) ခု၊ စစ်ကိုင်းတိုင်းဒေသကြီးမှ လုပ်ငန်း (၂၂) ခု၊ ပဲခူးတိုင်းဒေသကြီးမှ လုပ်ငန်း (၁၆) ခု၊ ရန်ကုန်တိုင်းဒေသကြီးမှ လုပ်ငန်း (၃၀) ခု၊ MSMEs လုပ်ငန်း စုစုပေါင်း (၉၃) ခုတို့၏ ထုတ်ကုန်ပစ္စည်းများကို နာမည်ကျော်အဆင့်မြင့် အရောင်းဆိုင်ကြီးများတွင် ထပ်မံတင်ပို့ ရောင်းချခွင့်ရရှိသည်ကို တွေ့ရပါကြောင်း။

 

 

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တွေ့ရှိရသည့် ဒေသဆိုင်ရာ စီးပွားရေး အခွင့်အလမ်းများအနေဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် ရာဘာ၊ မင်းဂွတ်၊ ကြက်မောက်၊ ကျွဲကော၊ ဒူးရင်းနှင့် အုန်းသီး စသည့်အဓိက ထုတ်ကုန်များထွက်ရှိပြီး သတ္တုကဏ္ဍအနေဖြင့် ခဲ၊ ခဲမဖြူ၊ အဖြိုက်နက်၊ ကျောက်သင်ပုန်း စသည့်သယံဇာတများ ထွက်ရှိပါကြောင်း၊ ထို့ကြောင့် အဆိုပါထွက်ကုန်များကို ပြည်တွင်းတွင် သုံးစွဲနိုင်ရုံသာမက ပြည်ပသို့တင်ပို့နိုင်ရေးနှင့် တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မွန်ပြည်နယ်သည် ရှည်လျားသော ပင်လယ်ကမ်းရိုးတန်းနှင့် ထိစပ်နေသည့်အတွက် ငါး၊ ပုစွန်နှင့် အအေးခန်းလုပ်ငန်းများသည် အလွန်အရေးပါကြောင်း။

 

 

MSMEs လုပ်ငန်းများအနေဖြင့် အထူးဂရုပြုရမည့်အချက်မှာ အဆင့်မြင့်ထုတ်ကုန်ပစ္စည်း ထုတ်လုပ်ရေးနှင့် ထုတ်လုပ်မှုလုပ်ငန်းခွင် မြှင့်တင်ရေးတွင် လိုအပ်သည့်အထောက်အကူပစ္စည်း၊ စက်ကိရိယာများနှင့် ခေတ်မီနည်းပညာများကို အသုံးပြု၍ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

 

 

ဒေသတွင်း အလားအလာကောင်းသော စီးပွားရေးလုပ်ငန်းများနှင့် အကောင်အထည်ဖော်မည့် စီမံကိန်းများလုပ်ငန်းများအတွက် လိုအပ်သည့် သွင်းအားစုများကို ကြိုတင်ပြင်ဆင် ဖြည့်ဆည်းရန်နှင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေးအတွက် သင်တန်းများ ဖွင့်လှစ်ပေးရန် လိုအပ်ပါကြောင်း၊ ကရင်ပြည်နယ် ဘားအံမြို့တွင် စက်မှုဝန်ကြီးဌာနက ဦးစီးပြီး အခြေခံလျှပ်စစ် ကျွမ်းကျင်မှု ရွေ့လျားသင်တန်းဖွင့်ပြီး ကျွမ်းကျင်လုပ်သား ၈၀ ကို ရက်သတ္တ လေးပတ်ကြာ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ပါကြောင်း။

 

 

MSMEs လုပ်ငန်းများအတွက် လိုအပ်သည့်ငွေကြေး အရင်းအနှီးရရှိရန် မြန်မာနိုင်ငံအစိုးရ နှင့် ဂျပန်နိုင်ငံအစိုးရတို့ ချိတ်ဆက်ပြီး JICA Two Step Loan Phase II ကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့ကြောင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းတွင်ရှိသည့် MSMEs လုပ်ငန်းများအနေဖြင့် ချေးငွေရရှိရေးအတွက် လိုအပ်သည့် သတင်းအချက်အလက်များနှင့် ဆက်သွယ်ရမည့်ဘဏ်များကို ကြိုတင်သိရှိနိုင်ရန် JICA နှင့် စက်မှုဝန်ကြီးဌာနတို့ပူးပေါင်းပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာ (၁၈)ရက်တွင် မော်လမြိုင်မြို့၌ ချေးငွေဆိုင်ရာ Seminar ကို ကျင်းပပြုလုပ်ပေးခဲ့ပါကြောင်း။

 

 

ဒေသတွင်း MSMEs များအနေဖြင့် ပေးလာသည့်အခွင့်အရေးကို မိမိရရ ရယူနိုင်ရန်လိုပါကြောင်း၊ မိမိလုပ်ငန်း၏အားသာချက်ကို နည်းဗျူဟာများအသုံးပြုပြီး ဖော်ပြနိုင်သည့် အရည်အချင်းရှိရန် လိုအပ်သကဲ့သို့ စားသုံးသူကြိုက်နှစ်သက်မှုနှင့် လိုအပ်ချက်များအရ ဆွဲဆောင်နိုင်စွမ်းရှိသည့် ကုန်ပစ္စည်းများကို ဝန်ဆောင်မှုကောင်းများဖြင့်လည်း ပံ့ပိုးကြရမည်ဖြစ်ကြောင်း၊ ဈေးကွက်က တုံ့ပြန်လာသည့် သတင်းအချက်အလက်များ၊ အကြံပြုချက်များကိုလည်း လက်ခံကာ စဉ်ဆက်မပြတ် တိုးတက်ရန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် လုပ်ငန်းများဖြစ်အောင် ကြိုးပမ်းကြမှသာ ဈေးကွက်တွင် ရေရှည်ရပ်တည်နိုင်မည်ဖြစ်ပါကြောင်း။

 

 

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့၏ နောက်အားသာချက်တစ်ခုမှာ ထူးခြားသည့် တန်ခိုးကြီးဘုရား၊ စေတီ၊ ပုထိုးများ၊ သဘာဝတောတောင် အလှအပများ၊ ပင်လယ် ကမ်းခြေ၊ ရေတံခွန်စိမ့်စမ်းများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကလည်း ပြည်တွင်းပြည်ပ ခရီးသွားများကို ဆွဲဆောင်နိုင်ပါကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများနှင့်အတူ ဒေသတွင်း အစားအသောက်နှင့် ထုတ်ကုန်ပစ္စည်း၊ ဝန်ဆောင်မှု၊ သယ်ယူပို့ဆောင်ရေးကဏ္ဍများပါ ဖွံ့ဖြိုးလာမည်ဖြစ်ပါကြောင်း၊ ဒေသတွင်း MSMEs လုပ်ငန်းများ တိုးတက်အောင်မြင်မှသာ ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပေါများလာပြီး ပြည်ပတွင် သွားရောက်လုပ်ကိုင်နေသည့် Skill Labour များ ဒေသတွင်း ပြန်လည်လုပ်ကိုင်လာနိုင်သည့် ဝန်းကျင်ကိုလည်း တည်ဆောက်လာနိုင်မည်ဖြစ်ပါကြောင်း။

 

 

MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီး အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားလာရာမှတစ်ဆင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝတိုးတက် မြင့်မားလာမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးဈေးကွက် လိုအပ်ချက်များ၊ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ဖြည့်ဆည်းပေးနိုင်သော အောင်မြင်သည့် MSMEs လုပ်ငန်းများ ပိုမိုပေါ်ပေါက်လာစေရေး  ရည်မှန်းချက်ထားပြီး ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

 

 

ထို့နောက် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီဝင်များဖြစ်ကြသည့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံတို့က ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားကြသည်။

 

 

ယင်းနောက် အဋ္ဌမအကြိမ်မြောက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ၏ ဒေသတွင်းထုတ်ကုန်ပစ္စည်းများ (MSMEs Products) ပြပွဲနှင့် ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများက အလှူငွေများပေးအပ် လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်၊ ဒုတိယဝန်ကြီး ဦးအောင်ထူးတို့က လက်ခံကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

 

 

ထို့နောက် သမဝါယမဘဏ်လီမိတက်ဘဏ်မှ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအား ချေးငွေများပေးအပ်သည်။ 

 

 

ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်အဖွဲ့ဝင်များသည် မော်လမြိုင်မြို့ ကမ်းနားလမ်း၌ ကျင်းပသည့် အဋ္ဌမအကြိမ်မြောက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ၏ ဒေသတွင်း ထုတ်ကုန်ပစ္စည်းများ (MSMEs Products) ပြပွဲနှင့်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးသည်။

 

 

 

ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ မွန်ပြည်နယ်  ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ မွန်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်တို့က ပြပွဲနှင့်ပြိုင်ပွဲမုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 

 

ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် အဖွဲ့ဝင်များသည် အဋ္ဌမအကြိမ်မြောက် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများ၏ ဒေသတွင်းထုတ်ကုန် ပစ္စည်းပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။ 

 

 

ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် မော်လမြိုင်မြို့ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် (SMIDB) မော်လမြိုင်ဘဏ်ခွဲ၌ ကျင်းပသည့် SME Center ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

 

 

အခမ်းအနားတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ အသေးစားနှင့် အလတ်စားစက်မှု လုပ်ငန်းဖွံ့ဖြိုးရေးဘဏ် (SMIDB) အမှုဆောင်အရာရှိချုပ် ဒေါက်တာဇေယျာညွန့်တို့က SME Center ဆိုင်းဘုတ်ကို Global Ball နှိပ်၍ ဖွင့်လှစ်ပေးပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 

 

၎င်းနောက် အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်(SMIDB) အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

 

 

(သတင်းစဉ်)