ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နေပြည်တော်၌ ကျင်းပသည့် (၇၂) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက် နှုတ်ခွန်းဆက်အမှာစကား ပြောကြား

နေပြည်တော်  ၂၀   ဖေဖော်ဝါရီ

 

(၇၂) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ယနေ့ညနေ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ် မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်တော် ကြီး၌ ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် နှုတ်ခွန်းဆက်အမှာ စကား ပြောကြားသည်။

 

hh22

 

အခမ်းအနားသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြ သည့် ဒေါက်တာဖေမြင့်၊ ဦးသန့်စင်မောင်နှင့် ဦးအုန်းမောင်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ဦးတွာလ်ကျင်းပေါင်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများမှ အကြီးအကဲများ၊ ချင်းလူမှုရေးအသင်း (နေပြည်တော်)မှ တာဝန်ရှိသူများ၊ ချင်းတိုင်းရင်းသား တိုင်းရင်းသူများနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ဦးတွာန်ငင်းက ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံသမိုင်းကို ဖတ်ကြားသည်။

 

ထို့နောက်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထံမှ (၇၂) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ဦးတွာလ်ကျင်းပေါင်က ဖတ်ကြားသည်။

 

ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် အတိတ်သမိုင်းကြောင်းကို ပြန်ပြောင်းခြုံငုံ သုံးသပ်ကြည့်မည်ဆိုလျှင် ချင်းအမျိုးသားများ၏ သမိုင်းသည် လည်းကောင်း၊ ချင်းအမျိုးသားနေ့ ပေါ်ပေါက်လာပုံ သမိုင်းသည် လည်းကောင်း ဗြိတိသျှလက်အောက် ကျရောက်ခြင်းမှ အစပြုခဲ့သည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း။

 

၁၈၂၄ - ၁၈၂၆ ခုနှစ် အင်္ဂလိပ် - မြန်မာ ပထမစစ်ကတည်းကပင် ပလက်ဝနယ်နှင့် လူရှေတောင်တန်းပေါ်၌ ဖြစ်ပွားခဲ့သောတိုက်ပွဲမှ အစပြုကာ ဗြိတိသျှ လက်အောက် ကျရောက်ချိန်ထိ လည်းကောင်း၊ ဗြိတိသျှလက်အောက် ကျရောက်ပြီး သည့်နောက်ပိုင်း လွတ်လပ်ရေး ရရှိချိန်ထိ လည်းကောင်း ချင်းအမျိုးသားများသည် ကျရာနေရာ အသီးသီးမှ ရရာလက်နက်များဆွဲကိုင်ကာ အခြားတိုင်းရင်းသား ညီအစ်ကို များနှင့်အတူ အသက် သွေးချွေး၊ အိုးအိမ် စည်းစိမ် များစွာကို စတေးပြီး ကိုလိုနီ လက်အောက်ကနေ လွတ်မြောက်ရန် တော်လှန်တိုက်ခိုက် ခဲ့ကြခြင်းဖြစ်ပြီး လွတ်လပ် ရေးရပြီးသည့်နောက် လွတ်လပ်ရေး ထိန်းသိမ်းတိုက်ပွဲများတွင်လည်း ရွပ်ရွပ်ချွံချွံဖြင့် တိုင်းပြည်အတွက် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည်ကို သမိုင်းမှတ်တမ်းများ က သက်သေအဖြစ် ရှိနေပါကြောင်း။

 

ချင်းအမျိုးသားနေ့ဆိုသည်မှာ တိုက်သူကြီးများ (စော်ဘွားများ) အုပ်ချုပ်သည့် စနစ်မှ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲကျင့်သုံးရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းကို အခြေခံပြီး သတ်မှတ်ခဲ့သည့် နေ့တစ်နေ့ပင်ဖြစ်ပါကြောင်း၊  ထိုသို့ အုပ်ချုပ်မှုစနစ် တစ်ခုကနေ နောက်စနစ်တစ်ခုကို ပြောင်းခဲ့ခြင်းသည် လွယ်လွယ်ကူကူဖြင့် ဆောင်ရွက် နိုင်ခဲ့ကြခြင်း မဟုတ်ဘဲ ခက်ခဲသည့် သမိုင်းနောက်ခံများ ကြားကနေ ချင်းအမျိုးသား အများစု၏ ဘုံသဘောတူညီချက်ဖြင့် သတ်မှတ်ဆောင်ရွက်နိုင်ခဲ့ကြခြင်း ဖြစ်ပါကြောင်း၊ ချင်းအမျိုးသားနေ့သည် ချင်းအမျိုးသားများ၏ ဒီမိုကရေစီနေ့လည်း ဖြစ်သည့်အတွက် လည်း များစွာဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း။

 

ချင်းအမျိုးသားနေ့ သတ်မှတ်ပေါ်ပေါက် နိုင်ရန်အတွက် ချင်းအမျိုးသား ခေါင်းဆောင်ကြီးများ၏ ဦးဆောင်မှုအခန်းကဏ္ဍသည်လည်း များစွာပင် အရေးပါခဲ့သည် ကို သိရှိကြမည်ဖြစ်ပါကြောင်း၊ လွတ်လပ်ရေး မရမီကာလမှ လွတ်လပ်ရေးရရှိပြီး ချိန်ကာလအထိ မိမိတို့ ချင်းလူမျိုးများတွင် ခေါင်းဆောင်ကြီးများစွာ ရှိခဲ့သည့်အနက်  သမိုင်းမှတ်တမ်းများအရ လေးစားစံပြုထိုက်သည့် သမိုင်းဝင် အထင်ကရ ချင်း အမျိုးသားခေါင်းဆောင်ကြီးအချို့ကို ဖော်ပြလိုပါကြောင်း၊ ဗြိတိသျှနယ်ချဲ့တော်လှန် ရေးတွင် ဦးဆောင်ဆင်နွှဲခဲ့ကြသည့် ဗိုလ်ကြွန်ဘိခ်နှင့် ဗိုလ်ခိုင်ကမ်း၊ ပင်လုံစာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးခဲ့ကြသည့် ချင်းအမျိုးသား ကိုယ်စားလှယ်များ ဖြစ်သော ဦးလှူရ်မှုန်၊ ဦးထောင်ဇာခုပ်နှင့် ဦးကီယိုမန်း၊ ရန်ကုန်မြို့ ကန်တော်ကြီးစောင်းရှိ နေသူရိန်ညီလာခံ၌ တောင်တန်းသားများကိုယ်စား မြန်မာနိုင်ငံ လွတ်လပ်ရေး အဆိုကို တင်သွင်းခဲ့သည့်အပြင် ရွှေတိဂုံအလယ်ပစ္စယံ၌ကျင်းပသော ပြည်လုံးကျွတ် (ဖဆပလ) ညီလာခံကြီးတွင် အဖွဲ့ချုပ်ကိုယ်စား တောင်တန်းပြည်မ လွတ်လပ်ရေး တစ်ချိန်တည်း ပေးရန် တောင်းဆိုခဲ့ပြီး လွတ်လပ်ရေးတိုက်ပွဲများတွင် ရှေ့တန်းမှပါဝင်ခဲ့သော သတိုးမဟာသရေစည်သူ၊ လွတ်လပ်ရေးမော်ကွန်းဝင်(ပထမအဆင့်) ဦးဝမ္မသူးမောင်နှင့် နိုင်ငံ့ တာဝန်များကို သက်စွန့်ဆံဖျား ရွပ်ရွပ်ချွံချွံ ထမ်းဆောင်ခဲ့သဖြင့် နိုင်ငံတော်၏ အမြင့်ဆုံး စွမ်းရည်ဘွဲ့ဖြစ်သည့် အောင်ဆန်းသူရိယဘွဲ့ကို ချီးမြှင့်ခြင်းခံရသော ဗိုလ်ကြီး သူရ အောင်ဆန်းသူရိယ တိုက်ချွန်းတို့သည် ယနေ့တိုင် ချင်းအမျိုးသားအားလုံး၏ နှလုံးသား တွင် ကမ္ဗည်းမှတ်တမ်းတင်နိုင်ခဲ့ကြပါကြောင်း။

 

ထို့ပြင် နိုင်ငံတော်၏ ဦးဆောင်မှုအခန်းကဏ္ဍ အသီးသီးတွင် တာဝန်ကို ကျေကျေ ပွန်ပွန်ထမ်းဆောင်ခဲ့ကြသည့်အတွက် နိုင်ငံတော်အစိုးရက ချီးမြှင့်အပ်နှင်းခြင်းခံရ သည့် မဟာသရေစည်သူဘွဲ့၊ စည်သူဘွဲ့၊ သီရိပျံချီဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့တို့နှင့် တပ်မတော် စွမ်းဆောင်ရည်ဘွဲ့များဖြစ်သည့် သီဟသူရဘွဲ့၊ သူရဘွဲ့ ရရှိခဲ့ကြသူများ လည်း အမြောက်အများပင် ရှိခဲ့သည့်အတွက် ချင်းအမျိုးသားများအတွက် ဂုဏ်ယူ ဝမ်းမြောက်ဖွယ်၊ အားကျဖွယ်ဖြစ်ရပါကြောင်း၊ ထို့ကြောင့် နောင်အနာဂတ်တွင် မိမိတို့ ချင်းအမျိုးသားများထဲကနေ ချင်းပြည်နယ်နှင့် ချင်းအမျိုးသားများကို ဦးဆောင်မှုပေး နိုင်မည့် ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာရန်နှင့် အမိမြန်မာနိုင်ငံတော်အတွက် သားကောင်းရတနာများ ပေါ်ထွန်းလာရန်အတွက် ချင်းအမျိုးသား အားလုံးက သတိ တရားနှင့် ကြိုးပမ်းဆောင်ရွက်ကြရန်လည်း တိုက်တွန်းလိုပါကြောင်း။

 

ချင်းအမျိုးသားများ၏ နယ်ချဲ့တော်လှန်ရေးသမိုင်းစဉ်ကို ပြန်လည်သုံးသပ်ပါက လည်း ဦးဝမ္မသူးမောင် ကဲ့သို့သော ခေတ်ပညာ အခြေခံရှိသော လူငယ်များ ဦးဆောင် လာသည့်နောက်ပိုင်းတွင် အရေးပါအရာရောက်သော တော်လှန်ရေးအဖြစ် ပီပြင်လာ ကြောင်း တွေ့ရှိရပါကြောင်း၊ နယ်ချဲ့အုပ်ချုပ်မှု အတန်ကြာလာသည်နှင့်အမျှ ခေတ်ပညာ အတော်အသင့်ရှိသော လူငယ်အချို့သည်လည်း ဗြိတိသျှအစိုးရ အမှုထမ်းများ ဖြစ်လာကြပါကြောင်း၊ ဗြိတိသျှစစ်တပ်သည် အနယ်နယ်အရပ်ရပ်မှ ချင်းအမျိုးသား ညီအစ်ကိုများ၏ ဆုံဆည်းရပ်သဖွယ် ဖြစ်လာပါကြောင်း၊ ခေတ်ပညာတတ်ရေးသည် အဓိက လိုအပ်ချက်ဖြစ်ကြောင်း သိရှိလာကြသဖြင့် မကြာခဏညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြ ကြောင်းကိုလည်း လေ့လာသိရှိရသည့်အတွက် ယနေ့ မိမိတို့ ချင်းလူမျိုးများအတွက် ပညာရေးကဏ္ဍဖွံ့ဖြိုးရေးသည် အင်မတန်အရေးကြီးကြောင်းကို သင်ခန်းစာ ရယူစေလို ပါကြောင်း။

 

နိဂုံးချုပ်အနေဖြင့် ချင်းအမျိုးသားနေ့အခမ်းအနားများ ကျင်းပပြုလုပ်ခွင့်ပေးပြီး ရန်ပုံငွေများ ထောက်ပံ့ပေးရုံသာမက ချင်းပြည်နယ်တွင်ဖြစ်စေ၊ အနယ်နယ်အရပ်ရပ်တွင်ဖြစ်စေ ကိုယ်တိုင်တက်ရောက် ချီးမြှင့်ပေးကြပါသော နိုင်ငံတော် အကြီးအကဲများ ကိုလည်း ချင်းအမျိုးသားထုကိုယ်စား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ ချင်းလူမှုရေး အသင်း၊ နေပြည်တော်အနေဖြင့်လည်း ချင်းအမျိုးသားနေ့ အခမ်းအနားကို မြန်မာနိုင်ငံ ၏မြို့တော် နေပြည်တော်တွင် နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဦးဆောင် ပေးကြသည့်အတွက် များစွာပင် ကျေးဇူးအထူးတင်ရှိပါကြောင်း။

 

နိုင်ငံတော်သမ္မတကြီးက ပေးပို့သည့် သဝဏ်လွှာတွင်ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရာတွင်  အခက်အခဲများနှင့် စိန်ခေါ်မှုများ ကြုံတွေ့ရသော် လည်း နိုင်ငံတော်အစိုးရနှင့်အတူ ချင်းတိုင်းရင်းသားများအပါအဝင် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး၏ စုစည်းညီညွတ်မှု အင်အားဖြင့် ကျော်လွှားနိုင်မည်ဟု အခိုင်အမာ ယုံကြည်ထားပါသည်ဟု ဖော်ပြထားသည့်အတိုင်း နိုင်ငံတော်အစိုးရ၏ ယုံကြည်ချက်များအတိုင်း မိမိအပါအဝင် ချင်းအမျိုးသားအားလုံးကလည်း အခြားတိုင်းရင်းသား မိဘညီအစ်ကို မောင်နှမများနှင့်အတူ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် အတူတကွ လက်တွဲကြိုးပမ်း ဆောင်ရွက်ကြပါစို့ဟု သန္နိဋ္ဌာန်ပြုပါကြောင်း ပြောကြားသည်။

 

ယင်းနောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနက ထောက်ပံ့သည့် ထောက်ပံ့ငွေကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက ချင်းလူမှုရေးအသင်း (နေပြည်တော်)ဥက္ကဋ္ဌ ဦးဝင်းစိုးဦးထံ ပေးအပ်သည်။

 

ထို့နောက် ချင်းတိုင်းရင်းသားတိုင်းရင်းသူ တေးသံရှင်များက ချင်းပြည်နယ် အကြောင်း ရေးဖွဲ့ထားသည့် ကျေးလက်တောတန်း၊ Cung Van Sang တောင်ဇလပ် အိမ်ပြန်ချိန်၊ Dawtnak Le Deihnak ချင်းပြည်အလှ စသည့်တေးသီချင်းများဖြင့် လည်းကောင်း၊ ချင်းတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များက ဝါးညှပ်အက၊ ကြယ်အက စသည့် ချင်းရိုးရာအကများဖြင့် လည်းကောင်း ကပြသီဆိုဖျော်ဖြေတင်ဆက်ကြသည်။

 

hh4w

 

ယင်းနောက် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသည့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၊ ချင်းလူမှုရေးအသင်း (နေပြည်တော်)မှ တာဝန်ရှိသူများ၊ ချင်းတိုင်းရင်းသား တိုင်းရင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

 

herthr

 

ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသူများသည်ချင်းတောင်တန်းမှ ကြိုဆိုလျက်တေးသီချင်းကို အတူတကွ သီဆိုပြီး စုပေါင်းဝိုင်းဖွဲ့ကကြကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

သတင်းစဉ်