ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ ပဉ္စမအကြိမ်အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်  ၂၂  ဇန်နဝါရီ

မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ၏ ပဉ္စမအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုရတနာအစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှုဗဟို ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် သူရဦးအောင်ကိုနှင့် နိုင်သက်လွင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးတင်မြင့်၊ ဦးအောင်လှထွန်းနှင့် ဦးကြည်မင်း၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဗဟိုကော်မတီဝင် ပညာရှင်များနှင့် အသင်းအဖွဲ့ကိုယ်စားလှယ်များက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။

 

a34542

 

အစည်းအဝေးတွင် ဒုတိယသမ္မတက ၂၀၁၆ ခုနှစ် ဩဂုတ် ၂၄ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသော ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရာတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် ပုဂံဒေသရှိ ငလျင်ဒဏ်ခံဘုရားစေတီ (၃၈၉) ဆူမှ အနည်းငယ်သာ ထိခိုက်ပျက်စီးသည့် ဘုရား၊ ပုထိုး (၂၂၄)ဆူနှင့် ထိခိုက်ပျက်စီးမှုများ အထိုက်အလျောက်ရှိခဲ့သည့်အတွက် ရှေးမူမပျက် ပြန်လည် ပြုပြင်ထိန်းသိမ်းပြီးဖြစ်သော (၁၆၄) ဆူ၊ စုစုပေါင်း (၃၈၈) ဆူကို ထိန်းသိမ်းမှုများ ဆောင်ရွက် ပြီးဖြစ်ပါကြောင်း၊ ပြုပြင်ထိန်းသိမ်းရန် ကျန်ရှိသည့် ဘုရားအမှတ် (၁၅၉၇) သဗ္ဗညုဘုရားကို မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံယဉ်ကျေးမှုအမွေအနှစ်များ စီမံခန့်ခွဲရေး ဌာနတို့အကြားငလျင်အလွန် ပုဂံဒေသရှိ သမိုင်းဝင်အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနားလည်မှု စာချွန်လွှာအရ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေကြောင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံဘက်က ထိန်းသိမ်းရေးလုပ်ငန်းများ စတင်ဆောင် ရွက်နိုင်ခြင်းမရှိသေးသည်ကို သိရပါကြောင်း။

မြန်မာနိုင်ငံရှိ ဒြပ်ရှိဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို နိုင်ငံသားအားလုံးက ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရှိဒြပ်ရှိယဉ်ကျေးမှု အမွေအနှစ် များမှ ပျူမြို့ဟောင်း()မြို့ဖြစ်သည့် ဟန်လင်း၊ သရေခေတ္တရာ၊ ဗိဿနိုးနှင့် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသများသည် ကမ္ဘာ့အမွေအနှစ်စာရင်းအဖြစ် သတ်မှတ်ခံခဲ့ရပြီးဖြစ်ပါကြောင်း၊ ဆက်လက်၍ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကိုလည်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်ရေးအတွက် ပြည်တွင်း၊ ပြည်ပ ပညာရှင်များနှင့် ကော်မတီများဖွဲ့စည်းပြီး အဆိုပြုစာတွဲ Nomination Dossier (Draft) ကို ပြုစုပေးပို့ခဲ့ပြီးဖြစ်ပါကြောင်း၊ ကမ္ဘာ့အမွေအနှစ်ကော်မတီကို Nomination Dossier (Complete)တင်ပြနိုင်ရေးအတွက် လိုအပ်သည်များကို ကဏ္ဍအသီးသီးက ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း။

မြန်မာနိုင်ငံ၏ ထောင်ပေါင်းများစွာသော ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များမှ မြန်မာ့ သနပ်ခါးယဉ်ကျေးမှုဓလေ့ကို UNESCO လူ့ယဉ်ကျေးမှုကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် မြန်မာနိုင်ငံ၏ ပထမဆုံးဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် မှတ်ပုံတင်ခွင့် ရရှိရေးအတွက် သတ်မှတ်ရက်အတွင်း အဆိုပြုစာတွဲ Nomination  File အပြည့်အစုံကို ပေးပို့ခဲ့ပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များက စာရင်းကောက်မှတ်တမ်းတင် ထားသော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် (၂၂၈၉) ခုကိုလည်း မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များ မှတ်ပုံတင်စာရင်းတွင် ပထမအကြိမ် မှတ်ပုံတင်ခြင်းအဖြစ် သတ်မှတ်ရေးသွင်းထားပြီး ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနှံ့အပြားရှိ ဒြပ်ရှိ၊ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်များကို ရှာဖွေဖော်ထုတ်၊ ထိန်းသိမ်းကာကွယ်၊ သုတေသနပြုပြီး ကမ္ဘာ့အမွေအနှစ် စာရင်းများအဖြစ် သတ်မှတ်နိုင်ရန် ဆက်လက်ကြိုးစားဆောင်ရွက်သွားရ မည်ဖြစ်ပါ ကြောင်း။

မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရာတွင် လိုအပ်သည့် ဥပဒေ၊နည်းဥပဒေများကိုလည်း ရေးဆွဲထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ အများပြည်သူ အသိပညာ၊ ဗဟုသုတပွားများစေရန် အကြောင်းအရာစုံ၊ ကဏ္ဍစုံပြသနိုင်မည့် ပုဂ္ဂလိက ပြတိုက်များ စနစ်တကျပေါ်ထွက်လာစေရန်နှင့် မြန်မာ့ရှေးဟောင်းဝတ္ထုပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်သည့် မြန်မာနိုင်ငံပြတိုက်များ ဥပဒေကိုလည်း ရေးဆွဲပြီး ဖြစ်ပါကြောင်း၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို သုတေသနပြု ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်ရေးအတွက် ဥပဒေမူကြမ်းတစ်ရပ်ကို ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းရေးဆွဲနေသည်ကိုလည်း သိရပါကြောင်း၊ မြန်မာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက် ရာတွင် အရေးပါသည့် ယင်းဥပဒေကိုလည်း အမြန်ဆုံးထုတ်ပြန်နိုင်အောင် ဆက်လက်ဝိုင်းဝန်း ပြုစုပေးကြရန် တိုက်တွန်းပါကြောင်း၊ ယင်းဥပဒေများကို ပြဋ္ဌာန်းခြင်းအားဖြင့် ယဉ်ကျေးမှု အမွေအနှစ်များကို ဥပဒေနှင့်အညီ ပိုမိုထိန်းသိမ်းစောင့်ရှောက်လာနိုင်ပြီး ပြည်သူများ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုလည်း ဟန်ချက်ညီဖော်ဆောင်လာနိုင်မည် ဖြစ်ပါကြောင်း။

 

a4547553

 

အခုအခါ ကမ္ဘာ့နေရာအသီးသီးတွင် ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ကပ်ရောဂါသည် မြန်မာနိုင်ငံ၌လည်း ၂၀၂၀ ပြည့်နှစ် မတ်လတွင် စတင်ဖြစ်ပေါ်နေသည့်အတွက် ယဉ်ကျေးမှု အမွေအနှစ်ဒေသများ၊ ရှေးဟောင်းနေရာများ၊ ဘုရားပုထိုးများ၊ ပြတိုက်များကို ပြည်သူလူထုများ ကြည့်ရှုလေ့လာ ဖူးမြော်ခွင့်ပိတ်ထားခဲ့ရပါကြောင်း၊ အများပြည်သူ ပြန်လည် ဖူးမြော်ခွင့်ပြုသည့်အခါ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ကြည့်ရှုလေ့လာနိုင်ရန် ကိုဗစ်-၁၉ကပ်ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း ဘုရားပုထိုးစေတီများကို ပြည်သူများ ပြန်လည်ဖူးမြော်ခွင့်ပြုနိုင်ရေး အတွက် လိုအပ်သည့် လုပ်ငန်းလမ်းညွှန်များကိုလည်း ရေးဆွဲပြီးဖြစ်ပါကြောင်း။

ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများ၊ ဆက်လက် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းရေးနှင့် သုတေသနပြုရေးကိစ္စရပ်များအတွက် တက်ရောက်လာကြသော ကော်မတီဝင်များက ကဏ္ဍ အသီးသီးမှ ပိုမိုတိုးတက်အောင် ဆွေးနွေးပေးကြရန်တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ရှာဖွေ ဖော်ထုတ်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး၊ မြန်မာ့ယဉ်ကျေမှု အမွေအနှစ်များဖော်ထုတ် ထိန်းသိမ်းတိုးတက်ပြန့်ပွားအောင် ဆောင်ရွက်ရေး၊ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရေး၊ နိုင်ငံနှင့်ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများကို ကိုယ်စားပြုသည့် ပြတိုက်များဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာနိုင်ငံပြတိုက်များဥပဒေ အတည်ပြုပြဋ္ဌာန်း နိုင်ရေး တို့ကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံက မြန်မာ နိုင်ငံအမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီ၏ စတုတ္ထအကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ် ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲလုပ်ငန်း အခြေအနေများကို ရှင်းလင်း တင်ပြသည်။

ထို့နောက် ဗဟိုကော်မတီတွဲဖက်အတွင်းရေးမှူး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ငလျင်ဒဏ်ခံ ရှေးဟောင်းအဆောက်အအုံများ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှုအခြေအနေ၊ နိုင်ငံတကာအထိမ်းအမှတ်နှင့် နေရာဒေသများကောင်စီ၏ “Nomination of the Bagan” အစီရင်ခံစာပါ အကြံပြုချက်များအား ဆောင်ရွက်ပြီးစီးမှု၊ မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်ရေးဆောင်ရွက်နေမှု၊ ကမ္ဘာ့အမွေအနှစ် ပျူရှေးမြို့ဟောင်းများ ထိန်းသိမ်းမှုအခြေအနေ အစီရင်ခံစာ ၂၀၁၉(C1444)ကို ကမ္ဘာ့အမွေ အနှစ်ဗဟိုဌာနသို့ အစီရင်ခံပြီးစီးခဲ့သည့်ကိစ္စရပ်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြ တိုက် ဦးစီးဌာနက စောင့်ရှောက်ထိန်းသိမ်းပြုပြင်သော ရှေးဟောင်းအဆောက်အဦများ စာရင်း အတည်ပြုထုတ်ပြန်ရန်ကိစ္စရပ်၊ ကိုလိုနီခေတ် အဆောက်အအုံများစာရင်း အတည်ပြုပေးရန် ကိစ္စရပ်၊ ဆုကြေးငွေများချီးမြှင့်၍ စုဆောင်းခဲ့သော ရှေးဟောင်းဝတ္ထုပစ္စည်းစာရင်းကို မှတ်တမ်းတင် ပေးရန်ကိစ္စရပ်၊ အမျိုးသားပြတိုက် (နေပြည်တော်၊ ရန်ကုန်)နှင့် ဦးစီးဌာနသို့ ပြည်သူများ လာရောက်လှူဒါန်းသည့် ပစ္စည်းများလက်ခံရရှိမှုနှင့် တိုက်ပိုင်စာရင်းရေးသွင်းမှုကို မှတ်တမ်းတင်ပေးနိုင်ရေးကိစ္စရပ်၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေ၊ မြန်မာနိုင်ငံပြတိုက်များဥပဒေ(မူကြမ်း) ကိစ္စရပ်၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးဥပဒေ(မူကြမ်း)ကိစ္စရပ်၊ မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် အင်းဝဒေသကို Archaeological Park အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်မည့်အခြေအနေနှင့် ကမ္ဘောဇရိပ်သာ (ချင်းချောင်း နန်းတော်)ကို Art Center အဖြစ် ဆောင်ရွက်ထားရှိမှု အခြေ အနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရှင်များနှင့် အသင်းအဖွဲ့ ကိုယ်စားလှယ်များက မြန်မာနိုင်ငံ၏ ဒြပ်ရှိဒြပ်မဲ့ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များနှင့် ရိုးရာဓလေ့ထုံးတမ်းစဉ်လာများ ရှာဖွေဖော်ထုတ် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေး ဆိုင်ရာများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ထို့နောက် မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က ရှင်းလင်းဆွေးနွေး တင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ဆွေးနွေးတင်ပြချက်များသည် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းများတွင် အထောက်အကူပြုစေမည့် ဆွေးနွေးချက်များဖြစ်ပါကြောင်း၊ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ကာကွယ်ထိန်း သိမ်းရေးလုပ်ငန်းဆောင်ရွက်ရာတွင် သက်ဆိုင်ရာ၀န်ကြီးဌာနများ၊ ပြည်တွင်း၊ ပြည်ပပညာရှင် များ၊ UNESCO အဖွဲ့၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွား ကြရမည် ဖြစ်ပါကြောင်း။

အကြံပြုဆွေးနွေးချက်များနှင့် လိုအပ်ချက်များကို ကဏ္ဍအသီးသီးအလိုက် ဆက်လက် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းအောင်မြင်မှုများကို အသိအမှတ်ပြုပါကြောင်း၊ ဆောင်ရွက်ဆဲလုပ်ငန်းများ၊ ထပ်မံ ဆောင်ရွက်မည့် လုပ်ငန်းများကို တိုင်းပြည်နှင့်လူမျိုးအတွက်  တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်း ဆောင် ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

သတင်းစဉ်