ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (၂၀၂၀) အထိမ်းအမှတ် Tourism and Rural Development ဆိုင်ရာဆွေးနွေးပွဲသို့ Video Conferencing စနစ်ဖြင့် အမှာစကားပြောကြား

နေပြည်တော် ၂၅ စက်တင်ဘာ

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (၂၀၂၀) အထိမ်းအမှတ် Tourism and Rural Development ဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသား ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက Video Conferencing စနစ်ဖြင့် အမှာစကားပြောကြားသည်။

 

‌a1

 

ဆွေးနွေးပွဲသို့ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊  ဒုတိယဝန်ကြီး ဦးတင်လတ်၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်၊ လူဇင်ဘတ်ဖွံ့ဖြိုးရေးအဖွဲ့အစည်း၏ Expert Team မှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ညီနောင်အသင်း (၁၁)သင်း ကိုယ်စားလှယ်များ၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲတာဝန်ခံများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ - ၂၀၂၀ အထိမ်းအမှတ် ဂုဏ်ပြုအမှာစကား Video Message ကို ပြသသည်။

(နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ Video Message ကို သီးခြားဖော်ပြထားပါသည်။)

ထို့နောက် ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အမှာစကား ပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၇ ရက်၌ ကျရောက်မည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ကို ကြိုဆိုဂုဏ်ပြုသော ယနေ့ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲတွင် အမှာစကား ပြောကြားခွင့်ရသည့်အတွက် များစွာဝမ်းမြောက် ဂုဏ်ယူရပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်သို့ ပြန်လည်ဝင်ရောက်ခဲ့သည့် ၂၀၁၂ ခုနှစ်ကစ၍   ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် အခမ်းအနားအဖြစ် ခရီးစဉ်ဒေသ ဓါတ်ပုံပြိုင်ပွဲများ၊ စာစီစာကုံးနှင့် ကျပန်းစကားပြော ပြိုင်ပွဲများပြုလုပ်ခြင်း၊ စွမ်းဆောင်မှုအကောင်းဆုံး ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များအား ရွေးချယ်ဂုဏ်ပြုဆု ချီးမြှင့်ခြင်း စသည်တို့ကို နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ ယခုနှစ်တွင်  COVID-19 ကပ်ရောဂါ ကမ္ဘာနှင့်အဝန်း ကြုံတွေ့နေရသည့်အတွက် ယခုကျင်းပပြုလုပ်သည့် (၉)ကြိမ်မြောက် အခမ်းအနားကို ယခင်နှစ်များနှင့်မတူညီသော ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ကို ကြိုဆိုဂုဏ်ပြုသည့် online ဆွေးနွေးပွဲအဖြစ် ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါကြောင်း။

COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ရန် ပြည်ဝင်ခွင့် ရပ်ဆိုင်းခြင်း လေကြောင်းလိုင်းများရပ်ဆိုင်းခြင်း၊ ခရီးသွားလာခွင့်ထိန်းချုပ်ခြင်း စသည်တို့ကို လုပ်ဆောင်ခဲ့သည့်အတွက် နိုင်ငံတကာခရီးသွားလုပ်ငန်းသည် လုံးဝရပ်ဆိုင်းသွားခဲ့ပြီး နောင်နှစ်တွင် ပြန်လည်စတင်နိုင်မည်ဟု ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ကျွမ်းကျင်သူများက မှန်းဆထားပါကြောင်း၊  နိုင်ငံတကာ ခရီးသွားလုပ်ငန်း ပြန်လည်နလံထူရေးသည် အနည်းဆုံး ၂ နှစ်မှ ၈ နှစ်ခန့်အထိ ကြာမြင့်နိုင်သည်ဟူသည့် မှန်းဆချက်များကိုလည်း ကြားသိရပါကြောင်း၊ COVID-19 ကပ်ရောဂါကြောင့် ခရီးသွားများ၏ ရွေးချယ်မှုသည် ယခင်နှင့်မတူ ပြောင်းလဲသွားပြီး လူများပြည့်ကျပ်သည့် မြို့ပြဘဝခရီးသွားထက် physical distancing ဖြင့် နေထိုင်သွားလာခြင်းများ၊ nature tourism, ethnic tourism နှင့် environmental tourism ကဲ့သို့သော ခရီးသွားလာခြင်းများကို ပိုမိုလိုလားလာကြလိမ့်မည်ဟုလည်း ခန့်မှန်းကြပါကြောင်း၊ ထိုသို့သော အနေအထားတွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က ပေါ်ထွက်လာမည့် ခရီးသွားလာရေးပုံစံသစ်နှင့် လိုက်လျောညီထွေရှိသည့်  Tourism and Rural Development ကို ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ ဆောင်ပုဒ်အဖြစ် သတ်မှတ်ပေးခဲ့ပါကြောင်း။

မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့်  တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာဓလေ့ယဉ်ကျေးမှုများကို ဖော်ထုတ်ပေးရန်၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် စသည့် ရည်ရွယ်ချက်များဖြင့် ၂၀၁၆ ခုနှစ်ကစတင်၍ စံသတ်မှတ်ချက်များ ပြဋ္ဌာန်းကာ ခရီးစဉ်ဒေသအသီးသီးတွင် အရှိန်အဟုန်ဖြင့် ဖော်ဆောင်နေကြသည့် ဒေသခံပြည်သူလူထုကို တိုက်ရိုက်အကျိုးဖြစ်ထွန်းစေမည့် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း Community Based Tourism သည် ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ ဆောင်ပုဒ်နှင့် အပြည့်အဝကိုက်ညီနေသည်ကို တွေ့ရပါကြောင်း။

တိုင်းရင်းသားလူမျိုး (၁၀၀)ကျော် မှီတင်းနေထိုင်သည့် မြန်မာနိုင်ငံတွင် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ မတူကွဲပြားသည့် ယဉ်ကျေးမှုဓလေ့စရိုက် လက္ခဏာများနှင့် တောတောင်ရေမြေ အလှအပများကြောင့် ခရီးသွားလုပ်ငန်း ဆောင်ရွက်ရန် အရင်းအမြစ်ကောင်းများ အဆင်သင့်ရှိပြီးဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာလျှင် ခရီးစဉ်ဒေသများရှိ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများကို တိုးတက်ဖွံ့ဖြိုးလာစေသည့်အတွက် အဆိုပါ အရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲပြီး မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ပြန်လည်အရှိန်အဟုန် ရရှိလာအောင် ထိထိရောက်ရောက် အသုံးပြုနိုင်ရန် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

ထိုသို့ဆောင်ရွက်ရာတွင် connectivity နှင့် infrastructure သည် အရေးပါသည့် ကဏ္ဍက ပါဝင်နေပါကြောင်း၊ မြန်မာနိုင်ငံ၏ အဓိကခရီးစဉ်ဒေသများဖြစ်ကြသည့် ရန်ကုန်၊ ပုဂံ၊ မန္တလေးနှင့် အင်းလေးဒေသများအပြင် အခြားအလားအလာရှိသည့် ခရီးစဉ်ဒေသ အသစ်များနှင့် ခရီးသွားထုတ်ကုန်အသစ်များကို ခရီးသွားများ သိရှိလာအောင် လုပ်ဆောင်ပေးရန် ယခုခေတ်ကာလတွင် online မှ digital နည်းလမ်းဖြင့် လုပ်ဆောင်ကြရမည် ဖြစ်ပါကြောင်း၊ တိုင်းရင်းသားပြည်သူ အများစုလုပ်ကိုင်နေသည့် ခရီးသွားလာရေးကဏ္ဍများမှ အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME)များ ပိုမိုပြိုင်ဆိုင် နိုင်စွမ်းရှိလာရန် e-commerce နည်းလမ်းဖြင့် လုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း၊ ထိုသို့ လုပ်ဆောင်နိုင်ရန် digital infrastructure ကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်ပေးကြရမည်ဖြစ်သကဲ့သို့ အခြေခံအဆောက်အအုံ infrastructure များဖြစ်ကြသည့် လမ်းများ၊ တံတားများ၊ လေဆိပ်များ၊ လျှပ်စစ်မီးနှင့်  သောက်သုံးရေ ရရှိရေးမှအစပြု၍ သန့်ရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် သန့်စင်ခန်းများအဆုံး ပြည့်စုံနေရန် လိုအပ်ပါကြောင်း။

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းမှာရှိ တောင်ပေါ်ဒေသတစ်ခုဖြစ်သည့် ချင်းပြည်နယ်သည် တောတောင်ရေမြေ သဘာဝအလှတရားများနှင့် ပြည့်စုံရုံသာမက တောင်ပေါ် တိုင်းရင်းသားများ၏ တမူထူးခြားသည့် ယဉ်ကျေးမှုဓလေ့ထုံးစံများနှင့် နေထိုင်မှုဘဝပုံစံများသည် အင်မတန်အဖိုးတန်လှသည့် ခရီးသွားလုပ်ငန်းအရင်းအမြစ်များ ဖြစ်ပါကြောင်း၊ သို့သော် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်အတွက် ချင်းပြည်နယ်၏ ခရီးသွားလုပ်ငန်းသည် ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးခဲ့ပါကြောင်း၊ ယခုအခါ ချင်းပြည်နယ်၏ ပထမဆုံး လေယာဉ်ကွင်းဖြစ်သည့် ဆူရ်ဘုန်လေယာဉ်ကွင်းကို ဖလမ်းမြို့တွင် မကြာမီ ဖွင့်လှစ်နိုင်တော့မည်ဖြစ်ပြီး လိုင်လင်းပီဒေသတွင် ဆောက်လုပ်နေဆဲ လေယာဉ်ကွင်းကဲ့သို့ လေယာဉ်ကွင်းငယ်များကို ဆောက်လုပ်သွားရန်ရှိသည့်အတွက် ချင်းပြည်နယ်သည် မြန်မာနိုင်ငံ၏ အရေးပါသည့် ခရီးစဉ်ဒေသတစ်ခုအဖြစ် တွေ့မြင်ကြရတော့မည်ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်း၏ အသီးအပွင့်များကို ဒေသခံပြည်သူများ ရရှိခံစားနိုင်ကြရတော့မည် ဖြစ်ပါကြောင်း။

မိမိတို့အစိုးရလက်ထက်တွင် ပြည်ထောင်စုအစိုးရရန်ပုံငွေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရရန်ပုံငွေများဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ချင်းဆက်လမ်းများကို အဆင့်မှီ တိုးချဲ့ဖောက်လုပ်ပေးခဲ့ရာ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့လာသည့်အတွက် ကယားပြည်နယ်နှင့် ကရင်ပြည်နယ်သို့ သွားရောက်ခဲ့သည့် ပြည်တွင်းခရီးသွားများ အဆပေါင်းများစွာ တိုးတက်လာခဲ့ပါကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာ ပေါ်ထွက်လာပြီး ခရီးစဉ်ဒေသတစ်လျှောက်ရှိ ဒေသခံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝများ တိုးတက်လာခြင်းများကို connectivity နှင့် infrastructure သာဓကကောင်းများအဖြစ် မှတ်သားမိပါကြောင်း၊ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တောင်ပိုင်းကို ဆက်သွယ်ပေးမည့် ကမ်းရိုးတန်း အဝေးပြေးလမ်းမကြီးကို ဆက်လက်ဖော်ဆောင်မည်ဖြစ်ရာ လမ်းမကြီးတစ်လျှောက်ရှိ ဒေသခံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံဖြိုးတိုးတက်ရေးကို ခရီးသွားလာရေးလုပ်ငန်းနှင့် ဆက်စပ်ဖော် ဆောင်သွားနိုင်မည် ဖြစ်ပါကြောင်း။

ယခုကြုံတွေ့နေရသည့် COVID-19 ကပ်ဘေးကာလအလွန်၌ ခရီးသွားများသည် ကျေးလက်ဒေသနှင့် သဘာဝအလှအပများကို ရရှိခံစားနိုင်သည့် သဘာဝအခြေခံ ခရီးစဉ်ဒေသများကို ပိုမိုစိတ်ဝင်စားလာနိုင်သည့် အလားအလာရှိသည့်အတွက် အဆိုပါအခွင့်အလမ်းကိုအသုံးချပြီး ယခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ ဆောင်ပုဒ်ဖြစ်သည့် "Tourism and Rural Development" ဟူသည့် ခေါင်းစဉ်နှင့်အညီ မြန်မာနိုင်ငံအနေဖြင့်လည်း ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ သဘာဝနှင့်ပိုမိုနီးစပ်သော ခရီးစဉ်ဒေသအသစ်များကို စနစ်တကျ ဖော်ထုတ်ခြင်းဖြင့် ခရီးသွားလုပ်ငန်းမှတစ်ဆင့် ဒေသဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရန်နှင့် COVID-19 ကပ်ရောဂါကာလအလွန် နိုင်ငံတကာခရီးသွားလုပ်ငန်းများ ပြန်လည်စတင် ဆောင်ရွက်နိုင်ရေးအတွက် အဆင်သင့်ဖြစ်စေရန် နိုင်ငံတကာတွင် ဆောင်ရွက်နေသည့် COVID-19 ထိန်းသိမ်းကာကွယ်ရေး သတ်မှတ်ချက်များနှင့်အညီ စနစ်တကျပြင်ဆင် ဆောင်ရွက်ထားကြရန်  အမျိုးသားခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်ရေး ဗဟိုကော်မတီက ဦးဆောင် ဦးရွက်ပြုသွားမည် ဖြစ်ပါကြောင်း၊  ခရီးစဉ်ဒေသများ ဘေးကင်းလုံခြုံရေးနှင့် ဖွံဖြိုးတိုးတက်အောင် စနစ်တကျစီမံခန့်ခွဲရေးအတွက် ဒေသန္တရအာဏာပိုင်များ၊ ခရီးသွားလုပ်ငန်းရှင်များနှင့် မြို့မိမြို့ဖများ အချိုးကျပါဝင်စေပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများက ဖွဲ့စည်းပေးနေသည့် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ (DMO) များတွင် ခရီးသွားလုပ်ငန်းနယ်ပယ်အလိုက် ဆောင်ရွက်နေကြသူများအားလုံး ပူးပေါင်းပါဝင် လိုက်ပါဆောင်ရွက်ကြစေလိုပါကြောင်း။

 

a2

 

COVID-19 ကပ်ရောဂါဘေးကြီး အမြန်ဆုံးပြီးဆုံးပါစေ၊ နိုင်ငံတကာခရီးသွားလုပ်ငန်းများ အမြန်ဆုံးပြန်လည်စတင်နိုင်ပါစေဟု ဆုတောင်းမေတ္တာပို့သအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက်  ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် Mr. Zurab Pololikashvili ၏ သတင်းစကား Video Message ကိုပြသသည်။

ထို့နောက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့-၂၀၂၀ အထိမ်းအမှတ် အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရန်ဝင်းက Video Conferencing စနစ်ဖြင့် နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ယင်းနောက် ပြည်နယ်များတွင် ဆောင်ရွက်လျက်ရှိသော လူထုအခြေပြုခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်လာမှု အခြေအနေများကို Video Clip ဖြင့်ပြသသည်။

ထို့နောက် ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန ရှမ်းပြည်နယ်ရုံးခွဲ တာဝန်ခံက ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ခရီးသွားလုပ်ငန်းဖြင့် ပံ့ပိုးပေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကယားပြည်နယ်ရုံးခွဲတာဝန်ခံက ကယားပြည်နယ်ရှိ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားလုပ်ငန်း ဖော်ဆောင်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊  မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်ရှိ Action Aid Myanmar မှ လူမှုအကျိုးပြု စီးပွားရေးလုပ်ငန်းများဆိုင်ရာ အကြီးအကဲ ဦးအောင်မင်းနိုင်က အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၀ တွင်  Tourism and Rural Award ဆုရရှိခဲ့သော မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ အင်းရောင်းကျေးရွာအုပ်စုရှိ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းဆိုင်ရာများနှင့် စပ်လျဉ်း၍ လည်းကောင်း Video Conferencing စနစ်ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီးများတွင် ဆောင်ရွက်လျက်ရှိသော လူထုအခြေပြုခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာမှု အခြေအနေများကို Video Clip ဖြင့်ပြသသည်။

ထို့နောက် လူဇင်ဘတ်ဖွံ့ဖြိုးရေးအဖွဲ့အစည်း၏ Expert Team မှ Mr. Paul Penfold နှင့် ဒေါ်အေးအေးမာတို့က Myanmar Tourism Strategic Recovery Roadmap – MTSRR (2021-2025) ကို မိတ်ဆက်တင်ပြကြသည်။

ယင်းနောက် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် Online ဆွေးနွေးပွဲအစီအစဉ်တွင် Video Message ပေးပို့ အမှာစကား ပြောကြားပေးသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ယနေ့အခမ်းအနားဖြစ်မြောက်အောင် စီစဉ်ဆောင်ရွက်ပေးသည့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ယခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့၏ ဆောင်ပုဒ်ဖြစ်သည့် "Tourism and Rural Development ကျေးလက်ဒေသ ဖွံ့ဖြိုးရေးခရီးသွားလုပ်ငန်းဖြင့်ပံ့ပိုးပေး" ဟူသည့် ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံ၌ ဆောင်ရွက်နေသည့်  ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ခရီးသွားလုပ်ငန်း စီမံကိန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားပေးကြသည့် ပုဂ္ဂိုလ်များ၊ မြန်မာ့ခရီးသွား ပြန်လည်ရှင်သန်ရေး မဟာဗျူဟာလမ်းပြမြေပုံ (Myanmar Tourism Strategic Recovery Roadmap MTSRR) နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပေးကြသည့် ပုဂ္ဂိုလ်များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း။

ကျေးလက်ဒေသရှိ လူမှုဘဝများနှင့် တိုင်းရင်းသားများ၏ ရိုးရာဓလေ့များကို သိရှိလေ့လာနိုင်ရန်နှင့် ခရီးသွားလုပ်ငန်း၏ အကျိုးကျေးဇူးများကို ဒေသခံပြည်သူများ ရရှိခံစားနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ရပ်ရွာလူထုအခြေပြု ခရီးစဉ်ဒေသများကို ၂၀၁၆ ခုနှစ်တွင် ကျေးရွာ ၂ ခုဖြင့် စတင်ဖော်ဆောင်ခဲ့ရာ အခုအခါ ကျေးရွာ ၄၁ ရွာပါဝင်သည့် ခရီးစဉ်ဒေသ ၁၉ ခုအထိ တိုးတက်အောင်မြင်နေပြီ ဖြစ်ပါကြောင်း။

ယနေ့ ဆွေးနွေးသွားကြသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ခရီးသွားလုပ်ငန်း စီမံကိန်းများမှ best practice များနှင့် success story များကို နမူနာယူ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ခရီးသွားလုပ်ငန်းခရီးစဉ် ဒေသသစ်များကို ဆက်လက်ဖော်ထုတ်သွားကြရမည် ဖြစ်သကဲ့သို့ ခရီးစဉ်ဒေသများသို့ လာရောက်ကြသည့် ခရီးသွားများနှင့် ခရီးသွားများကို ဝန်ဆောင်မှုပေးကြမည့် ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုရှိစေရန် လိုအပ်သည့် သင်ကြားလေ့ကျင့်မှုများနှင့် ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်ကြရမည် ဖြစ်ပါကြောင်း။

ယနေ့ ရှင်းလင်းပြောကြားသွားသည့် မြန်မာ့ခရီးသွား ပြန်လည်ရှင်သန်ရေး မဟာဗျူဟာ လမ်းပြမြေပုံ (Myanmar Tourism Strategic Recovery Roadmap MTSRR) ၏ immediate strategies & actions ချက်ခြင်းလုပ်ဆောင်မည့် မဟာဗျုဟာနှင့် လုပ်ငန်းများတွင်ပါဝင်သည့် ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးတို့နှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များကို ပိုမိုအားကောင်းအောင် လုပ်ဆောင်ပေးကြရန်နှင့် New Normal အတွက် လိုအပ်သည့် လူသားအရင်းအမြစ်နှင့် ဆက်စပ်အရည်အသွေးများ၊ ကျွမ်းကျင်မှုနှင့် အသိပညာများ တိုးတက်အောင် လုပ်ဆောင်ပေးရန် စသည်တို့သည် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ခရီးသွားလုပ်ငန်း၏ လက်ရှိလိုအပ်ချက်များနှင့် ကိုက်ညီနေပါကြောင်း၊ MSME များကို စီးပွားရေးထောက်ပံ့မှု ပေးသွားရန်ဆိုသည့် မဟာဗျူဟာလုပ်ငန်းစဉ်အနေဖြင့်  အငယ်စားနှင့် အသေးစား MSME များဖြစ်ကြသည့် CBT အများစုကို အားပေးကူညီရာရောက်မည် ဖြစ်ပါကြောင်း။

နောက်တစ်ဆင့် လုပ်ဆောင်ရမည့် မဟာဗျူဟာလုပ်ငန်းစဉ်များတွင် MSME များကို digitisation, ရင်းနှီးမြှုပ်နှံမှု၊ HR နှင့် နည်းပညာအကူအညီများဖြင့် အထောက်အပံ့ပေးသွားရေး ပါဝင်သည်ကိုတွေ့ရပါကြောင်း၊ COVID 19 ကြောင့် physical distancing မဖြစ်မနေ ဆောင်ရွက်ရခြင်းများ၊ work from home ဆောင်ရွက်ရခြင်းများနှင့် online ငွေပေးချေ ရခြင်းများကြောင့် ခရီးသွားများသည် New Normal တွင် ယခင်ထက် နည်းပညာကို အဆပေါင်းများစွာ ပိုမိုအသုံးပြုလာကြမည် ဖြစ်သည့်အတွက်  ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ခရီးသွားလုပ်ငန်း ဆက်လက်ရှင်သန်ရေးနှင့် ပြိုင်ဆိုင်နိုင်စွမ်းရှိရေး ဆောင်ရွက်ရာတွင် ယခုမဟာဗျူဟာ လုပ်ငန်းစဉ်မှ ရရှိလာမည့် အကူအညီအထောက်အပံ့များသည် များစွာ အရေးပါလာမည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ၏ ထူးခြားသည့် ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ခရီးသွားအရင်းအမြစ်များအပေါ် မူတည်၍ ကျန်းမာရေးအတွက် လုံခြုံစိတ်ချရပြီး ဆွဲဆောင်နိုင်သည့် ခရီးစဉ်ဒေသအသစ်များကို ဖော်ထုတ်မြှင့်တင်နိုင်ရေးနှင့် ရှိပြီးသည့် ခရီးစဉ်ဒေသများကို အဆင့်မြှင့်တင်၍ လည်ပတ်ချင်စဖွယ် ဒေသများအဖြစ် ခရီးသွားများကို ဆွဲဆောင်နိုင်ရေးအတွက်  ခရီးစဉ်ဒေသစီမံခန့်ခွဲရေး မဟာဗျုဟာများ၊ စံချိန်စံညွန်းများနှင့် ခရီးစဉ်ဒေသစီမံခန့် ခွဲရေးအဖွဲ့များအတွက် guideline များ စနစ်တကျ ချမှတ်လုပ်ဆောင်နိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားကော်မတီများ၊ ခရီးသွားလုပ်ငန်း နယ်ပယ်နှင့် ဆက်စပ်နေသည့် ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအားလုံး တက်ညီလက်ညီ ပူးပေါင်းကြိုပမ်းဆောင်ရွက်ကြပါဟု တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

သတင်းစဉ်