ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဟားခါးမြို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုကာ သားဖွားသင်တန်းကျောင်း(ဟားခါး) ဖွင့်ပွဲအခမ်းအနား တက်ရောက်အမှာစကားပြော

နေပြည်တော်  ၁၆   ဖေဖော်ဝါရီ  

ချင်းပြည်နယ် ထန်တလန်မြို့တွင် ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ဦးအုန်းမောင်၊ ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်၊ ဦးကျော်မျိုးနှင့် ဦးမြင့်ကြိုင်၊ ပြည်နယ်ဝန်ကြီးများ၊  တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ထန်တလန်မြို့မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာခဲ့ကြပြီး ဟာခါးမြို့သို့ရောက်ရှိရာ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံယဉ်ကျေးမှုအဖွဲ့မှ တိုင်းရင်းသား၊ တိုင်းရင်းသူများ၊ ဒေသခံပြည်သူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ဟားခါးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်ရေး လုပ်ငန်းခွင်သို့ရောက်ရှိရာ ရှင်းလင်းဆောင်၌ အဆောက်အဦ ဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဒေါ်အေးအေးမော်က ချင်းပြည်နယ်အတွင်း အဆောက်အဦ ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် အဆောက်အဦများနှင့် စပ်လျဉ်းသည့် အချက်အလက်များ၊ ဟားခါးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်ရေးအတွက် နှစ်အလိုက် ဘဏ္ဍာငွေရရှိမှု၊ လက်ရှိတည်ဆောက်ပြီးစီးမှုအခြေအနေ၊ တက္ကသိုလ် မုခ်ဦး တည်ဆောက်မည့်နေရာ၊ မင်းတပ်တက္ကသိုလ်ပေါင်းစု တည်ဆောက်နေမှုနှင့် လုပ်ငန်း ပြီးစီးမှုအခြေအနေ၊  တက္ကသိုလ် ရေနှင့်လျှပ်စစ်မီး ရရှိရေးဆောင်ရွက်နေမှုတို့နှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဟားခါးကောလိပ်ကျောင်းအုပ်ကြီး ဒေါက်တာ လျန်ဇာခုပ်က ဟားခါးတက္ကသိုလ်အတွက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် လိုအပ်ချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

a

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက ဆောင်ရွက်ပေးနိုင်မည့်အစီအစဉ်များအား ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက ဟားခါးတက္ကသိုလ် နယ်မြေကို တက္ကသိုလ်ကောလိပ်ပေါင်းစုံ တစ်နေရာတည်း စုစည်းသင်ကြားပေးနိုင်သည့် နယ်မြေ တစ်ခုဖြစ်အောင် ဆောင်ရွက်သွားစေလိုကြောင်း၊ တက္ကသိုလ်နယ်မြေရှိ မြေလွတ်နေရာ များတွင် ဒေသချယ်ရီပင်များကို စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်ရန်နှင့် ကျောင်းသား/ ကျောင်းသူတစ်ဦးချင်းစီအနေဖြင့်လည်း ၎င်းတို့ကိုယ်တိုင် အမှတ်တရသစ်ပင်စိုက်ပျိုး စေသည့် အစီအစဉ်များ ဆောင်ရွက်ပေးသွားရန် မှာကြားပြီး လိုအပ်ချက်များကို တာဝန် ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယသမ္မတသည် ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်နေမှုအား လိုက်လံကြည့်ရှုသည်။

ထို့နောက် ဒုတိယသမ္မတသည် ဟားခါးမြို့ နွယ်ချောင်းရေလှောင်တမံ တည် ဆောက်မည့်  မြေနေရာအားကြည့်ရှုရာ ချင်းပြည်နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဦးအောင်ကျော်မြင့်က စီမံကိန်း ဆောင်ရွက်ရန် မြေပြင်တိုင်းတာစမ်းသပ်ခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုနှင့် စီမံကိန်း ဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယသမ္မတသည် စီမံကိန်းဆောင်ရွက်မည့်နေရာနှင့် ဘူမိဗေဒ လေ့လာဆန်းစစ်မှုများ ဆောင်ရွက်ထားသည့် မြေသားများအားကြည့်ရှုသည်။

ထို့နောက် ဒုတိယသမ္မတသည် ဟားခါးမြို့ အမှတ်(၂)ရပ်ကွက် ၆ လမ်းဆုံ၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ စရိတ်ကျခံမှု၊ ကမ္ဘောဇအလင်းတန်းဖောင်ဒေးရှင်းမှ စက်ပစ္စည်း ကူညီပံ့ပိုးမှုတို့ဖြင့် ဒေသခံပြည်သူများ အတွက် စက်ရေတွင်းတူးဖော်နေမှုကို ကြည့်ရှုသည်။

ယင်းနောက် ဒုတိယသမ္မတသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန သားဖွားသင်တန်းကျောင်း(ဟားခါး) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊  ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေးနှင့် သားဖွားသင်တန်းကျောင်း(ဟားခါး) ကျောင်းအုပ်  ဒေါ်အိအိမြင့်တို့က သားဖွားသင်တန်းကျောင်း(ဟားခါး) အဆောက်အဦကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ဒုတိယသမ္မတ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့က  သားဖွားသင်တန်းကျောင်း (ဟားခါး) ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းကို အမွှေး နံ့သာရည်ဖြင့် ပက်ဖျန်းပေးကြသည်။

ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ဟားခါးမြို့ ယဉ်ကျေးမှုအဖွဲ့မှ တိုင်းရင်းသား၊ တိုင်းရင်းသူများနှင့်လည်းကောင်း၊ သင်တန်းကျောင်းမှ ဆရာမများ၊ သင်တန်းသူများနှင့်လည်းကောင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး သင်တန်းကျောင်း အတွင်း လိုက်လံကြည့်ရှုသည်။

ထို့နောက် ဒုတိယသမ္မတက အမှာစကားပြောကြားရာတွင် ချင်းပြည်နယ် အတွက် ဂုဏ်ယူဖွယ်ရာ သားဖွားသင်တန်းကျောင်းသစ်ကြီးကို မြို့တော်ဟားခါးတွင် ဖွင့်လှစ် နိုင်သည့်အတွက် ချင်းပြည်နယ်ပြည်သူလူထုနှင့်အတူ ဂုဏ်ယူဝမ်းမြောက်မိ ပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးကို အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နေသည့် ယနေ့အချိန် အခါတွင်  တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး တို့အတွက် အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ချင်းပြည်နယ်၌ ယခုကဲ့သို့ သားဖွားသင်တန်း ကျောင်းသစ်ကြီးကို ဖွင့်လှစ်နိုင်ခဲ့သည့် အတွက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် လေ့ကျင့်မွေးထုတ်ရေးတွင် သမိုင်း မှတ်တိုင်တစ်ခု စိုက်ထူနိုင်ပြီ ဖြစ်ကြောင်း။

ချင်းပြည်နယ်တွင် နေထိုင်ကြသည့် ပြည်သူလူထုအား အခြေခံကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန်အတွက် ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်များ လေ့ကျင့် မွေးထုတ်ရေးသည် လွန်စွာအရေးပါကြောင်း၊ ကျန်းမာရေး  စောင့်ရှောက်မှု လွှမ်းခြုံမှု ကျယ်ကျယ်ပြန့်ပြန့် ရရှိရေးအတွက် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ရန် ယခင်က ချင်းပြည်နယ်တွင် ဖလမ်းမြို့ သူနာပြု-သားဖွားသင်တန်းကျောင်း တစ်ကျောင်းရှိပါကြောင်း၊ ယင်းသင်တန်းကျောင်းတွင် ချင်းပြည်နယ်မှ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အောင်မြင်ပြီး သူနာပြု-သားဖွား ဒီပလိုမာ တက်ရောက်လိုသူ သင်တန်းသား၊ သင်တန်းသူ (၈၀)ခန့်ကို နှစ်စဉ် လက်ခံသင်ကြားပေးနေသည်ဟုသိရှိရပါကြောင်း။

သားဖွားသင်တန်းသူများကိုလည်း နှစ်စဉ်(၂၅)ဦးခန့်လက်ခံပြီး ချင်းပြည်နယ်တွင် သင်တန်းကျောင်း မရှိသည့်အတွက် ဗဟိုသားဖွား သင်တန်းကျောင်း(ရန်ကုန်)တွင် လက်ခံသင်ကြား ပေးနေခဲ့ရပါကြောင်း၊ ယခုအခါတွင် ဟားခါးမြို့၌ သားဖွားသင်တန်း ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည့်အတွက် ချင်းပြည်နယ်မှ သားဖွားသင်တန်းသူများ အနေဖြင့် မိမိတို့၏ဒေသ၌သာ ပညာဆည်းပူးနိုင်ပြီး ဒေသ၏ ဓလေ့ထုံးစံများ၊ အဖြစ် များသည့်ရောဂါများကို ပိုမိုသိရှိသဘောပေါက်လာ၍ ကျန်းမာရေး စောင့်ရှောက်မှုကို ပိုမိုကောင်းမွန်စွာ ပေးနိုင်မည်ဖြစ်ကြောင်း။

တိုင်းရင်းသား  ပြည်သူတစ်ရပ်လုံးကို အရည်အသွေး ပြည့်ဝသော ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေး နှင့် ပြည်သူတိုင်း ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမီရ ရှိစေရေးတို့အတွက်  အခြေခံကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်ဖြစ်သည့် ဘက်စုံ သားဖွားဆရာမများ၏ အခန်းကဏ္ဍသည် လွန်စွာ အရေးပါ ပါကြောင်း၊ သားဖွားဆရာမ များသည် ကျေးရွာအထိသွားရောက်ပြီး ရပ်ရွာလူထုကို အခြေခံကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ မိခင်နှင့်ကလေး ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းများဆောင်ရွက်ခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း၊ ဖွားသေ စာရင်းများ စနစ်တကျထားရှိခြင်းတို့ဖြင့်  ဒေသ၏ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း များကို ဆောင်ရွက်ပေးနေခြင်းဖြစ်၍ ပြည်သူများ ကျန်းမာရေး အသိပညာရရှိပြီး ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်စားသောက်မှုပုံစံများဖြင့် ကျန်းမာသောသူများ ဖြစ်လာစေရန် အရေးပါသော အခန်းကဏ္ဍကလည်း ပါဝင်သူများ ဖြစ်ပါကြောင်း။

 သားဖွားဆရာမများကို လေ့ကျင့်သင်ကြားပေးရန် ဟားခါးပြည်သူ့ဆေးရုံကြီး ရှိပြီး သားဖွားဆရာမများ လေ့ကျင့်မွေးထုတ်ပေးနိုင်ရန်အတွက် သားဖွားသင်တန်းကျောင်း တစ်ကျောင်း  ဖွင့်လှစ်နိုင်ရန် ချင်းပြည်နယ် အစိုးရအဖွဲ့နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက် ကြိုးစားရာမှ ယခုကဲ့သို့ သားဖွားသင်တန်းကျောင်း သစ်ကြီးကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခြင်း ဖြစ်ပါကြောင်း။

ယခုကဲ့သို့ ဟားခါးမြို့တွင် သားဖွားသင်တန်းကျောင်း ဖွင့်လှစ်နိုင်သည့်အတွက် နိုင်ငံတော်၏ မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှုပေးရန် လိုအပ်သည့် သားဖွား ဆရာမများ တိုးမြှင့်လေ့ကျင့် မွေးထုတ်ပေးနိုင်ခြင်း၊ ချင်းပြည်နယ်အတွင်းရှိ အမျိုးသမီး လူငယ်များ မိမိဒေသအတွင်းမှာပင် သားဖွားသင်တန်း   တက်ရောက်ခွင့် ရရှိခြင်း၊ ချင်းပြည်နယ် အတွင်းရှိ လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိခြင်း၊ မိခင်နှင့် ကလေး ကျန်းမာရေးကို ပြုစုစောင့်ရှောက်မှုပေးနိုင်ခြင်းဖြင့် မိခင်နှင့်ကလေး သေနှုန်းများကို လျော့ချနိုင်ခြင်း စသည့် အကျိုးကျေးဇူးများရမည် ဖြစ်ပါကြောင်း။

ထို့ကြောင့် ယခုသင်တန်းကျောင်းကြီးမှ နိုင်ငံတော်အတွက် အထူးသဖြင့် ချင်းပြည်နယ်၏ ကျန်းမာရေးစောင့်ရှောက်မှု  လိုအပ်ချက်နှင့်အညီ ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် ကျင့်ဝတ်များစောင့်ထိန်းပြီး အရည်အသွေးပြည့်ဝသည့်  သားဖွားဆရာမကောင်းများ  မွေးထုတ်နိုင်ပါစေကြောင်းနှင့် ပြည်သူလူထုမှ အားကိုးယုံကြည်ပြီး မွန်မြတ်သောလုပ်ငန်းအဖြစ် ရေရှည်အောင်မြင်စေရန် ကြိုးစားဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်အပ်ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဟားခါးမြို့တွင် သားဖွားသင်တန်းကျောင်း ဖွင့်လှစ်နိုင်ခြင်းအားဖြင့်  ချင်းပြည်နယ်၏ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေပြီး အရည်အသွေးပြည့်မီသော ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်းမြင့်မားစေရေး ဆောင်ရွက်ရာတွင် အားဖြည့်ပေးနိုင်မည်ဖြစ်သည့်အတွက် ယခုသင်တန်းကျောင်းကိုရေ ရှည်တည်တံ့အောင်မြင်အောင် ဝိုင်းဝန်းထိန်းသိမ်းကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက်  ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေးက သားဖွားသင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ သားဖွားသူနာပြု မွေးထုတ်ပေးနိုင်မည့်အခြေ အနေနှင့် သင်တန်းကျောင်းအတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် သားဖွားသင်တန်းကျောင်း(ဟားခါး)ဖွင့်လှစ်ပေးသည့်အတွက် ဒေသခံ ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် ဒုတိယသမ္မတအား အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်းက သားဖွားသင်တန်းကျောင်း(ဟားခါး)ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် အမှတ်တရလက်ဆောင် ပေးအပ်သည်။

ယခုဖွင့်လှစ်သည့် သားဖွားသင်တန်းကျောင်း(ဟားခါး)သည် ဟားခါး-ဖလမ်း ကားလမ်းအနီး ဟားခါးထာရ်ရပ်ကွက်ရှိ မြေဧက ၂၀ ဒသမ ၂၆ ဧကပေါ်တွင် တည်ဆောက်ထားကြောင်း၊   အဆောက်အဦမှာ RC ကွန်ကရစ် နှစ်ထပ်အမျိုး အစားဖြစ်ပြီး သင်တန်းသူအိပ်ဆောင်များပါ ထည့်သွင်းတည်ဆောက်ထားကြောင်း၊ အဆိုပါသင်တန်းကျောင်းတွင် တစ်နှစ်လျှင် သင်တန်းသူ ၅ဝ ကို လက်ခံသင်ကြားပေးနိုင်ကြောင်း သိရသည်။

ယင်းနောက် ဒုတိယသမ္မတသည် ချင်းပြည်နယ်တရားလွှတ်တော်ရုံး RC ကွန်ကရစ် သုံးထပ် တည်ဆောက်နေမှုကို ကြည့်ရှုရာ တာဝန်ရှိသူများမှ အဆောက်အဦ ပြီးစီးမှု အခြေအနေနှင့် ဘဏ္ဍာရန်ပုံငွေ ရရှိမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယသမ္မတသည် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာသိပ္ပံ(ဟားခါး) သို့ရောက်ရှိရာ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ပြီးစီးခဲ့သည့် ကျောင်းအုပ်ချုပ်မှုရုံး၊ ၂ ထပ်စာသင်ဆောင်၊ သင်တန်းသား၊ သင်တန်းသူ နှစ်ထပ်အိပ်ဆောင်၊ ကျောင်းအုပ်ကြီး နေအိမ်၊ စတို၊ရေလှောင်ကန်၊ ၂၀၁၉-၂၀၂ဝ ခု ဘဏ္ဍာရေးနှစ်အတွင်း ဆက်လက် ဆောင်ရွက်မည့် ဝန်ထမ်းအိမ်ရာ၊ လေ့ကျင့်ရေးရုံ၊ လက်ထောက်ညွှန်ကြားရေးမှူး နေအိမ်၊  ထမင်းစာဆောင်၊ မီးဖိုဆောင်၊  ဒုတိယကျောင်းအုပ်ကြီးနေအိမ်၊ ဆေးခန်း၊ ကားဂိုဒေါင်၊ အားကစားရုံ၊ အပျိုဆောင်၊ လူပျိုဆောင်၊ လျှပ်စစ်မီးသွယ်တန်းခြင်း လုပ်ငန်းများ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတက အားကစားနှင့် ကာယ ပညာသိပ္ပံ(ဟားခါး)ဧရိယာအတွင်း မြေလွတ်နေရာများ၌ ရာသီသီးပင်စားပင်များကို စနစ်တကျ စိုက်ပျိုးသွားရန်၊ သောက်သုံးရေဖူလုံစွာ ရရှိနိုင်ရေးအတွက် အဝိစိတွင်း တူးဖော်သွားရန်၊ အားကစားနှင့် ကာယပညာသိပ္ပံ(ဟားခါး)အဝင် မြေသားလမ်းအရှည် ၁ မိုင်ခွဲအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်သွားရန် မှာကြားသည်။

ယင်းနောက် ဒုတိယသမ္မတသည် အားကစားနှင့် ကာယပညာသိပ္ပံ(ဟားခါး) ဧရိယာအတွင်း တည်ဆောက်ပြီးစီးသည့်အဆောက်အဦများနှင့် ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများအား လိုက်လံကြည့်ရှုသည်။

ထို့နောက် ဒုတိယသမ္မတသည် ဟားခါးမြို့ တီမစ်ရေထွက်မှ ရေကိုစုဆောင်းပြီး မြို့ရေပေးဝေရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် ရေထွက်ရှိမှုကိုကြည့်ရှုသည်။

ယင်းနောက် ဒုတိယသမ္မတသည် ဟားခါးမြို့ View Point သို့ရောက်ရှိပြီး မြို့ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို ကြည့်ရှုသည်။

ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ဟားခါးမြို့မှ ရဟတ်ယာဉ်များဖြင့် ပြန် လည်ထွက်ခွာကြရာ ကလေးမြို့သို့ရောက်ရှိပြီး ထိုမှတစ်ဆင့် လေကြောင်းခရီးဖြင့် ဆက်လက်ထွက်ခွာကြရာ ညနေပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိကြသည်။

(သတင်းစဉ်)