ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အတ္ထရံမြစ်ကူး အတ္ထရံတံတား(စံပယ်ဂူ) တည်ဆောက်ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေး

မော်လမြိုင်  ၊ ၁၆  ဇန်နဝါရီ 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးတင်မြင့်၊ ဗိုလ်ချုပ်စိုးတင့်နိုင်နှင့် ဗိုလ်ချုပ်မြင့်နွယ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရဟတ်ယာဉ်များဖြင့် မြိတ်မြို့မှ မွန်ပြည်နယ် မော်လမြိုင်မြို့သို့ ရောက်ရှိကြသည်။

ထို့နောက် ဒုတိယသမ္မတသည် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ကျိုက်မရောမြို့နယ် ကျိုက်မရော- စံပယ်ဂူ - ကော့ပနော လမ်းပေါ်ရှိ အတ္ထရံတံတား(စံပယ်ဂူ) တည်ဆောက်ရေးစီမံကိန်းရှင်းလင်း ဆောင်သို့ရောက်ရှိရာ  တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်မိုးလွင် က တံတားဆိုင်ရာအချက်အလက်များနှင့် တံတားတည်ဆောက်ပြီးစီးခဲ့မှုများကို ရှင်းလင်း တင်ပြသည်။

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတ က တံတားချဉ်းကပ်လမ်း နှစ်ဘက် ဝဲ၊ ယာတွင် အရိပ်ရအပင်များစိုက်ပျိုးရေးနှင့် တံတားရေရှည်တည်တံ့စွာ အသုံးပြုနိုင်ရန် ထိန်သိမ်းစောင့်ရှောက်သွားနိုင်ရေးတို့ကို လမ်းညွှန်မှာကြားသည်။

ယင်းနောက် ဒုတိယသမ္မတသည် အတ္ထရံတံတား (စံပယ်ဂူ)အား ကြည့်ရှုစစ်ဆေးသည်။

အဆိုပါ အတ္ထရံတံတား(စံပယ်ဂူ) သည် ကျိုက်မရော- စံပယ်ဂူ - ကော့ပနော လမ်းပေါ် တွင်တည်ရှိပြီး ကျိုက်မရောမြို့၏ အရှေ့ဘက် (၃) မိုင်အကွာတွင်တည်ရှိပြီး သံကူကွန်ကရစ် သံမဏိသံပေါင်ဂုံးတံတား အမျိုးအစားဖြစ်ကာ တံတားအရှည် ၂၁၁၃ ပေ ၂ လက်မ၊ တံတား အကျယ် ၃၄ ပေ ၆ လက်မ၊ ယာဉ်သွားလမ်းအကျယ် ၂၃ ပေ ၇ လက်မ၊ ရေလမ်းကင်းလွတ်အမြင့် ၄၆ ပေ နှင့် ရေလမ်းကင်းလွတ်အကျယ်ပေ ၃၆၀ ရှိကြောင်း၊ အတ္ထရံတံတား( စံပယ်ဂူ) ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၀ ရက် တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ  ၃၀ ရက်တွင် တည်ဆောက်ပြီးစီးခဲ့သည်။ တံတားစီမံကိန်း တန်ဖိုးမှာ ကျပ်သန်း ၁၈၀၀၀ ဖြစ်ကြောင်း သိရသည်။

ယခင်က  အတ္ထရံမြစ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာပေါင်း ၉၇ ရွာမှ ဒေသခံပြည်သူများသည် ကျိုက်မရောမြို့သို့ ရောက်ရှိရန် အချိန်ကြာမြင့်စွာအသုံးပြုသွားလာခဲ့ကြရသည်။ 

ယခုအခါ အတ္ထရံမြစ်ကူး အတ္ထရံတံတား(စံပယ်ဂူ) တည်ဆောက်ပြီးစီးပြီဖြစ်၍ အတ္ထရံမြစ် အရှေ့ဘက်ခြမ်းရှိ ကျေးလက်ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေး တိုးတက် ကောင်းမွန်လာပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ကုန်စည်စီးဆင်းမှုများ ပိုမိုဖွံြ႕ဖြိုးတိုးတက်မြန်ဆန်လာကြောင်းသိရသည်။

မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတနှင့် အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် မော်လမြိုင်မြို့မှ နေပြည်တော်သို့ပြန်လည်ရောက်ရှိကြသည်။

သတင်းစဉ်