ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၀) သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ၇ ဇူလိုင်

 

အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ (၁/၂၀၂၀) အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။

 

ရှေးဦးစွာ ဒုတိယသမ္မတသည် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနရှိ လေ့ကျင့်ရေးနှင့် ပညာပေးရေးဌာနခွဲ၊ ခရီးသွားမြှင့်တင်မှု (Digital Marketing) ဌာနခွဲနှင့်  e – Government Office တို့အား လှည့်လည်ကြည့်ရှုသည်။

 

အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၀)သို့ ပေးပို့သည့် အမှာစကား Video Clip ကို ပြသသည်။

 

1

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အမှာစကားပြောကြားရာတွင် -

အားလုံးမင်္ဂလာပါ။

ဒီကနေ့ ကျင်းပပြုလုပ်တဲ့ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ (၁/၂၀၂၀)အစည်းအဝေးကို တက်ရောက်နေကြသူများအားလုံး ကျန်းမာချမ်းသာပါစေကြောင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်။

 

၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၃)ရက်မှာ ကျင်းပခဲ့တဲ့ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီရဲ့ (၁/၂၀၁၈)အစည်းအဝေးမှာ အမှာစကားပြောကြားခဲ့တုန်းက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဟာ နိုင်ငံအတွက်သာမက တစ်ကမ္ဘာလုံးအတွက် အရေးကြီးတဲ့လုပ်ငန်းတစ်ရပ် ဖြစ်လာတဲ့အကြောင်း၊ ကမ္ဘာလှည့်ခရီးသည်တွေကို ကျွန်မတို့နိုင်ငံကို လာစေချင်တယ်ဆိုရင် ဒီခရီးသည်များဟာ ကိုယ့်အတွက်ပိုက်ဆံရှာနိုင်တဲ့ အခွင့်အရေးတစ်ခုလို့ပဲ မစဉ်းစားဘဲ ကျွန်မတို့လိုပဲ လူသားတွေ၊ ကျွန်မတို့လိုပဲ ပျော်ရွှင်ချင်တယ်၊ ချမ်းမြေ့ချင်တယ်၊ ခဏတာ အလည်အပတ်လာတဲ့ အခါကာလလေးအတွင်းမှာ စိတ်အေးလက်အေးနဲ့ မြင်ချင်တွေ့ချင်တာတွေကို မြင်တွေ့ဖို့ အခွင့်အရေးလေးတွေရချင်တယ်ဆိုတဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးမယ်ဆိုရင် ကမ္ဘာလှည့်ခရီးသည်တွေကလည်း ပိုမိုပြီးတော့လာကြမှာ ဖြစ်တယ်ဆိုတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

 

အစိုးရအနေနဲ့လည်း ကမ္ဘာလှည့်ခရီးသည်တွေ မြန်မာနိုင်ငံကို လာရောက်ဖို့ ပိုမိုလွယ်ကူအဆင်ပြေစေရန် ပြီးခဲ့တဲ့နှစ်တွေမှာ ဗီဇာကင်းလွတ်ခွင့်နဲ့ ဆိုက်ရောက် ဗီဇာတို့ကို ခွင့်ပြုပေးခဲ့ပါတယ်။ အေးအေးဆေးဆေး သက်သက်သာသာနဲ့ ရှုခင်းကြည့်ရင်း ဖြတ်သွားရတဲ့ မြို့လေးတွေမှာ ရပ်တဲ့အခါမှာ ကျွန်မတို့နိုင်ငံရဲ့ ယဉ်ကျေးမှု၊ သဘောသဘာဝတွေကို အတိုင်းအတာတစ်ခုအထိ နားလည်နိုင်စေတဲ့ နိုင်ငံဖြတ်ကျော် မော်တော်ယာဥ်တန်းခရီးစဉ်တွေ၊ မီးရထားခရီးစဉ်တွေ၊ ရေကြောင်း ခရီးစဉ်တွေကိုလည်း တိုးတက်အောင် စီစဉ်ပေးခဲ့ပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ ရှေးအစဉ်အလာတွေ၊ ကျွန်မတို့ရဲ့ယဉ်ကျေးမှုတွေကို အပေါ်ယံကြော ထက်ပိုပြီးတော့ သိချင်တဲ့ခရီးသည်တွေအတွက် ကျွန်မတို့ရဲ့ နိစ္စဓူဝနေထိုင်ရေးနဲ့ပတ်သက်တဲ့ လူမှုအခြေပြု ခရီးသွားလုပ်ငန်းကိုလည်း အားပေးခဲ့ပါတယ်။ ဧည့်သည်တွေ သန့်သန့်ရှင်းရှင်းနဲ့ တည်းခိုနိုင်ပြီး သူတို့ရဲ့ကျန်းမာရေးအတွက်လည်း စိတ်လုံခြုံမှုရှိစေမယ့်၊ ဈေးကြီးကြီးမဟုတ်ပေမယ့်လည်း နေချင်စဖွယ်ကောင်းတဲ့ တည်းခိုခန်းတွေ၊ ဟိုတယ်လေးတွေလို အသေးစားစီးပွားရေးလုပ်ငန်းတွေကိုလည်း အားပေးခဲ့ပါတယ်။

 

နိုင်ငံခြားကလာတဲ့ ခရီးသည်အများစုဟာ ရိုးရာအစားအစာစားရတာကို စိတ်ဝင်စားကြတဲ့အတွက် ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေရဲ့ တစ်ပိုင်တစ်နိုင် လုပ်ငန်းလေးတွေဖြစ်တဲ့ ဆိုင်လေးတွေ၊ တွန်းလှည်းဆိုင်လေးတွေပဲ ဖြစ်ဖြစ်၊ စားသောက်ဆိုင်သေးသေးလေးပဲ ဖြစ်ဖြစ်၊ လုပ်ငန်းငယ်လေးတွေမှာ သန့်သန့်ရှင်းရှင်းနဲ့ ကျန်းမာရေးနဲ့ညီတဲ့ဒေသ အစားအစာတွေကို ဈေးချိုချိုနဲ့ ဝယ်နိုင်စေမယ့် ပုံစံလေးတွေကို စဉ်းစားပေးခဲ့ပါတယ်။ ရေဝပ်တောတွေကို ရာသီအလိုက် လာရောက်တဲ့ဆောင်းခိုငှက်တွေကို စောင့်ကြည့်တဲ့ခရီးစဉ်တွေ၊ သစ်လုပ်ငန်းတွေမှာ သိပ်မသုံးနိုင်တော့တဲ့ဆင်တွေကို စောင့်ရှောက်ထိန်းသိမ်းထားတဲ့ ဆင်စခန်းတွေ၊ ရှားပါးသတ္တဝါတွေဖြစ်တဲ့ ဧရာဝတီလင်းပိုင်တွေကို လေ့လာတာ၊ ဒေသခံတံငါသည်တွေနဲ့အတူ ငါးဖမ်းတာကိုစောင့်ကြည့်တာ စသဖြင့် သဘာဝအခြေခံခရီးသွား လုပ်ငန်းတွေကိုလည်း တိုးမြှင့်စီစဉ်ပေးခဲ့တဲ့အတွက် ၂၀၁၉ ခုနှစ်မှာ ပြည်ပခရီးသွား  ၄ သန်း ၃ သိန်းကျော်အထိ ဝင်ရောက်ခဲ့ပါတယ်။

 

ဒီကနေ့ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ (၁/၂၀၂၀) အစည်းအဝေးကျင်းပတဲ့အချိန်မှာတော့ COVID-19 ကပ်ရောဂါ ထိန်းသိမ်းကာကွယ်ဖို့ အပန်းဖြေခရီးစဉ်တွေအတွက် ပြည်ဝင်ခွင့်ရပ်ဆိုင်းထားတာ၊ ပုံမှန်ခရီးသည်ပို့ဆောင်ရေး လေယာဉ် ပျံသန်းမှုတွေ ရပ်ဆိုင်းထားတာ၊ ခရီးသွားတွေ လာရောက်လည်ပတ်လေ့ရှိတဲ့ ဒေသတွေ ပိတ်သိမ်းထားတာတွေကြောင့် တစ်ကမ္ဘာလုံးမှာ ခရီးသွားလာရေးလုပ်ငန်းဟာ လုံးဝရပ်ဆိုင်းသွားတဲ့ အခြေအနေဖြစ်ပါတယ်။

 

ကျွန်မတို့နိုင်ငံအနေနဲ့ ၂၀၂၀ ဧပြီလကစပြီး ခရီးသွားလာတာတွေနဲ့ လူစုလူဝေးတွေကို ကန့်သတ်ခဲ့တဲ့အတွက် COVID-19 ပထမလှိုင်း ရိုက်ခတ်တာကို အတိုင်းအတာတစ်ခုအထိ အောင်အောင်မြင်မြင် ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ တစ်ဖက်မှာ ရွှေစက်တော်ဘုရားပွဲလို ရာသီပွဲတွေ၊ သင်္ကြန်လို ရိုးရာပွဲတွေ ဖျက်သိမ်းရတာ၊ တန်ခိုးကြီးဘုရားတွေအားလုံး ဝင်ခွင့်ပိတ်ထားရတာတွေဟာ ပြည်ပခရီးသွားဝင်ရောက်မှု ရပ်ဆိုင်းသွားစေရုံသာမက ပြည်တွင်းခရီးသွား လုပ်ငန်းပါ လုံးဝရပ်ဆိုင်းသွားတဲ့အခြေအနေ ဖြစ်ပေါ်ခဲ့ပြီး ခရီးသွားလုပ်ငန်း တစ်ခုလုံးကို ထိခိုက်စေခဲ့ပါတယ်။

 

COVID-19 ကပ်ရောဂါရဲ့ထိခိုက်မှုတွေကို ကုစားမှုတွေ ဆောင်ရွက်ရာမှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစား အိမ်ထောင်စုတစ်ခုစီအတွက် ကျပ်တစ်သောင်းခွဲဘိုး ရိက္ခာဝေငှတာကို ပထမအကြိမ်ဆောင်ရွက်ပေးပြီး ဖြစ်ပါတယ်။ ဒုတိယအကြိမ်အဖြစ် မိသားစု ၅ သန်း ၄ သိန်းကျော်ကို ငွေသား ၂ သောင်းစီ ပေးအပ်သွားဖို့ စီစဉ်နေပါတယ်။ လုပ်ငန်းတွေကို ကုစားမှုပေးရာမှာတော့ လုပ်ငန်းရှင်တွေက လုပ်ငန်းဆက်လက်လုပ်ဆောင်ပြီး ဝန်ထမ်းတွေ အလုပ်အကိုင်ရရှိကာ ဝင်ငွေရရှိရေးကို ဦးတည်ချက်ထား ကူညီပေးပါတယ်။ ဘဏ်တိုးတွေ လျှော့ချပေးခြင်း၊ လိုင်စင်ခွန်တွေ အချိန်ကာလသတ်မှတ် ကင်းလွတ်ခွင့်ပြုခြင်း၊ ပေးဆောင်ရမယ့်ဝင်ငွေခွန်တွေ၊ ကုန်သွယ်လုပ်ငန်းခွန်တွေ ရွှေ့ဆိုင်းပေးသွင်းခွင့် ပြုခြင်းတို့နဲ့ ဖြေလျှော့ပေးခဲ့သလို လက်ခစားစနစ်နဲ့ ဆောင်ရွက်နေတဲ့ အထည်ချုပ် လုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများနဲ့ အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ၁ ရာခိုင်နှုန်း အတိုးနဲ့ တစ်နှစ်ချေးငွေ ကျပ်ဘီလီယံ ၁၀၀ ထုတ်ချေးခဲ့ပြီး ဖြစ်ပါတယ်။ နောက်ထပ် ကျပ်ဘီလီယံ ၂၀၀ က ၅၀၀ အထိ ထပ်မံထုတ်ချေးပေးသွားဖို့ ရှိပါတယ်။ ဒီလို ထုတ်ချေးပေးတာဟာ လုပ်ငန်းရပ်ဆိုင်းနေစဉ်ကာလမှာ ဝန်ထမ်းများကို လစာပေးထားနိုင်ရေး အကူအပံ့အဖြစ် ထုတ်ချေးပေးတာဖြစ်ပြီး နိုင်ငံတော် ဘဏ္ဍာဖြစ်တဲ့အတွက် ဝင်ငွရရှိအောင် လုပ်ငန်းလုပ်ဆောင်ပြီး သတ်မှတ်ကာလမှာ ပြန်လည်ပေးဆပ်ရမှာ ဖြစ်ပါတယ်။

 

အခုလို ပြည်ဝင်ခွင့်တွေ ရပ်ဆိုင်းထားပြီး အကူအညီပေးရေးခရီးစဥ်များမှအပ နိုင်ငံတကာ လေယာဉ်များ ဆိုက်ကပ်ခွင့် ပြန်မပေးသေးတဲ့အချိန်မှာ ဟိုတယ်နဲ့ ခရီးသွားလာရေး လုပ်ငန်းတွေအနေနဲ့ ပြည်တွင်းခရီးသွားလုပ်ငန်းကိုသာ ဦးစွာလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ ခရီးသွားရော ဝန်ဆောင်မှုပေးတဲ့ဝန်ထမ်းရော ဘေးကင်းလုံခြုံမှုကို ပထမဦးစားပေးအနေနဲ့ ဆောင်ရွက်ရပါမယ်။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနတို့က ထုတ်ပြန်ထားတဲ့ COVID-19 ကပ်ရောဂါထိန်းသိမ်းကာကွယ်ရေး လမ်းညွန်မှုတွေကို တိတိကျကျလိုက်နာဖို့ သက်ဆိုင်ရာအစိုးရ တာဝန်ရှိသူတွေ၊ လုပ်ငန်းရှင်တွေ၊ ဝန်ထမ်းတွေ ပူးပေါင်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ လူသားရဲ့သဘာဝက ဖြစ်စမှာကြောက်ပြီး စည်းကမ်းလိုက်နာပေမယ့် ကြာလာရင် ပေါ့သွားပြီး အမှုမဲ့အမှတ်မဲ့နေတတ်၊ လုပ်တတ်တာကို သတိမလွတ်စေဘဲ စောင့်ကြည့်ကြပ်မတ်နေဖို့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။

 

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဟာ အရင်က ပြည်ပခရီးသွားကို အဓိကဦးတည်ချက်ထား ဝန်ဆောင်မှုပေးခဲ့ပေမယ့် အခုအခါမှာ ပြည်တွင်းခရီးသွားအဓိကနဲ့ လုပ်ငန်းပြန်စရမှာဖြစ်တဲ့အတွက် ပြည်ပခရီးသွားနဲ့ ပြည်တွင်း ခရီးသွားတွေရဲ့ မတူညီတဲ့သဘာဝတွေ၊ မျှော်လင့်ချက်တွေ၊ သုံးစွဲနိုင်စွမ်းတွေကို ပြန်လည်ထည့်သွင်းစဉ်းစားပြီး ပြည်တွင်း ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ ခရီးစဉ်တွေ စတင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

 

အခုကတည်းက COVID-19 အလွန်မှာ ကြုံရမယ့် အနေအထားအတွက် ပြည်တွင်းခရီးသွားနဲ့ ကြိုတင်ပြင်ဆင်ထားမှ နောင်တစ်ချိန် ပြည်ပခရီးသွားတွေ ပြန်ဝင်လာရင် အဆင်သင့်ဖြစ်မှာဖြစ်ပါတယ်။ အခု COVID-19  ကြောင့် ခရီးသွားလုပ်ငန်းတွေ အားလုံး အတူတူ လုံးဝရပ်သွားတော့ ပြန်ဖွင့်တဲ့အချိန် တစ်နိုင်ငံထက် တစ်နိုင်ငံ သူ့ထက်ငါ ကိုယ့်ဆီဧည့်သည်လာအောင် အပြိုင်အဆိုင်ဆွဲဆောင်ကြမှာ ဖြစ်ပါတယ်။ ကိုယ်က သူတို့နဲ့မတူအောင် ဘယ်လိုဆွဲဆောင်မလဲဆိုတာ စဉ်းစားပြီး ကြိုတင်ပြင်ဆင်ထားဖို့ လိုပါမယ်။

 

ဒီလို ကြိုတင်ပြင်ဆင်နေတဲ့အချိန်မှာ မလုပ်မဖြစ်သတိထားပြီး လုပ်ကိုလုပ်ဆောင်ရမယ့်ကိစ္စကတော့ အခြေခိုင်ပြီး ခရီးစဉ်ဒေသတွေရဲ့ အရည်အသွေး တိုးတက်ရေးနဲ့ အသစ်ဖော်ထုတ်မယ့် ခရီးစဉ်ဒေသတွေရဲ့ သဘာဝမပျက်အောင် ထိန်းသိမ်းရေးပဲ ဖြစ်ပါတယ်။ ဒီအတွက် နိုင်ငံတော်အစိုးရ ဆောင်ရွက်ဖို့ကိုချည်းပဲ စောင့်မနေဘဲ သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ လုပ်ငန်းရှင်တွေ၊ ဒေသခံပြည်သူတွေ ပူးပေါင်းပါဝင်တဲ့ လုပ်ငန်းအဖွဲ့တွေနဲ့ ထိန်းသိမ်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

 

COVID-19 အလွန်မှာ ခရီးသွားလုပ်ငန်း ပြန်လည်ရှင်သန်လာဖို့ အတွေးသစ်တွေနဲ့ လုပ်ဖို့လိုပါတယ်။ အတွေးသစ်တွေရအောင် စဉ်းစားကြပါ။ ဒီအတွေးသစ်တွေကို အကောင်းဆုံးနည်းနဲ့ အကောင်အထည်ဖော်နိုင်ရပါမယ်။ အကောင်အထည်ဖော်တဲ့အခါ နိုင်ငံရဲ့ရေရှည်အကျိုးကို မျက်ခြည်မပြတ်ကြပါနဲ့။ ကျွန်မတို့ နိုင်ငံဟာ ပြည်ထောင်စုပါ။ ပြည်ထောင်စုဆိုတာ တိုင်းရင်းသားလူမျိုး ပေါင်းစုံနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဘာလုပ်ငန်းလုပ်လုပ် ကျွန်မတို့ ပြည်ထောင်စုကြီးအကျိုးကို မမေ့ဘဲနဲ့လုပ်ဆောင် စေချင်ပါတယ်။ ခရီးသွားလုပ်ငန်းလုပ်ရာမှာလည်း တိုင်းဒေသကြီးတစ်ခုတည်း၊ ပြည်နယ်တစ်ခုတည်း အကျိုးရှိဖို့ထက် ကျွန်မတို့ ပြည်ထောင်စုသားအားလုံးအကျိုးရှိအောင် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်စေချင်ပါတယ်။ ခရီးသွားလုပ်ငန်းကြောင့် ပြည်ထောင်စုသား တွေပိုပြီးတော့ နီးစပ်လာတာမျိုး၊ ညီညွတ်လာတာမျိုး၊ ပိုပြီးတော့စည်းလုံးလာတာမျိုးပဲ ဖြစ်စေချင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင်လုပ်ပြီးတော့ စိတ်ဝမ်းကွဲတာမျိုး မဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်ပြီး ဟန်ချက်ညီညီ တိုးတက်လာတာမျိုး ဖြစ်စေချင်ပါတယ်။ ညီညီညွတ်ညွတ်နဲ့ ကျွန်မတို့ နိုင်ငံသူ၊ နိုင်ငံသားအများစုကြီးအတွက် အကျိုးဖြစ်စေမယ့် ခရီးသွားလုပ်ငန်းတွေ အမြန်ဆုံး ပြန်လည်ရှင်သန်လာအောင် ဖော်ဆောင်နိုင်ပါစေ၊ ပြည်သူတွေရဲ့ လူမှုစီးပွားရေးဘဝတိုးတက်ဖို့ ခရီးသွားလုပ်ငန်းက ထိရောက်စွာ ပံ့ပိုးနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။

 

အားလုံးကို ကျေးဇူးတင်ပါတယ်။

 

2

 

 

ထို့နောက် ဒုတိယသမ္မတက ယနေ့ကျင်းပသည့် အစည်းအဝေးသည် ၂၀၁၈ ခုနှစ်တွင် ပြန်လည်ပြင်ဆင်ပြဋ္ဌာန်းခဲ့သည့် မြန်မာနိုင်ငံခရီးသွားဥပဒေသစ်အရ အမျိုးသားခရီးသွားလုပ်ငန်း ဗဟိုကော်မတီ၊ ခရီးသွားလုပ်ငန်းကော်မတီနှင့် ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီများကို ဖွဲ့စည်းပြီးနောက်ပိုင်းကျင်းပသည့် အမျိုးသား ခရီးသွားလုပ်ငန်း ဗဟိုကော်မတီ၏ တတိယအကြိမ်မြောက် အစည်းအဝေး ဖြစ်ပါကြောင်း။

 

ဒုတိယအကြိမ်အစည်းအဝေးတွင် ထွက်ပေါ်လာခဲ့သည့် ဆုံးဖြတ်ချက်များအပေါ် နိုင်ငံတော်အပိုင်းနှင့် ပုဂ္ဂလိကအပိုင်းတို့၏ ဆောင်ရွက်ပြီးခဲ့သည်များကို တင်ပြကြရန်နှင့် ဆောင်ရွက်ရန်ကျန်ရှိသည်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းဆွေးနွေးကြရမည် ဖြစ်သော်လည်း COVID-19 ကပ်ရောဂါကြောင့် ပြောင်းလဲသွားသည့် ခရီးသွားလာရေးလုပ်ငန်း အခြေအနေပေါ်မူတည်၍ မြန်မာ့ခရီးသွားလုပ်ငန်း မဟာဗျုဟာတခုလုံးကို ပြန်လည်သုံးသပ် လမ်းညွန်မှုပေးနိုင်ရေးသည် အရေးအကြီးဆုံး ဦးစားပေးဖြစ်လာခဲ့ပါကြောင်း။

 

မြန်မာနိုင်ငံ ခရီးသွားကဏ္ဍလုပ်ငန်း လမ်းညွှန်ဖြစ်သည့် ခရီးသွားလုပ်ငန်း ပင်မစီမံကိန်း (၂၀၁၃-၂၀၂၀)ကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဖော်ဆောင်ခဲ့ရာ နိုင်ငံတော်ကပုဂ္ဂလိက ကဏ္ဍကို လုပ်ပိုင်ခွင့်မြှင့်တင်ပေးခြင်း၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ခြင်း၊ ခရီးသွားလာရေးလုပ်ငန်းများတွင် ဒေသခံပြည်သူများ ပိုမိုပါဝင်စေနိုင်ရန် ဒေသအလိုက် ခရီးသွားစီမံကိန်းများ ရေးဆွဲဖော်ဆောင်စေခြင်း၊ ပြည်ပခရီးသွားများအား ဆွဲဆောင်နိုင်ရန် ပြည်ဝင်ခွင့်ဖြေလျှော့ပေးခြင်းကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ သဘာဝခရီးသွားလာရေးလုပ်ငန်း တိုးမြှင့်နိုင်ရန် ကန့်သတ်နယ်မြေများ ဖြေလျှော့ပေးခြင်း၊ မြန်မာနိုင်ငံသည် တည်ငြိမ်အေးချမ်းပြီး ဘေးအန္တရာယ်ကင်းစွာလာ ရောက်လည်ပတ်နိုင်သည်ကို နိုင်ငံတကာခရီးသွားများ သိရှိနိုင်ရန် Digital Marketing လုပ်ဆောင်ခြင်း၊ ပြည်တွင်း ပြည်ပ သတင်းမီဒီယာများ ဖိတ်ခေါ်၍ ရုပ်သံအစီအစဉ်များရိုက်ကူး ထုတ်လွှင့်ခြင်း၊ ပြည်ပနိုင်ငံများတွင် RoadShow များပြုလုပ်ခြင်း၊ FamilirizationTrip များ ဖိတ်ခေါ်ခြင်းတို့ဖြင့် ဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ်တွင် ပြည်ပ ခရီးသွား ၃ ဒသမ ၅ သန်းကျော် ဝင်ရောက်ခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ပြည်ပခရီးသွား ၄ ဒသမ ၄ သန်းခန့်အထိ ဝင်ရောက်ခဲ့သဖြင့် ပြည်ပခရီးသွား (၁) သန်းနီးပါးခန့် တိုးတက်ဝင်ရောက်လာခဲ့ပါကြောင်း။

 

ပင်မစီမံကိန်း၏ နောက်ဆုံးနှစ်ဖြစ်သည့် ၂၀၂၀ ခုနှစ်တွင် ပြည်ပခရီးသွား ၅ သန်းကျော် လာရောက်ရန် မျှော်လင့်ပြင်ဆင်ထားခဲ့သော်လည်း COVID-19 ရောဂါဖြစ်ပွားလာသည့်အခါ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ရန် ပြည်ဝင်ခွင့်များရပ်ဆိုင်းခြင်း၊ လေကြောင်း လိုင်းများရပ်ဆိုင်းခြင်း၊ ခရီးသွားလာခွင့်ထိန်းချုပ်ခြင်း စသည်တို့ကို လုပ်ဆောင်သည့် အခါကမ္ဘာနှင့် တစ်ဝန်းရှိ ခရီးသွားလုပ်ငန်းများ ပြင်းပြင်းထန်ထန် ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ပါကြောင်း။

 

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ခန့်မှန်းချက်အရ ယခုနှစ်ခရီးသွားလုပ်ငန်း အခြေအနေသည် ပြီးခဲ့သည့်နှစ်ထက်စာလျှင် နိုင်ငံတကာခရီးသည်သန်း ၈၅၀ မှ ၁ ဒသမ ၁ ဘီလီယံထိ လျော့နည်းနိုင်ပြီး ခရီးသွားလုပ်ငန်းမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၉၁၀ ဘီလီယံမှ ၁ ဒသမ ၂ ထရီလီယံအထိ ဆုံးရှုံးနိုင်ကာ ခရီးသွားလုပ်ငန်းမှ တိုက်ရိုက်အလုပ်အကိုင်သန်း ၁၀၀ မှ၂၀၀ အထိဆုံးရှုံးနိုင်သည်ကို သိရှိရပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် လေကြောင်းမှဝင်ရောက်ခဲ့သည့် ပြည်ပခရီးသွား ၁၈၃၄၁၆ ဦး ဝင်ရောက်ခဲ့ရာမှ ဧပြီလတွင် (၈၂) ဦးသာ ဝင်ရောက်ခဲ့ပါကြောင်း၊ ယခုနှစ် ဇန်နဝါရီလမှ မေလအထိ နိုင်ငံတကာ ခရီးသည်ဝင်ရောက်မှုကို ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၅၅ ရာခိုင်နှုန်း လျော့နည်းခဲ့ပါကြောင်း၊ Stay Home အစီအစဉ်ကြောင့် ပြည်တွင်းခရီးသွား လုပ်ငန်းများသည်လည်း ရပ်ဆိုင်းသွားခဲ့ပါကြောင်း။

 

COVID-19 ကြောင့်ဖြစ်ရသည့် လူမှုစီးပွားသက်ရောက်မှုများကို ဖြေလျှော့ပေးရန် နိုင်ငံတော်က CERP (COVID-19 Economic Relief Plan) ကို ချမှတ်လုပ်ဆောင်နေပြီ ဖြစ်ပါကြောင်း၊ CERP ၏ နောက်ဆက်တွဲအဖြစ် COVID-19 Tourism Relief Plan ကို ရေးဆွဲအတည်ပြုချက်ရယူပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက အဆင့် (၃) ဆင့်ဖြင့် စတင်အကောင်အထည်ဖော်နေပြီ ဖြစ်ပါကြောင်း။

 

လက်ရှိအချိန်တွင် ပထမအဆင့် Survival အနေဖြင့် ခရီးသွားလာရေးလုပ်ငန်းနှင့် ပတ်သက်သည့် လိုင်စင်ကြေးဖြေလျှော့ပေးခြင်း၊ ပေးဆောင်ရမည့်အခွန်အခများကို အချိန်ကန့်သတ်ရွှေ့ဆိုင်းပေးခြင်း၊ လုပ်ငန်းရှင်များ လုပ်ငန်းဆက်လက်လုပ်ဆောင်နိုင်ရန် အတိုးနှုန်းသက်သာသည့် ချေးငွေများထုတ်ပေးခြင်း၊ ဌာနပိုင်အဆောက်အဦ ငှားရမ်းခများ သက်သာခွင့်ပေးနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းပေးခြင်း စသည်တို့ကို ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲဖြစ်ပါကြောင်း။

 

ဒုတိယအဆင့်အနေဖြင့် ခရီးသွားလာရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် Reopening ကိုလုပ်ဆောင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲပြီး ပြည်ဝင်ခွင့်များပြန်လည်ပေးအပ်၍ လေဆိပ်များ ပြန်လည်ဖွင့်လှစ်သည်ကို ယခုနှစ်၏ တတိယ ၃ လပတ်နောက်ပိုင်းမှ သာမျှော်လင့်နိုင်သည့်အတွက် ပြည်တွင်းခရီးသွား လုပ်ငန်းဖြင့်ဦးစွာ စတင်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့ စတင်ရာတွင် COVID-19 ရောဂါကူးစက်မှု ပြန်လည်တိုးတက်မလာနိုင်ရန် သတိကြီးစွာ ထားဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ ထုတ်ပြန်သည့် COVID-19 ကပ်ရောဂါ ဘေးကင်းရေး လမ်းညွှန်မှုများကိုစုစည်းကာ National TourismGuidelines အဖြစ် ထုတ်ပြန်ထားပြီး ဖြစ်ပါကြောင်း။

 

ထိုသို့ထုတ်ပြန်ထားသည့် Guideline များကို အမှန်တကယ်ကျင့်သုံးလိုက်နာပြီး COVID-19 Safe Tourism Destination အဖြစ် မြန်မာ့ခရီးသွားလာရေးလုပ်ငန်း ပြန်လည်ပေါ်ထွက်လာရေးအတွက် ယခုဗဟိုကော်မတီတွင်ပါဝင်သည့် ဝန်ကြီးဌာနများ၊ ကော်မတီဝင်များ၊ ခရီးသွားလုပ်ငန်းကော်မတီ၊ ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီနှင့် ခရီးသွားလုပ်ငန်းနယ်ပယ်တွင် ရှိကြသည့် Stakeholder များအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုပါကြောင်း။

 

ဒုတိယအဆင့် Reopening ကို အောင်အောင်မြင်မြင် စတင်နိုင်ပါက တတိယအဆင့် Relaunching ကို ယခုနှစ်စတုတ္ထ ၃ လပတ်တွင် ASEAN နိုင်ငံများ၊ အာရှနိုင်ငံများနှင့် စတင်ဖော်ဆောင်ရန် ရည်ရွယ်ထားပါကြောင်း၊ မိမိတို့နိုင်ငံနှင့် တိုက်ရိုက်လေကြောင်းမရှိသည့် လာအို၊ ကမ္ဘောဒီးယားနိုင်ငံများနှင့် နယ်စပ်ဖြတ်ကျော် ခရီးသွားလာခြင်းကို Travel Bridge ပုံစံလုပ်ဆောင်နိုင်ရန် မိမိတို့နိုင်ငံနှင့် တိုက်ရိုက် လေကြောင်းရှိသည့် ထိုင်း၊ ဗီယက်နမ်နိုင်ငံများနှင့် TravelBubble လုပ်ဆောင်နိုင်ရန် ဖြစ်ပါကြောင်း၊ ထိုမှတစ်ဆင့် COVID-19 ကို ထိန်းချုပ်နိုင်နေပြီဖြစ်သည့် ဂျပန်၊ ကိုးရီးယား၊ တရုတ်၊ ဟောင်ကောင်၊ မကာအိုတို့နှင့် တိုးချဲ့လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း။

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံကို လာရောက်ခဲ့သည့် ပြည်ပခရီးသွားများ၏ သုံးစွဲငွေသည် အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်ရှိသည်ဟု သိရပါကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းက တိုက်ရိုက်အလုပ်ပေးထားသူ ၁ သိန်းနီးပါးရှိပြီး စားသောက်ဆိုင်၊ အနှေးယာဉ်၊ ပျံကျစျေးသည်များကဲ့သို့ သွယ်ဝိုက်အလုပ်အကိုင်ရရှိသူ ၂ သိန်းနီးပါးရှိကာ စုစုပေါင်းပြည်သူ ၃ သိန်းနီးပါးနှင့် မှီခိုသူမိသားစုများ အားကိုးအားထားပြုနေရသည်ဟု နောက်ဆုံး ကောက်ယူသည့် စာရင်းဇယားများအရ သိရှိရပါကြောင်း၊ ခရီးသွားလာရေးလုပ်ငန်း တစ်ဆင့်ပြီးတစ်ဆင့် ပြန်လည်စတင်နိုင်ပါက လူထုလူတန်းစားအသီးသီးထံ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်နည်းလမ်းဖြင့် ဝင်ငွေများ စီးဆင်းစေပြီး multiplier effect ဖြင့် လူတန်းစားနယ်ပယ် ပေါင်းစုံအကျိုးရှိစေမည် ဖြစ်ပါကြောင်း။

 

ခရီးသွားလုပ်ငန်းသည် မီးခိုးမထွက်သည့်စက်ရုံလုပ်ငန်းဟု တင်စားခေါ်ဝေါ် ပြောဆိုနိုင်သော်လည်း ခရီးသွားလာခြင်းများကြောင့် ဖြစ်ပေါ်လာသည့် ဘေးထွက်ဆိုးကျိုးများဖြစ်သည့် အမှိုက်စွန့်ပစ်ခြင်းများ၊ လေထုညစ်ညမ်းခြင်းများနှင့် သဘာဝပတ်ဝန်းကျင်ထိပါး ပျက်စီးခြင်းများဖြစ်ပေါ်လာသည့်အတွက် ခရီးသွားလုပ်ငန်း ပြန်လည်စတင်ပြီး တိုးတက်အောင် တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည် ဖော်ဆောင်ကြရာတွင် ဂေဟစနစ်ကို ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် တာဝန်ယူမှုရှိပြီး ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းအဖြစ် ဖော်ဆောင်ကြရန် လိုအပ်ပါကြောင်း။

 

COVID အလွန်ကာလ New Normal တွင်ခရီးသွားများ၏ ရွေးချယ်မှုသည် ယခင်ကနှင့်မတူ ပြောင်းလဲသွားပြီး လူများပြည့်ကြပ်နေသည့် မြို့ပြဘဝခရီးသွားထက် social distancing ဖြင့်နေထိုင်သွားလာခြင်းများ၊ Natural Tourism, Ethnic Tourism, Environmental Tourism ကဲ့သို့သော ခရီးသွားလာခြင်းများကို ပိုမိုလိုလားလာကြလိမ့်မည်ဟု ခန့်မှန်းသည့်အတွက် ထိုသို့သော ခရီးသွားများကို ပိုမိုဆွဲဆောင်နိုင်မည့် ခရီးသွားလာရေး ပုံစံသစ်ကို ဖော်ဆောင်နိုင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း။

 

နိုင်ငံတကာတွင် ကျင့်သုံးနေသည့် စည်းမျဉ်း၊ စည်းကမ်းများကို လေ့လာပြီး မိမိတို့ နိုင်ငံနှင့် လိုက်လျောညီထွေဖြစ်သည့် model များအဖြစ် ပြုပြင်ပြောင်းလဲကာ Safe & Enchanting Travel in Myanmar ဖြစ်စေရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများ ပေါင်းစပ်၍ ကြိုတင်လေ့လာ သုံးသပ်ကြစေလိုပါကြောင်း။

 

COVID-19 ကပ်ရောဂါဖြစ်ပွားနေသည့် ကာလတွင် ခရီးသွားလာရေးလုပ်ငန်းနှင့် ပတ်သက်သည့် လိုအပ်ချက်များကိုပြုပြင်ပြီး COVID-19 အလွန်ကာလတွင် မြန်မာ့ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ပြန်လည်တည့်မတ်လာရန်၊ အဆင်သင့်ဖြစ်နေစေရန်၊ ပြောင်းလဲလာသည့်ဖြစ်စဉ်များနှင့် လိုက်လျောညီထွေဖြစ်ရန် ပြောင်းလဲနိုင်ရေးသည့် ယခုဗဟိုကော်မတီတွင် ပါဝင်သည့်ဝန်ကြီးဌာနများနှင့် ကော်မတီဝင်များ၊ ခရီးသွားလုပ်ငန်း ကော်မတီ၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီနှင့် ခရီးသွားလုပ်ငန်း နယ်ပယ်များတွင်ရှိကြသည့် Stakeholder များအနေဖြင့် အားလုံးဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

3

 

ယင်းနောက် ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် အစီအမံများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ဗဟိုကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးတင်လတ်က ဟိုတယ်လုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းများ၏ လတ်တလောအခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ဗဟိုကော်မတီတွဲဖက်အတွင်းရေးမှူး  ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က ဗဟိုကော်မတီအစည်းအဝေး (၂/၂၀၁၉) ဆုံးဖြတ်ချက်များ မှတ်တမ်းတင်ပေးနိုင်ရေး၊ ခရီးသွားလုပ်ငန်း ကော်မတီဝင်နှင့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီဝင်များ ပြင်ဆင်ဖွဲ့စည်းနိုင်ရေးနှင့်  မသန်စွမ်းသူများ အတားအဆီးမဲ့ သွားလာနိုင်ရေးအတွက် (Barrier Free Tourism Pilot Project) ရေးဆွဲထားရှိမှုတို့ကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဦးစိုးဝင်း၊ ဦးသောင်းထွန်း၊ ဦးကျော်တင်၊ သူရဦးအောင်ကို၊ ဦးသန့်စင်မောင်၊ ဒေါက်တာသန်းမြင့်နှင့် ဒေါက်တာမြင့်ထွေးတို့က ဗဟိုကော်မတီ အစည်းအဝေး (၂/၂၀၁၉) ဆုံးဖြတ်ချက်ပါ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ၊ နိုင်ငံခြားခရီးသွားများ လိုက်နာဆောင်ရွက်သင့်သည့် ကိစ္စရပ်များ၊ ခရီးသွားလာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊  COVID–19 ကပ်ရောဂါဖြစ်ပွားမှုကြောင့် ခရီးသွားလုပ်ငန်းအပေါ် အကျိုးသက်ရောက်မှုများ၊ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရေးနှင့် စပ်လျဉ်းသည့် ပြည်ပနိုင်ငံများ၏ ဆောင်ရွက်နေမှု အခြေအနေများ၊ ပြည်ပဘုရားဖူးခရီးသွားလာခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ခရီးသွားလုပ်ငန်းအနေဖြင့် ကုန်သွယ်မှုတိုးတက်ဖွံ့ဖြိုးရေးကို အထောက်အပံ့ပြုနေသည့် ကိစ္စရပ်များ၊ COVID – 19 ကပ်ရောဂါနှင့် ခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးတင်မြင့်၊ ဒေါက်တာရဲမြင့်ဆွေနှင့် ဦးမြင့်ကြိုင်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်တို့က ဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် ဗဟိုကော်မတီဝင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ ဗဟိုကော်မတီဝင် ခရီးသွားလုပ်ငန်းတတ်သိပညာရှင်များ၊ ပုဂ္ဂလိကခရီးသွားအဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ဒေသအလိုက်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခဲ့မှုများကို Video Conferencing စနစ်ဖြင့် ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ (World Tourism Organization)၏ ထုတ်ပြန်ချက်အရ ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၄၀ ဒသမ ၂ ရာခိုင်နှုန်းရှိသဖြင့် တိုးတက်မှုအရှိဆုံးစာရင်း ဝင်ခဲ့သည်ဟု သိရပါကြောင်း၊ ထို့ကြောင့်  မြန်မာ့ခရီးသွားလုပ်ငန်း၏ အတိုင်းအတာ တစ်ခုအထိအောင်မြင်ခဲ့ခြင်းအား အသိအမှတ်ပြု ဂုဏ်ယူရမည်ဖြစ်ပါကြောင်း၊ ထို့သို့သော အောင်မြင်ခဲ့မှုသည် သက်ဆိုင်ရာ တာဝန်ရှိသူများအားလုံး တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းမှု၏ အသီးအပွင့်ရလဒ်ကောင်း ဖြစ်ပါကြောင်း၊ COVID အလွန်ကာလတွင်လည်း အဆိုပါနှုန်းအတိုင်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

 

သတင်းစဉ်