ဒုတိယအကြိမ် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြု လက်မှတ်ပေးအပ်သည့် အခမ်းအနား ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပ

နေပြည်တော်၊ ၂၀ ဇန်နဝါရီ 

 

ဒုတိယအကြိမ် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ် ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၂)တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်က အမှာစကား ပြောကြားသည်။

 

အခမ်းအနားသို့ တက်ရောက်လိုကြောင်း လိုအပ်ချက်များ ပြည့်စုံစွာဖြင့် လျှောက်ထားသူ အထက်တန်းရှေ့နေ (၁၅၆)ဦးကို တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်များ ပေးအပ်သည်။ ထို့နောက် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြု လက်မှတ်ရရှိသူများက ကတိသစ္စာပြုကြသည်။

 

အခမ်းအနားသို့  ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် (လုပ်ထုံး/စစ်ဆေးရေး)၊ ရှေ့နေရှေ့ရပ်ဌာနခွဲမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ လက်‌ထောက်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်း ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနား တက်ရောက်ရန် ကြေညာထားသူများအနက် (၂၉၈) ဦး၏ ဝင်ကြေးငွေသွင်းပြေစာနှင့် လွှတ်တော်ရှေ့နေ တံဆိပ်ခေါင်းများ ပေးပို့ရန်အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တရားလွှတ်တော် ရှေ့နေများကောင်စီတို့ ညှိနှိုင်း‌ဆောင်ရွက်ခဲ့ပြီး အဆိုပါအခမ်းအနား တက်‌ရောက်လိုကြောင်း လျှောက်ထားလာသူများနှင့်  အထက်တန်းရှေ့နေလိုင်စင်မူရင်းများ ပြန်လည်အပ်နှံကာ ပြည့်စုံသူ (၃၁၁) ဦးအနက် ယနေ့ ကျင်းပသည့် အခမ်းအနားတွင် (၁၅၆) ဦးကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

 

ဆက်လက်၍ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနားကို ထပ်မံကျင်းပမည်ဖြစ်ပြီး (၁၅၅)ဦးကို ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်