ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့)ကျင်းပ

တောင်ကြီး ၁၇ ဖေဖော်ဝါရီ   

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့)ကို ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီ(၁၇)ရက် နံနက် (၁၀)နာရီက ရှမ်းပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် လေ့လာသူများ တက်ရောက်ကြသည်။

 

2905

 

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပြီး၊ ကတိသစ္စာမပြုရသေးသော တပ်မတော်သားပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးသည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းဝေးတွင် တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၁၄၀)ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ(၁၄)ဦးရှိပြီး၊ အစည်းအဝေးသို့(၁၂၆)ဦး တက်ရောက်သဖြင့် (၉၀)% ရှိသောကြောင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် (ပထမနေ့)အစည်းအဝေး စတင်ကျင်းပကြောင်းကြေညာကာ အစည်းအဝေး မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၄)ဦးတို့အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ နမ့်စန် မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ခွင့်ပန်ကြားပြီး ပြည်နယ်လွှတ်တော် မှသဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို လွှတ်တော်မှအတည်ပြုကြောင်း ကြေညာသည်။

ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်က နှုတ်ခွန်းဆက်စကားပြောကြားပြီး၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်(၁၀)ဦးမှ ကြယ်ပွင့်ပြမေးခွန်း(၁၂)ခု မေးမြန်းခြင်းနှင့် အဆို(၁)ခုတင်သွင်းခြင်း ဆောင်ရွက်ရာတွင် မဘိမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညိုက “မဘိမ်းမြို့နယ်၊ မဘိမ်းမြို့ရှိ ကြိုးဖုန်း များအားကောင်းမွန်အောင် ပြန်လည်တပ်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိ” နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးမှလည်းကောင်း၊ မိုင်းပျဉ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးစိုင်းလှဝင်းက “မိုင်းပျဉ်းမြို့နယ်၊ နမ့်ရှိုကျေးရွာအုပ်စု၊ နမ့်ရှိုကျေးရွာရှိ အ.မ.က(မူလွန်)ကျောင်းတွင် ကျောင်းဆောင်သစ် ဆောက်လုပ်ခွင့်ပြုပေးရန် အစီအစဉ်ရှိ/မရှိ” နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှလည်းကောင်း၊ ရွာငံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစဝ်အောင်မြတ်(ခ)ဦးအောင်မြတ်က “ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာအုပ်စု၊ မင်းတိုင်ပင်ကျေးရွာရှိ မင်းတိုင်ပင်ရေလွှဲဆည်၏ တည်ဆောက်ပြီးစီးမှုအခြေအနေနှင့် ရေလွှဲဆည်ရေရှည်တည်တံ့ရန်အတွက် ပြုပြင်ထိန်းသိမ်းခြင်းအား မည်သို့စီမံဆောင်ရွက် ထားသည်”နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှ လည်းကောင်း၊ တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးအောင်သူခိုင်က “လားရှိုးမြို့နှင့်(၅)မိုင်အကွာ ဆုံကွယ် ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၊ ဆုံကွယ်(စစ်မှုထမ်းဟောင်း)ကျောင်း၌ (၂)ခန်းတွဲ ရေလောင်းအိမ်သာ(၂)လုံးနှင့် အဝီစိတွင်း(၁)တွင်းဆောင်ရွက်ပေးရန်” နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း မှလည်းကောင်း အသီးသီးပြန်လည်ဖြေကြားကြသည်။

၎င်းနောက် မိုင်းကိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန်က “မိုင်းကိုင်မြို့နယ် အတွင်းရှိ ပန်မိုက်ဟုန်း၊ ပန်မိုက်စုံ၊ ဟိုနား၊ ဝိင်းငင်းခမ်းနားနှင့် ဖောင်းမိန်းကျေးရွာများတွင် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ဂျာမနီနိုင်ငံ၊ KFW ချေးငွေဖြင့် စီမံကိန်းလုပ်ငန်းများ မည်သည့်အချိန်တွင် စတင်ဆောင်ရွက်မည်” နှင့်စပ်လျဉ်းသည့် မေးခွန်း အားမေးမြန်းရာ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီးဦးစိုင်းရှဲန်တစ်လုံမှလည်းကောင်း၊ “မိုင်းကိုင်မြို့၏အနောက် မြို့ပတ်လမ်း(စဝ်စံထွန်းလမ်း)နှင့် အရှေ့မြို့ပတ်လမ်း(အောင်မြတ်လမ်း)တို့အား ကတ္တရာလမ်းခင်းပေးရန်” နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းမှလည်းကောင်း၊ တပ်မတော်သား ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးပြည့်ဖြိုးအောင်က “မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့၊ အခြေခံပညာအထက်တန်းကျောင်းနှင့် နမ့်ဟူးခွန်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းရှိ စာသင်ဆောင်အား ပြန်လည်ပြုပြင်ပေးရန်(သို့မဟုတ်) ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန်၊ စာသင်ကြားမှုအထောက်အကူပစ္စည်းများအား ကူညီဖြည့်ဆည်းပေးမည့် အစီအစဉ်ရှိ/မရှိ” နှင့်စပ်လျဉ်း သည့်မေးခွန်းအားမေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှလည်းကောင်း၊ ပင်းတယမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ(ခ)ဦးညီလေးချမ်းက “ကြက်သားတွင် ဆဲလ်မိုနဲလားပိုးတွေ့ရှိရသည့် အတွက် ရှမ်းပြည်နယ်အတွင်း ပညာပေးဟောပြောပွဲများနှင့် ကြိုတင်ကာကွယ်တားဆီးရေးအတွက် စီမံဆောင်ရွက်ပေးမှု” နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှလည်းကောင်း အသီးသီးပြန်လည်ဖြေကြားကြသည်။

ယင်းနောက်  မိုင်းကိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံက “ကုန်တင်ယာဉ် ကြီးများကို မိုင်းကိုင်မြို့အတွင်း ဖြတ်သန်းမောင်းနှင်စေခြင်းမပြုဘဲ ရှောင်ကွင်း၍မောင်းနှင်စေရန် မြို့ရှောင်လမ်းဖောက်လုပ် ပေးမည့်အစီအစဉ်ရှိ/မရှိ” နှင့်စပ်လျဉ်းသည့် မေးခွန်းနှင့် “မိုင်းကိုင်မြို့နယ်၊ အရှေ့နှင့်အနောက်ဘက်ခြမ်းတို့တွင် တယ်လီဖုန်း တာဝါတိုင်များ တပ်ဆင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ” နှင့်စပ်လျဉ်းသည့် မေးခွန်းတို့အားမေးမြန်းရာ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဦးခွန်ရဲထွေးမှလည်းကောင်း၊ လွိုင်လင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်က “လွိုင်လင်မြို့နယ်အတွင်းရှိ အ.မ.က(ခွဲ)ကျောက်တန်းနှင့် ကျိုင်းခမ်းအား မူလတန်းအဆင့်တိုးမြှင့်ပြီး ကျောင်း (၆)ကျောင်းတွင် ကျောင်းဆောင်သစ်များ တည်ဆောက်ပေးနိုင်ရန်အတွက် မည်သို့ဆောင်ရွက်ပေးမည်” နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း မှလည်းကောင်း၊ နမ့်ဆန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွဏ်းက “ရှမ်းပြည်နယ်အတွင်း ဓာတ်သတ္တုစမ်းသပ်တိုင်းတာရေးနှင့် ဖြစ်မြောက် နိုင်စွမ်း လေ့လာရေးလုပ်ငန်း ဆောင်ရွက်ခွင့်လျောက်ထားရာတွင် ဖြေလျော့ခွင့်ပြုပေးရန် အစီအစဉ်ရှိ/မရှိ” နှင့်စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်မှ လည်းကောင်း အသီးသီးပြန်လည်ဖြေကြားကြသည်။

၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးစိုးညွန့်လွင်မှ ရှမ်းပြည်နယ် ဘဏ္ဍာ ရန်ပုံငွေတွင်ပါဝင်သော ဌာန/အဖွဲ့အစည်းများ၏ ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်ဖြည့်စွက် ခွင့်ပြုငွေစာရင်းအား ရှမ်းပြည်နယ် လွှတ်တော်သို့တင်သွင်းရာ ပြည်နယ်လွှတ်တော်က ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း နှင့်ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက ယနေ့ညနေ(၅)နာရီနောက်ဆုံးထား၍ ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းပေးသွင်းနိုင်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

ထို့နောက် ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ(ခ)ဦးညီလေးချမ်း က “ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ပလစ်စတစ်အိတ်သုံးစွဲခြင်းကို လျော့ချရေးအတွက် ပညာပေးဟောပြောပွဲများ ပြုလုပ်ပေးရန်နှင့် ပလပ်စတစ်အိတ်သုံးစွဲမှုကင်းမဲ့ဇုန်များကို စီမံချက်များချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း” အဆိုကိုပြည်နယ်လွှတ်တော်သို့တင်သွင်းရာ ယင်းအဆိုအား မဘိမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညိုက  ထောက်ခံဆွေးနွေးပြီး၊ ၎င်းအဆိုကို လက်ခံဆွေးနွေးရန်သင့်/မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် အဆိုကို ဖေဖော်ဝါရီ(၁၈)ရက်  အင်္ဂါနေ့တွင် ဆွေးနွေးမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့်ကိုယ်စားလှယ်များရှိပါက ယနေ့ညနေ(၅)နာရီ နောက်ဆုံးထား၍ ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းပေးသွင်းနိုင်ကြောင်း ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။

ယင်းနောက် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပထမနေ့)ကို နံနက် ၁၁ နာရီ မိနစ် ၅၀ တွင်ရပ်နားလိုက်ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)