ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကျင်းပ

နေပြည်တော် ၅ ဩဂုတ်

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်အစည်း အဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် ကျန်းမာရေးမှူးကောင်စီ ဥပဒေကြမ်းကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ၂၀၂၀ - ၂၀၂၁ခု၊ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို လွှတ်တော်သို့ဖတ်ကြား တင်ပြသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ မူနှင့်အခြေခံသဘောအပါအဝင် စီမံကိန်း လုပ်ငန်းများအပေါ် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဆက်လက်၍ ၂၀၂၀ - ၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေဆိုင်ရာနှင့် ရငွေသုံးငွေဆိုင်ရာ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာများကို ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူးဒေါက်တာ မြတ်ဉာဏစိုးနှင့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းတို့က လွှတ်တော်သို့ ဖတ်ကြားတင်ပြကြသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ မူနှင့်အခြေခံသဘောအပါအဝင် ရငွေသုံးငွေများအပေါ် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြားတင်ပြသည်။

 

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက အပိုဒ်၊ အပိုဒ်ခွဲအလိုက် ပြည့်စုံစွာဖော်ပြ၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အီလက်ထရောနစ်စာပို့စနစ်နှင့် ဒီဂျစ်တယ်သက်သေခံဆိုင်ရာ အခြေခံအဆောက်အဦစနစ် စီမံကိန်းဆောင်ရွက်ရန် ဩစတြီးယားနိုင်ငံ၊ Unicredit Bank ထံမှ ထောက်ပံ့ငွေ ယူရို ၀ ဒသမ ၈၆၁ သန်းနှင့် အတိုးမဲ့ချေးငွေ ယူရို ၄ ဒသမ ၈၇၆ သန်းရယူနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူမရှိသည့်အတွက် အတည်ပြုကြောင်း ကြေညာသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အာဆီယံအပြန်အလှန် အသိအမှတ်ပြုမှု အစီအစဉ်များဆိုင်ရာ သဘောတူညီချက်မူဘောင်တွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူမရှိသည့်အတွက် အတည်ပြုကြောင်း ကြေညာသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဒေသတွင်းဘက်စုံစီးပွား ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်တွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

လွိုင်ကော်မဲဆန္ဒနယ် မှ ဒေါက်တာခင်စည်သူက ယင်းစာချုပ်သည် အာဆီယံ၁၀ နိုင်ငံနှင့် အာရှ - ပစိဖိတ် ၆ နိုင်ငံ တို့အကြားတွင် ညှိနှိုင်းဆောင်ရွက်နေသည့် ကုန်သွယ် ရေးသဘောတူစာချုပ် ဖြစ်ပါကြောင်း၊ လက်မှတ်ရေးထိုး အကောင်အထည်ဖော်ရာတွင် ကုန်သွယ်မှုစည်းမျဉ်းစည်းကမ်းများအား တိကျစွာ လိုက်နာဆောင်ရွက်ရေး၊ ကျယ်ပြန့်ထိ ရောက်သည့် ပေါင်းစည်းချိတ်ဆက် ဆောင်ရွက်မှုအားကောင်းရေး၊ ပွင့်လင်းမြင်သာမှုရှိရေး၊ ထိရောက်သည့်ရလဒ်များ ပေါ်ပေါက်ရေး၊ ကုန်သွယ်ရေး မူဝါဒဆိုင်ရာယန္တရားများ ခိုင်မာရေးတို့အတွက် အဓိကထားပြီး ဆောင်ရွက်ရန်လိုအပ်ပါကြောင်း ထောက်ခံဆွေးနွေးသည်။

 

နွားထိုးကြီး မဲဆန္ဒနယ်မှ ဦးနိုင်ထူးအောင်က သဘောတူစာချုပ်တွင် ပါဝင်သည့် အခန်းများကို လေ့လာကြည့်ရာတွင် ယခင်က အခြားသဘောတူစာချုပ်များတွင် မပါဝင်ခဲ့သည့် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးကဲ့သို့ အခန်းကို ခေတ်နှင့်လျော်ညီစွာ ထည့်သွင်းထားသည်ကို တွေ့ရှိရပါကြောင်း၊ ပြောင်းလဲလာသည့်စီးပွားရေးပုံစံနှင့် ကိုက်ညီစေမည့် ပြဋ္ဌာန်းချက်များ ပါဝင်လာသည့်အတွက် ယင်းပြဋ္ဌာန်းချက်များနှင့်အညီ မိမိတို့နိုင်ငံတွင် လိုအပ်နေသည့် ဥပဒေသစ်များကို ရေးဆွဲနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ပြင် သဘောတူစာချုပ်တွင် ပါဝင်ခြင်းအားဖြင့် လက်ရှိကျင့်သုံးနေသည့် နိုင်ငံ၏ စီးပွားရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ပြန်လည်သုံးသပ်ပြီး နိုင်ငံတကာ အဆင့်မီ ပြုပြင်ပြောင်းလဲမှုများလည်း ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် မိမိနိုင်ငံ၏ စီးပွားရေးအဖွဲ့အစည်းများကို ခေတ်နှင့်အညီ လိုက်လျောညီထွေမှုဖြစ်စေပြီး နိုင်ငံတကာတန်းဝင်စေမည် ဖြစ်ပါကြောင်း ဆွေးနွေးသည်။

 

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗရတ်ဆင်းက ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် မြန်မာနိုင်ငံအနေဖြင့် အခြားစာချုပ်ဝင်နိုင်ငံများနှင့်အတူ လိုက်ပါဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် (၃၇)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းကိစ္စနှင့် စပ်လျဉ်း၍ အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူမရှိသည့်အတွက် အတည်ပြုကြောင်း ကြေညာသည်။

 

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (အဆင့်-၃) အကောင်အထည်ဖော် ဆောင်ရွက်ရန် ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ထံမှ ဂျပန်ယန်း ၁၅ ဘီလီယံချေးငွေရယူရေးနှင့် စပ်လျဉ်း၍ စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် စီမံကိန်းအဆင့်-၃ တွင် COVID – 19 ကြောင့် စီးပွားရေးထိခိုက်မှုရှိသည့် လုပ်ငန်းများကို ဦးစားပေး ထုတ်ချေးသွားရန် အစီအစဉ်များ ရေးဆွဲဆောင်ရွက် မည်ဖြစ်ပါကြောင်း၊ COVID-19 ကြောင့် ထိခိုက်မှု ရှိ/မရှိစိစစ်နိုင်ရန်အတွက် အချက်အလက်များကို ပြုစုထားပါကြောင်း၊ မလိုလားအပ်သော နှောင့်နှေးကြန့်ကြာမှုများ မရှိစေရေးအတွက်ကိုလည်း ကြပ်မတ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ချေးငွေအာမခံကော်ပိုရေးရှင်း ဥပဒေမူကြမ်းကို ရေးဆွဲပြုစုလျက်ရှိပြီး ADB ထံမှ ချေးငွေအမေရိကန်ဒေါ်လာ သန်း ၆၀ ရယူ၍ Credit Gurantee Corporation တည်ထောင်ရန်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ချေးငွေကို MSMEs များထံ မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန်ရောက်ရှိရေး၊ COVID–19 ကြောင့် ထိခိုက်သည့်လုပ်ငန်းများကို ဦးစားပေးရေး၊ တိုင်းဒေသကြီး/ ပြည်နယ် အနှံ့အပြား ရောက်ရှိရေးတို့ကို ကြပ်မတ်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ချေးငွေရယူမည့် ကိစ္စအား ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းချေးငွေရယူရေးကိစ္စနှင့် စပ်လျဉ်း၍ အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူ မရှိသည့်အတွက် အတည်ပြုကြောင်း ကြေညာသည်။

 

ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၉ - ၂၀၂ဝခု၊ ဘဏ္ဍာနှစ် ပထမ ၆ လပတ်အမျိုးသားစီမံကိန်းအစီရင်ခံစာနှင့် ၎င်းအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ (၈/၂၀၂၀) တို့နှင့် စပ်လျဉ်း၍ အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၇)မှ ဦးကျော်တုတ်၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးစိုးနိုင်နှင့် မင်းလှမဲဆန္ဒနယ်မှ ဒေါက်တာသန်းအောင်စိုးတို့က ဆွေးနွေးကြသည်။

 

အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချိုက ပြည်ပအကူအညီအထောက်အပံ့နှင့် နည်းပညာအကူအညီရရှိမှုနှင့် စပ်လျဉ်း၍ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် ပထမ ၆ လပတ်တွင် အမှန်တကယ် ထုတ်ယူသုံးစွဲနိုင်မှုသည် ယခင်နှစ်အလားတူကာလထက် ထက်ဝက် လျော့နည်းသည်ကိုတွေ့ရပါကြောင်း၊  ပြည်ပအကူအညီ အထောက်အပံ့သည် ချေးငွေမဟုတ်ဘဲ Grant ဖြစ်သည့်အတွက် COVID-19  ကာလတွင် လိုအပ်ချက်များ များစွာရှိသောကြောင့် များစွာသုံးစွဲဆောင်ရွက်မည်ဆိုပါက ပိုမိုကောင်းမွန်မည်ဆိုသည့် ပြည်သူ့ငွေ စာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်ကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။

 

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးစိုးနိုင်က အမျိုးသားစီမံကိန်း၏ နိုင်ငံပိုင်အခန်းရင်းနှီးမြှုပ်နှံမှုတွင် ပြည်ထောင်စုဝန်ကြီးဌာန ၆ ခုမှ လုပ်ငန်းစီမံချက်အတွက် ပထမ(၆)လပတ်လျာထားချက်အပေါ်  အကောင်အထည်ဖော်နိုင်မှု ၂၄ ဒသမ ၃၇ ရာခိုင်နှုန်း၊ တိုင်းဒေသကြီး/ပြည်နယ်များ၏ ဒေသန္တရစီမံကိန်းအကောင် အထည်ဖော်နိုင်မှု အများဆုံး ၆၀ ရာခိုင်နှုန်းကျော်နှင့် အနည်းဆုံး ၄၈ ရာခိုင်နှုန်းသာ အကောင်အထည်ဖော်နိုင်သည့်အတွက် ကျန်ကာလများတွင် ရည်မှန်းချက်အပြည့်အဝ အကောင်အထည်ဖော်နိုင်ရန် နိုင်ငံတော်အစိုးရအနေဖြင့် တွန်းအားပေးဆောင်ရွက်သင့်သကဲ့သို့ ဝန်ကြီးဌာနများကလည်း ကြိုးစားဆောင်ရွက်ပေးရန် တိုက်တွန်းလိုပါကြောင်း ဆွေးနွေးသည်။

 

ယင်းနောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၉ - ၂၀၂ဝ ခု၊ ဘဏ္ဍာနှစ် ပထမ ၆ လပတ် ပြည်ထောင်စုဘဏ္ဍာငွေအရအသုံးဆိုင်ရာ အစီရင်ခံစာနှင့် ၎င်းအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၉/၂၀၂၀)တို့နှင့် စပ်လျဉ်း၍ အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးထွန်းလင်းဦးနှင့် လှိုင်းဘွဲမဲဆန္ဒနယ်မှ ဦးခင်ချိုတို့က ဆွေးနွေးကြသည်။

 

တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းဦးက ၂၀၁၉ - ၂၀၂ဝခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာခန့်မှန်းခြေငွေစာရင်းပါ ပထမ ၆ လပတ်လျာထားချက်အပေါ် ဆောင်ရွက်ရာတွင် ငွေလုံးငွေရင်းရငွေ၊ သုံးငွေနှင့် ကြွေးမြီရငွေတို့တွင် ရည်မှန်းချက်ထက် လျော့နည်းခဲ့သည့်ဝန်ကြီးဌာန ၁၈ ခုရှိကြောင်း တွေ့ရှိရသည့်အတွက် ဌာနများ အနေဖြင့် အားနည်းချက်၊ အားသာချက်များ ဖော်ထုတ်ပြီး ပြုပြင်သင့်သည်များကို ပြုပြင်သွားရမည်ဖြစ်ပါကြောင်း၊ သို့မှသာ ဘဏ္ဍာရေးနှစ် ပြောင်းလဲသတ်မှတ်ခြင်း၏  ရည်ရွယ်ချက် အနှစ်သာရကို အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း။

 

ပြည်ထောင်စုလွှတ်တော်တွင်ရှိသည့် သက်ဆိုင်ရာကော်မတီများမှလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဒီမိုကရေစီအခွင့်အရေးများဖြစ်သည့် မဏ္ဍိုင်များအကြား အပြန်အလှန် ထိန်းကျောင်းခြင်းဖြင့်   ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေဘဲ အချိန်နှင့်တစ်ပြေးညီ လုပ်ငန်းများပြီးစီးပြီး ဘဏ္ဍာရေးနှစ်အလိုက် ဖွံ့ဖြိုးတိုးတက်လာနိုင်မည် ဖြစ်ပါကြောင်း ဆွေးနွေးသည်။

 

လှိုင်းဘွဲမဲဆန္ဒနယ်မှ ဦးခင်ချိုက ဘတ်ဂျက်နှစ်ပြောင်းလဲလိုက်သည့်အတွက် တည်ဆောက်ရေးလုပ်ငန်းများသည် ပထမ ၆ လအတွင်း လုပ်ငန်း၏ ၅၀ ရာခိုင်နှုန်းနှင့် အထက် ပြီးပြတ်အောင်  ဆောင်ရွက်နိုင်မှသာ စီမံကိန်းလုပ်ငန်းများ အဆင်ပြေအောင်မြင်နိုင်မည် ဖြစ်ပါကြောင်း၊ သို့မှသာနှစ်စဉ်ဖြစ်ပေါ်နေသည့် ပိုလျှံငွေအများအပြား ကျန်ရှိနေမှုကို ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် ပြင်ဆင်ဖြည့်စွက်ခွင့်ပြုလျာထား ငွေစာရင်းရေးဆွဲရာတွင် ဆက်လက်ဆောင်ရွက်ရန် အခက်အခဲရှိသည့် လုပ်ငန်းများမှ ပိုလျှံငွေများကို ပြန်လည်အပ်နှံကြရန်နှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိသည့် လုပ်ငန်းများကို နောင်လာမည့် ဘဏ္ဍာနှစ် မူလခွင့်ပြုလျာထားငွေစာရင်း ရေးဆွဲရာတွင် ပြန်လည်ထည့်သွင်းရေးဆွဲတောင်းခံကြရန် အကြံလိုပြုပါကြောင်း ဆွေးနွေးသည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကို ဩဂုတ် ၇ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်၊ အေးအေးသန့်