ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ စတင်ကျင်းပ

နေပြည်တော်  ၁၄ ဇူလိုင်

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ယနေ့စတင် ကျင်းပသည့် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ၂၀၂၀ပြည့်နှစ် ဩဂုတ်လ နောက်ဆုံးပတ်အပြီး ပြုလုပ်ရန်လျာထားပါကြောင်း၊ အဆိုပါ အစည်းအဝေးကာလတွင် နိုင်ငံတော်အတွက် နှစ်စဉ်မဖြစ်မနေ ဆောင်ရွက်ပေးရမည့် ၂၀၂၀ -၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းတို့နှင့် စပ်လျဉ်းပြီး ဆွေးနွေးအတည်ပြုပေးနိုင်ရေးကို အဓိကထားဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း။

 

ဥပဒေကြမ်းတွင်ပါရှိသည့် စီမံကိန်းလုပ်ငန်းများနှင့် ရငွေသုံးငွေများကို စိစစ်ကြမည့် ပူးပေါင်းအဖွဲ့များနှင့် ဥပဒေကြမ်းပူးပေါင်းကော်မတီ၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီတို့ အနေဖြင့်လည်း အခြေအနေအရ စိစစ်မှုကာလ လျှော့ချကန့်သတ်ပေးရခြင်းကို နားလည်ပေးစေလိုပါကြောင်း၊ ထို့ပြင် ဆောင်ရွက်ရန် ကျန်ရှိနေသည့် ဥပဒေကြမ်းများနှင့် အခြားသော လွှတ်တော်ဆိုင်ရာလုပ်ငန်းများကိုလည်း ဦးစားပေးအလိုက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပိုမိုများပြားသည့် လုပ်ငန်းတာဝန်များကို အချိန်မီဖြင့် အောင်မြင်စွာပြီးမြောက်နိုင်ရေးအားလုံးက ဝိုင်းဝန်းပူးပေါင်းပါဝင်ရန် လိုအပ်ပါကြောင်း။

 

(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးသည် COVID–19 ကူးစက်ရောဂါ ဖြစ်ပွားနေသည့်အချိန်တွင် ဆောင်ရွက်ရခြင်း ဖြစ်သည့်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ အပါအဝင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်းညှိနှိုင်းပြီး လွှတ်တော်ကိုယ် စားလှယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှုခံယူနိုင်ရေး၊ သွားလာနေထိုင်စားသောက် ရေးတို့ကို ရောဂါကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ၊ ညွှန်ကြားချက်များနှင့်အညီ တတ်စွမ်းသမျှ ဆောင်ရွက်ထားရှိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ တစ်ဦးချင်းအနေဖြင့်သိရှိပြီး ပူးပေါင်းဆောင်ရွက်ပေးစေလိုသည့် အကြောင်းအရာ များကိုလည်း ပန်ကြားစာဖြင့် ကြိုတင်ဖြန့်ဝေအသိပေးထားပြီး ဖြစ်ပါကြောင်း။

 

တတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် အထွေထွေရွေးကောက်ပွဲ ကျင်းပရေးဆိုင်ရာ ထုတ်ပြန်ချက်များကို အားလုံးသိရှိပြီးဖြစ်ပါကြောင်း၊ ထုတ်ပြန်ချက်များအရ တတိယသက်တမ်းအတွက် လွှတ်တော်ကိုယ်စားလှယ် လောင်းအမည်စာရင်း တင်သွင်းခြင်းနှင့် စိစစ်ခြင်းဆောင်ရွက်မည့် ရက်ကာလများသည် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကျင်းပမည့် ကာလအတွင်း ပါဝင်နေပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရန် သတ်မှတ်ကာလတွင် လွှတ်တော်အစည်းအဝေးများ ဆက်လက်ကျင်းပနေမည် ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်း စိစစ်မည့်ကာလအတွက် ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၈ ရက်မှ ၁၈ ရက်အထိ ကာလကို လွှတ်တော်အစည်းအဝေးများ ခေတ္တရပ်နားပေးထားရန် လျာထားပါကြောင်း၊ တတိယသက်တမ်းအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ကြမည့် ပုဂ္ဂိုလ်များအနေဖြင့် လိုအပ်သည်များကို ပြင်ဆင်ထား နိုင်ရန်နှင့် လွှတ်တော်ကိုယ်စားလှယ်အားလုံးလည်း သိရှိနိုင်ရန် ကြိုတင်ပြောကြားထားခြင်း ဖြစ်ပါကြောင်း။

 

ဒုတိယအကြိမ် လွှတ်တော်များ၏ ကျန်ရှိသည့် သက်တမ်းကာလအတွင်း နိုင်ငံတော်နှင့် ပြည်သူများ အကျိုးစီးပွားအတွက် လုပ်ငန်းတာဝန်များ ဆက်လက်ထမ်းဆောင်ကြရာတွင် ကိုယ်စားလှယ်များ၏ အမြော်အမြင် ရှိမှုနှင့် ကြိုးစားအားထုတ်မှုများကို မှတ်ကျောက်တင်ခံနိုင်ကြပါစေ၊ ပိုမိုကောင်းမွန်သည့် အနာဂတ် အတွက် နမူနာကောင်းများ လက်ဆင့်ကမ်းပေးနိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းရင်း ကြိုဆိုနှုတ်ခွန်းဆက်သ လိုက်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ကချင်ပြည်နယ် ဖားကန့်မဲဆန္ဒနယ်မှ ဦးတင်စိုးက၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဖားကန့်မြို့နယ် ဆိတ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာ တောင်ကမ်းပါးရံ ပြိုကျမှုဖြစ်စဉ်တွင် လူသေဆုံး၊ ပျောက်ဆုံးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိသူများအတွက် ဝမ်းနည်းကြောင်းအဆိုကို တင်သွင်း၍ ကချင်ပြည်နယ် မိုးကောင်းမဲဆန္ဒနယ်မှ ဦးဝင်းနိုင်က ယင်းအဆိုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးပါရန် ထောက်ခံ ဆွေးနွေးသည်။

 

ယင်းအဆိုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်နာယကက လွှတ်တော်၏ သဘောထားရယူရာ လွှတ်တော်က သဘောတူသဖြင့် ယင်းအဆိုကို အတည်ပြုကြောင်း ကြေညာသည်။

 

ယင်းဖြစ်စဉ်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်နာယကနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ အားလုံးသည် တစ်မိနစ်ခန့် မတ်တပ်ရပ်၍ ငြိမ်သက်ပြီး မေတ္တာပို့သကြသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတ၏ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် (၁/၂၀၂၀) ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေဆိုင်ရာ အမိန့်နှင့်စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၁၂ နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၃၂ တို့တွင် နိုင်ငံတော်သမ္မတသို့ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်နှင့်အညီ အခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်ပြုခြင်းနှင့် စပ်လျဉ်းသည့် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို ထုတ်ပြန်ခြင်း၊ ယင်းအမိန့်ကို ရက်ပေါင်း ၆၀ အတွင်း ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူခြင်းတို့ကို ဆောင်ရွက်မှသာ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီ အစဉ်ကို ဆောလျင်စွာအကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မည်ဖြစ်၍ ယင်းအမိန့်ကိုထုတ်ပြန်ရခြင်း ဖြစ်ပါကြောင်း။

 

နိုင်ငံတော်သမ္မတရုံး၏ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် ၁/၂၀၂၀ “ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေဆိုင်ရာအမိန့်” အရပေးအပ်ထားသည့် အခွန်သက်သာခွင့်များတွင် ၂၀၁၉-၂၀၂၀ ဝင်ငွေနှစ်အတွင်း ထပ်တိုးပေးချေရသည့် လုပ်ခ၊ လစာ စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းကို ပြန်အမ်းငွေရပိုင်ခွင့်မရှိသည့် အခွန် ခုနှိမ်ခွင့်အဖြစ် ခံစားခွင့်၊ ၂၀၁၉-၂၀၂၀ ဝင်ငွေနှစ်အတွင်း ထပ်တိုးပေးချေခဲ့ရသည့် လုပ်ခ၊ လစာစုစုပေါင်းပေးချေမှု၏ ၁၂၅ ရာခိုင်နှုန်းနှင့်ညီမျှသည့် ပမာဏကို အသုံးစရိတ်အဖြစ် ဝင်ငွေမှနုတ်ပယ်ခွင့်၊ ၂၀၁၉ - ၂၀၂၀ ဝင်ငွေနှစ်အတွင်း သတ်မှတ်မတည် အပိုင်ပစ္စည်းများ၊ ထပ်တိုးရင်းနှီးမြှုပ်နှံမှုအတွက် တိုးချဲ့သုံးစွဲခဲ့သည့် မတည်ပစ္စည်းတန်ဖိုး စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းကို ပြန်အမ်းငွေရပိုင်ခွင့်မရှိသည့် အခွန်ခုနှိမ်ခွင့်အဖြစ် ခံစားခွင့်၊ ၂၀၁၉-၂၀၂၀ ဝင်ငွေနှစ် အတွက်ရရှိမည့် ထပ်တိုးသတ်မှတ်မတည်အပိုင် ပစ္စည်းတန်ဖိုးလျော့စရိတ်၏ ၁၂၅ ရာခိုင်နှုန်းနှင့်ညီမျှသော ပမာဏကို တစ်ကြိမ်တည်းတိုးမြှင့် ခံစားခွင့်တို့ဖြစ်ပါကြောင်း။

 

အဆိုပါ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေဆိုင်ရာအမိန့်ဖြင့် ခံစားခွင့်ပြုလိုက်သည့် အခွန်ဆိုင်ရာသက်သာခွင့် များနှင့် စပ်လျဉ်း၍ ကျင့်သုံးရမည့် လုပ်ထုံးလုပ်နည်းများကိုလည်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါကြောင်း။

 

သို့ဖြစ်ပါ၍ COVID-19 Economic Relief Plan အရ COVID-19 ကြောင့် ပုဂ္ဂလိက ကဏ္ဍအပေါ် သက်ရောက်မှုများ လျော့နည်းစေရန် အခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်ပြုခြင်းနှင့် စပ်လျဉ်းသည့် နိုင်ငံတော်သမ္မတရုံး၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂၀၂၀ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေဆိုင်ရာ အမိန့်အပေါ် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူပေးနိုင်ပါရန် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ပြည်ထောင်စုလွှတ်တော်နာယကက ယင်းအမိန့်နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်းနှင့် ၂၀၂၀ ခုနှစ် ဇူလိုင် ၁၆ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်  ဆွေးနွေးရန် လျာထားပါ ကြောင်း ကြေညာသည်။

 

ထို့နောက် COVID-19 ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက် (COVID-19 Economic Relief Plan – CERP) နှင့်စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က မြန်မာနိုင်ငံအနေ ဖြင့် COVID-19 ၏ ထိခိုက်မှုဒဏ်သက်သာစေရန်အတွက် COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (COVID-19 Economic Relief Plan- CERP) ကို အချိန်မီထုတ်ပြန်ခဲ့ပါကြောင်း။

 

CERP တွင်ပါသည့် လုပ်ငန်းစီမံချက်များသည် ရေတိုလုပ်ငန်းစီမံချက်များဖြစ်ပြီး တစ်ခုချင်းသည် အသေးစိတ် လုပ်ငန်းစဉ်များ ဖြစ်ပါကြောင်း၊ CERP တွင်ပါသည့် လုပ်ငန်းစီမံချက် တစ်ခုချင်းသည် အသေးစိတ်လုပ်ငန်းစဉ် များဖြစ်သည့်အတွက် အကောင်အထည်ဖော်ရန် ရှင်းလင်းပြတ်သားသည့် လမ်းညွှန်ချက်များဖြစ်ပါကြောင်း၊ ထူးခြားသည့်အချက်သည် လုပ်ငန်းစဉ်တစ်ခုချင်းစီအတွက် တာဝန်ခံဝန်ကြီးဌာနများကို ဖော်ပြထားပြီး စောင့်ကြည့် စစ်ဆေးမှုအခန်းကဏ္ဍတွင်လည်း အနည်းဆုံး ဆောင်ရွက်ရန် အချိန်ဇယားများကိုလည်း ဖော်ပြထားပါကြောင်း။

 

ထို့ပြင် ၎င်းလုပ်ငန်းစီမံချက်များသည် ကျယ်ပြန်သည့် မေခရိုစီးပွားရေးကဏ္ဍ တစ်ခု တည်းကို ဦးတည်ခြင်းမဟုတ်ဘဲ ပိုမိုအသေးစိတ်ကျသည့် ပုဂ္ဂလိကလုပ်ငန်းများ၊ အိမ်ထောင်စုများ၊ အလုပ်သမား၊ တောင်သူ စသည့် အသေးစိတ် အုပ်စုများကို တိုက်ရိုက်အကျိုးရှိစေရန် ဦးတည်ထားပါကြောင်း၊ ထို့အတူ GDP ၏ အစိတ်အပိုင်းများဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုတိုးတက်ရန်၊ အိမ်ထောင်စုစားသုံးမှုများ ပိုမိုမြင့်တက်စေရန်၊ ထိရောက်သည့် နေရာများတွင် နိုင်ငံတော်အသုံးစရိတ် တိုးမြှင့်သုံးစွဲနိုင်ရန် စသည့် အချက်များကိုလည်း ဦးတည်ထားပါကြောင်း။

 

CERP လုပ်ငန်းစဉ်များတွင် သုံးစွဲရန်ငွေကြေးပမာဏသတ်မှတ်ပါရှိသည့် လုပ်ငန်းစဉ် ၃ ခုခန့်သာရှိပြီး ကျန်ရှိသော လုပ်ငန်းစဉ်အားလုံးသည် ငွေကြေးပမာဏ အတိအကျသတ်မှတ်ထားမှုမရှိဘဲ ငွေကြေးပမာဏ ရနိုင်သလောက်နှင့် အဆင့်ဆင့် ဆောင်ရွက်နိုင်မည့် လုပ်ငန်းများဖြစ်ပါကြောင်း၊ CERP တွင်ပါရှိသည့် လုပ်ငန်းစဉ်များတွင် ငွေကြေးသုံးစွဲ ရမည့် လုပ်ငန်းစဉ်များအပြင် နိုင်ငံတော်ဝင်ငွေ လျော့ကျမည့် လုပ်ငန်းစဉ်များဖြစ်သော အခွန်အခများ လျှော့ချခြင်း၊ လျှော်ပေးခြင်း၊ ရွှေ့ဆိုင်းခြင်းစသည့် လုပ်ငန်းစဉ်များလည်းပါရှိပါကြောင်း။

 

CERP လုပ်ငန်းစီမံချက်များသည် COVID-19 ကာလအတွင်းရှိ စီးပွားရေးထိခိုက်မှုကို သက်သာစေရန် ရေတိုလုပ်ငန်း စီမံချက်များဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ ရေရှည်စီမံချက်ဖြစ်သော ရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) နှင့် ချိတ်ဆက်ရန်လိုပါကြောင်း၊ သို့ဖြစ်ပါ၍ CERP နှင့် MSDP တို့၏ ချိတ်ဆက်မှု ပိုမိုအား ကောင်းစေရန် လိုအပ်လျှင် စီးပွားရေးနာလန်ထူရေးစီမံချက် (Economic Recovery Plan) ကို ရေးဆွဲချိတ်ဆက်ရန် စီစဉ်ထားပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ပြည်ထောင်စုလွှတ်တော်နာယက က ယင်းစီမံချက်နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်းနှင့် ၂၀၂၀ ခုနှစ် ဇူလိုင် ၁၇ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်  ဆွေးနွေးရန် လျာထားပါကြောင်း ကြေညာသည်။

 

ယင်းနောက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်းဥပဒေ(မူကြမ်း)တွင် အခန်း (၃)ခန်း၊ ပုဒ်မ (၁၄) ခု၊ ပူးတွဲဇယား (၇)ခု ပါဝင်ပါကြောင်း၊ အခန်း(၁)သည် အမည်၊ စတင်အာဏာ တည်ခြင်းနှင့် အဓိပ္ပာယ် ဖော်ပြချက်များဖြစ်ပါကြောင်း၊ အခန်း(၂)တွင် စီမံကိန်းရည်မှန်းချက် များကိုဖော်ပြထားပါ ကြောင်း၊ အခန်း(၃) အထွေထွေဖော်ပြချက်တွင် စီမံကိန်းရည်မှန်းချက်များကို အဆက်အစပ်မိမိ ပေါင်းစပ်ဖွဲ့စည်း အကောင်အထည်ဖော်ရန်၊ အကောင်အထည်ဖော်ရန်လိုအပ်သည့် လုပ်ငန်းအစီအစဉ်များနှင့် ညွှန်ကြားချက်များကို ကဏ္ဍအလိုက်၊ ဒေသအလိုက် အသေးစိတ်ရေးဆွဲဆောင်ရွက်နိုင်ရန် ဖော်ပြထားပါကြောင်း။

 

ထို့ပြင် စီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအနေဖြင့် စီမံကိန်းများကို လေ့လာဆန်းစစ်၍ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်ရန်နှင့် အကျိုးစီးပွားဖြစ်ထွန်းမှု မရှိသည့် စီမကိန်းများကို ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း၊ လျှော့၍ခွင့်ပြုခြင်းများ ဆောင်ရွက်ရန် ဖော်ပြထားပါကြောင်း။

 

ပူးတွဲဇယား (၇)ခုဖြင့် ကဏ္ဍကြီးများ၊ ကဏ္ဍအလိုက်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး ရည်မှန်းချက်များကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ပုံမှန်ဈေးနှုန်းနှင့် နှစ်အလိုက်ဈေးနှုန်းများအရ ခွဲခြားပြီး ပိုင်ဆိုင်မှုအခန်းအလိုက် ရင်းနှီးမြှုပ်နှံမှု လျာထားချက်များကို ထည့်သွင်း ဖော်ပြထားပါကြောင်း။

 

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်းဥပဒေ(မူကြမ်း)နှင့်အတူ နောက်ဆက်တွဲ (၄)ခုပါရှိပါကြောင်း၊ နောက်ဆက်တွဲ(၁)တွင် ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီး ဌာနများ၏ လုပ်ငန်းစဉ်များကို မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းမဟာဗျူဟာ၊ လုပ်ငန်းစဉ်များနှင့် ချိတ်ဆက်ပြီး တင်ပြထားပါကြောင်း။

 

နောက်ဆက်တွဲ(၂)တွင် နိုင်ငံပိုင်အခန်းကဏ္ဍကဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှုလျာထား ချက်များတွင် ဗျူဟာမြောက်စီမံကိန်းများကို ထည့်သွင်းထားပါကြောင်း၊ နောက်ဆက်တွဲ(၃)တွင် ကဏ္ဍအလိုက် ရည်မှန်းချက်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ရည်မှန်းချက်များပါရှိပါကြောင်း၊ နောက်ဆက်တွဲ (၄)တွင် ပြည်ထောင်စုဝန်ကြီးဌာနများက အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများဖြစ်ပါကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်းဥပဒေ(မူကြမ်း)ကို ပြည်ထောင်စု လွှတ်တော်၌  ဆွေးနွေးအတည်ပြုပေးနိုင်ပါရန် တင်သွင်းပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ပြည်ထောင်စုလွှတ်တော်နာယကက ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ဥပဒေ၊ နည်းဥပဒေနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော အမျိုးသားစာကြည့်တိုက်ဉပဒေကြမ်းနှင့် စပ်လျဉ်း၍ ကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို ဖတ်ကြားတင်ပြရာ ပြည်ထောင်စုလွှတ်တော် နာယက က ယင်းဥပဒေကြမ်း နှင့်စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့်အချက်များနှင့် တိုက်ရိုက်သက်ဆိုင်သည့် ပြင်ဆင်ချက် အဆိုတင်သွင်း ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ထို့နောက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ၂၀၁၉-၂၀၂ဝဘဏ္ဍာနှစ်၊ အမျိုးသား စီမံကိန်းတွင် စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးကို နှစ်အလိုက်ဈေးနှုန်းအရ ငွေကျပ် ၁၁၉ ဒသမ ၀၂၃ ထရီလီယံနှင့် ၇ ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းခဲ့ရာ ပထမ(၆)လပတ် (အောက်တိုဘာလမှ မတ်လ)တွင် ငွေကျပ် ၇၄ ဒသမ ၅၀၃ ထရီလီယံရရှိခဲ့သဖြင့် စီမံကိန်းရည်မှန်းချက်အပေါ် ၆၂ ဒသမ ၆ ရာခိုင်နှုန်း အကောင်အထည်ဖော်နိုင်ခဲ့ပါကြောင်း၊ ပထမ (၆)လပတ်တွင် ပုံမှန်ဈေးနှုန်းအရ ၆ရာခိုင်နှုန်းတိုးတက်မှုရရှိခဲ့ သော်လည်း ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်၍ ကြုံတွေ့ခဲ့ရသည့် ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ (COVID – 19) ကြောင့် ကမ္ဘာတစ်ဝန်း ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးတို့အပေါ် ထိခိုက်မှုများဖြစ်ပေါ်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လည်းရှောင်လွှဲ၍မရနိုင်ဘဲ ရောဂါမပြန့်ပွားရေးနှင့် ရောဂါကြောင့် လူမှုရေး၊ စီးပွားရေး၊ ထိခိုက်များကို အသက်သာဆုံး ဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်ခဲ့ရပါကြောင်း၊ သို့ဖြစ်ရာ ၂၀၁၉-၂၀၂ဝ ဘဏ္ဍာနှစ်ကုန်တွင် စီးပွားရေး တိုးတက်မှုနှုန်း ၄ ဒသမ ၃ ရာခိုင်နှုန်းသာရရှိနိုင်မည်ဟု ခန့်မှန်းထားပါကြောင်း။

 

၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ်တွင် တစ်မျိုးသားလုံး၏ စုစုပေါင်း ပြည်တွင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (ဂျီဒီပီ)ကို နှစ်အလိုက်ဈေးနှုန်းအရ ငွေကျပ် ၁၂၅ ဒသမ ၈၀၃ ထရီလီယံရရှိရန် ခန့်မှန်းထားပြီး ဂျီဒီပီတိုးတက်မှု နှုန်းကို ၆ ရာခိုင်နှုန်း ရရှိနိုင်မည်ဟု မျှော်မှန်းထားပါကြောင်း၊ ကဏ္ဍအလိုက် ရည်မှန်းချက်အနေဖြင့် လယ်ယာ ကဏ္ဍကြီးတွင် ၂ ဒသမ ၆ ရခိုင်နှုန်း၊ စက်မှုကဏ္ဍကြီးတွင် ၆ ဒသမ ၅ ရာခိုင်နှုန်းနှင့် ဝန်ဆောင်မှုကဏ္ဍကြီးတွင် ၇ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်ဖြစ်ပေါ်ရန် ရည်မှန်းထားပါကြောင်း။

 

ငွေရေးကြေးရေးကဏ္ဍတွင် ဈေးနှုန်းများတည်ငြိမ်ရေးကို ထိန်းသိမ်းရန်နှင့် မြန်မာကျပ်ငွေ တန်ဖိုးပိုမိုတည်တံ့ခိုင်မာ စေရန်၊ ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းသိမ်းနိုင်ရန် ပြည်သူ များလိုအပ်နေသည့် ကုန်စည်များထုတ်လုပ်မှု၊ စားသုံးမှု၊ ကုန်စည်စီးဆင်းမှု စသည့် နယ်ပယ်အသီးသီးမှ ပူးပေါင်းဆောင်ရွက်ရန် မျှော်မှန်းထားပါကြောင်း။

 

ဘဏ္ဍာရေးကဏ္ဍတွင် အခွန်အကောက်ရငွေများ တိုးတက်ရရှိစေရန်၊ အစိုးရအသုံးစရိတ်များကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲရန်၊ ပြည်သူကိုတိုက်ရိုက်အကျိုးပြု လုပ်ငန်းများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လူမှုကာကွယ် စောင့်ရှောက်ရေး အသုံးစရိတ်များပိုမို တိုးမြှင့်ပေးရန်၊ ဖွံ့ဖြိုးမှုအတွက်လိုအပ်သော အခြေခံအဆောက်အအုံများ ဖြစ်သည့် လမ်း၊ တံတား၊ ဆောက်လုပ်ရေးနှင့် စီးပွားရေးအခြေခံ အဆောက်အအုံများအတွက် အသုံးစရိတ်များ မြှင့်တင်ပေးရန်၊ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ COVID–19 ကြောင့် ထိခိုက်ခဲ့သည့် ကဏ္ဍများအတွက် ပြန်လည် ထူထောင်ရေးဆိုင်ရာ အသုံးစရိတ်များကို ဆက်လက်သုံးစွဲပေးရန် မျှော်မှန်းထားပါကြောင်း။

 

ယခုနှစ်အတွက် အရအသုံးခန့်မှန်းခြေငွေစာရင်းရေးဆွဲရာတွင် ယခင်နှစ်များ ကဲ့သို့ နှစ်လတ်ဘဏ္ဍာရေးမူဘောင်ကို အခြေခံ၍ ရေးဆွဲထားပါကြောင်း၊ COVID–19 ကပ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံ၏ စီးပွားရေး ထိခိုက်မှုရှိပြီး ပုံမှန်ရနေသည့် အခွန်အခများလျော့နည်းနိုင်ခြင်း၊ ကမ္ဘာ့ရေနံဈေးနှုန်း ကျဆင်းမှုကြောင့် သဘာဝ ဓာတ်ငွေ့ရောင်းရငွေများ လျော့နည်းနိုင်ခြင်း စသည်တို့ကြောင့် အစိုးရ၏ ရငွေများလျော့နည်းနိုင်သည့် အခြေအနေနှင့် တစ်ဖက်တွင်လည်း အသုံးစရိတ်များကို အစိုးရက ဦးဆောင်သုံးစွဲပေးမှသာ နိုင်ငံတော်၏ ဂျီဒီပီတိုးတက်မှုအပေါ် ထိခိုက်မှုကို ကာကွယ်ထိန်းချုပ်နိုင်မည့်အခြေအနေတို့ကို တွက်ဆ၍ ပြည်ထောင်စု အစိုးရအဖွဲ့သည် ယခုနှစ်တွင်လည်းယခင်နှစ် နည်းတူ လိုငွေနှင့် ဂျီဒီပီအချိုးကို ၅ ရာခိုင်နှုန်းထက်ကျော်လွန် ရေးဆွဲတင်ပြထားသည်ကို တင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ပြည်ထောင်စုလွှတ်တော်နာယက က ယင်းဥပဒေကြမ်းများနှင့်စပ်လျဉ်း၍ ၂၀၂၀- ၂၀၂၁ ခုဘဏ္ဍာရေးနှစ်၊ အမျိုးသား စီမံကိန်းဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေကြမ်းတို့တွင် ပါရှိသည့် ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများ၏ စီမံကိန်းလုပ်ငန်းများနှင့် ရငွေသုံးငွေများကို စိစစ်နိုင်ရန်အတွက် စိစစ်ရေးပူးပေါင်းအဖွဲ့ ၂၀ ကို ဖွဲ့ စည်းပေးထားပြီးဖြစ်ပါကြောင်း၊ စိစစ်ရေးပူးပေါင်းအဖွဲ့အနေဖြင့် စိစစ်တွေ့ရှိချက်များကို သတ်မှတ်ရက် အမီ ပေးပို့နိုင်ရေး အလေးထားဆောင်ရွက်ကြရန်နှင့် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီနှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီတို့ကလည်း တင်ပြပါ အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့အတွက် လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာများ ကို ဩဂုတ်လ ၇ ရက်မတိုင်မီ လွှတ်တော်သို့တင်သွင်းနိုင်ရေး ညှိနှိုင်းဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော တိရစ္ဆာန် ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်း နှင့် စပ်လျဉ်း၍ ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြား တင်ပြရာ ပြည်ထောင်စုလွှတ်တော် နာယကက ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် အချက်များနှင့် တိုက်ရိုက်သက်ဆိုင်သည့် ပြင်ဆင်ချက်အဆိုတင်သွင်း ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဆက်လက်၍ ၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒကြမ်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်အကောက်ရငွေများ ပြည့်ဝစွာကောက်ခံရရှိရေး၊ နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူဖြစ်စေရေး၊ အခွန်ဥပဒေများကို ပိုမိုလေးစားလိုက်နာ လာစေရေးတို့အတွက် ယခုနှစ်အခွန်အကောက် ဥပဒေမူကြမ်းကို ပြုစုတင်ပြထားကြောင်း၊ လွှတ်တော်ရေးရာ ကော်မတီများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ဥပဒေကြမ်းအပေါ် အကြံပြုချက်များကိုလည်း ကြိုဆိုလျက် ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေမူကြမ်းအပေါ် လွှတ်တော်မှ ဆွေးနွေးသုံးသပ်၍ အတည်ပြုပေးနိုင်ပါရန် ဖွဲ့စည်းပုံအခြေခံဥပဒေအညီ လွှတ်တော်သို့ တင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ပြည်ထောင်စုလွှတ်တော်နာယက က ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၆ ရက် နံနက်ပိုင်းတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်း- မော်စီ၊ ဟန်လင်းနိုင်

ဓာတ်ပုံ- ကျော်ဇင်ထိုက်