ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကျင်းပ

နေပြည်တော် ၁၁ ဒီဇင်ဘာ

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းထားရှိသော အာဆီယံပါလီမန်များ ညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီတွင် အဖွဲ့ဝင်များအဖြစ် ကလောမဲဆန္ဒနယ်မှ ဒေါ်ပြုံးကေသီနိုင် အစား ဒေါပုံမဲဆန္ဒနယ်မှ  ဦးဌေးဝင်းအောင် () ဦးပြုံးချို အားလည်းကောင်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးဖေတင် အစား  ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်()မှ ဦးဂျေယောဝူအား လည်းကောင်း ပြောင်းလဲတာဝန်ပေးအပ်ခြင်းကို တင်ပြ၍ လွှတ်တော်၏ သဘောတူညီချက်ရယူသည်။

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော Toyota Landcruiser (Bullet Proof) မော်တော်ယာဉ်()စီး တင်သွင်းရာတွင် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ရရှိရေးကိစ္စနှင့် စပ်လျဉ်း၍ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးစိုးသိန်းနှင့် ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီးတို့က ဆွေးနွေးကြသည်။

ယင်းနောက် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးစိုင်းသန်းနိုင် အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦး တင်ပြထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် စပ်လျဉ်း၍ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး သန့်ဆွေက ပြင်ဆင်ရန် တင်ပြသည့် ဥပဒေမူကြမ်း၏ ပုဒ်မ၊ ပုဒ်မခွဲများသည် နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးတို့အပေါ် အကျိုးမဲ့ထိခိုက်စေခြင်း၊ ပြည်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ထိခိုက်စေခြင်း အနည်းငယ်မျှမရှိခြင်းကြောင့် လွှတ်တော် ကိုယ်စားလှယ်အားလုံး ထင်သာမြင်သာချပြ ဆွေးနွေးနိုင်ရန် ဆောင်ရွက်သင့်ပါကြောင်း၊ ထို့ကြောင့် ၄၅ ဦးပူးပေါင်းကော်မတီ၏ လုပ်ငန်းစဉ်တွင် ထည့်သွင်းဆောင်ရွက်ရန် မသင့်ပါကြောင်းနှင့် အစီရင်ခံစာ (၇၅/၂၀၁၉) ကို ကန့်ကွက်ပါကြောင်း ဆွေးနွေးသည်။

ထီးချိုင့်မဲဆန္ဒနယ်မှ ဦးမောင်မောင်က ဖက်ဒရယ်ဒီမိုကရေစီ လက္ခဏာနှင့် ပြည့်စုံညီညွတ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးသည် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ ပြင်းပြသည့် နိုင်ငံရေးအာသီတတစ်ရပ် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပန်းတိုင်သို့ သွားရာတွင် ပြည်သူများ အမှန်တကယ်မျှော်လင့်ပြီး အနာဂတ်ဒီမိုကရေစီ လူ့ဘောင်တည်ဆောက်ရေးအတွက် အရေးကြီးသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အချိန်ကြန့်ကြာမှုမရှိစေရန် ပူးပေါင်းကော်မတီ၏ အစီရင်ခံစာပါအတိုင်း အတူတကွ ဖြည့်စွက်ပြင်ဆင်ပေးကြပါရန် တိုက်တွန်းအပ်ပါကြောင်း ထောက်ခံဆွေးနွေးသည်။

ကျောင်းကုန်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်းက ၄၅ ဦးပူးပေါင်းကော်မတီအနေဖြင့် ပြင်ဆင်မည့်အချက် ၃၇၀၀ ကျော်ကို ပူးပေါင်းကော်မတီ၏ မူဝါဒများနှင့်အညီ ဆက်လက်လုပ်ဆောင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ အခန်း(၁၂)နှင့်အညီ လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်း လက်မှတ်ရေးထိုးတင်သွင်းသည့် မူကြမ်းကို နည်းဥပဒေ အရဖွဲ့စည်းထားသည့် ဥပဒေကြမ်းပူးပေါင်းကော်မတီက စိစစ်ပြီး အဆိုပြုတင်သွင်းထားသည့် ကိုယ်စားလှယ်များနှင့် ညှိနှိုင်းတိုင်ပင်၍ မူကြမ်းကို သဘောတူခြင်း၊ မူလအတိုင်းထားရှိခြင်း၊ ပြင်ဆင်ခြင်း၊ အစားထိုးခြင်း၊ ပယ်ဖျက်ခြင်းစသည်တို့ ဆောင်ရွက်မည်ဆိုပါက အဆိုပြုတင်သွင်းထားသည့် မူကြမ်းတစ်ခုချင်း ပြီးပြတ်သွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဦးစိုင်းသန်းနိုင်အပါအဝင် ၂၀ ရာခိုင်နှုန်းသော လွှတ်တော် ကိုယ်စားလှယ်များ၏ ဒုတိယအကြိမ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမူကြမ်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အခန်း(၁၂)နှင့်အညီ လက်ခံဆောင်ရွက်ပေးပါရန် တင်ပြအပ်ပါကြောင်း ဆွေးနွေးသည်။

လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦးက ဖွဲ့စည်းပုံအခြေခံဥပဒေကို အားလုံး၏ လိုလားချက်များ၊ သဘောထားများဖြင့် ညှိနှိုင်းဆွေးနွေးဆုံးဖြတ် ပြင်ဆင်ပြီးသည့် အခါတွင် ပြင်ဆင်ပြီးသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် အစိုးရကို ပြည်သူက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်သည့်စနစ်၊ တိုင်းရင်းသားများလိုလားသည့် ဖက်ဒရယ်စနစ်၊ ဖက်ဒရယ်စနစ်နှင့်အညီ အာဏာခွဲဝေမှု၊ သယံဇာတခွဲဝေမှု၊ အကောက်ခွန်ခွဲဝေမှု၊ တန်းတူညီတူရှိမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ ရှိရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်များအားလုံး ယုံကြည်မှုတည်ဆောက်၍ အပြန်အလှန် လေးစားအသိအမှတ်ပြုမှု၊ တန်ဖိုးထားမှုကို အခြေခံပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်သွားနိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို စုပေါင်းဆောင်ရွက်ကြပါဟု တိုက်တွန်းလိုပါကြောင်း ဆွေးနွေးသည်။

သထုံ မဲဆန္ဒနယ်မှ ဒေါ်မာမာခိုင်က ဥပဒေတစ်ခုကို ပြင်ဆင်ရာတွင် မိမိလိုချင်သည့် ပုဒ်မ၊ ပုဒ်မခွဲတစ်ခုကိုသာ လိုသလိုဆွဲယူပြင်ဆင်၍ မရဘဲ ကျန်ပြင်ဆင် ချက်များ၊ မူရင်းပြဋ္ဌာန်းချက်များ၊ ကျန်နေသည့်အချက်များနှင့် ချိတ်ဆက်မိရန်၊ ရှေ့နောက် ညီညွတ်ရန်တို့ လိုအပ်သည်ကို လွှတ်တော်ကိုယ်စားလှယ်များ သိရှိကြမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လေ့လာစိစစ်ရေးပူးပေါင်းကော်မတီက ပြင်ဆင်သည့် ဥပဒေမူကြမ်းအားလုံးကို တစ်ပေါင်းတည်း စိစစ်လေ့လာရန်အတွက် အစီရင်ခံစာတင်သွင်း ခဲ့ခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်၍ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီက အကောင်းဆုံးပြင်ဆင်ချက် ဥပဒေမူကြမ်းတစ်ခု ဖြစ်လာရန် ရည်ရွယ်တင်သွင်းသည့် အစီရင်ခံစာကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။

ယင်းအစီရင်ခံစာအပေါ် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်()မှ ဦးတင်အောင်ထွန်း၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်()မှ ဒေါ်နန်းနီနီအေး၊ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ဉာဏ်ရွှေ၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးမျိုးဝင်းနှင့် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဇာနည်ထက်အောင်တို့က ဆက်လက်ဆွေးနွေးကြသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ကို ဒီဇင်ဘာ ၁၇ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်၊ အေးအေးသန့်