ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ကျင်းပ

နေပြည်တော် ၁၃  ဒီဇင်ဘာ

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅)  ရက်မြောက်နေ့ကို ယနေ့ နံနက်  ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မဲဆန္ဒနယ်မှ ဦးအေးနိုင်၏ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ရေစီးရေလာ ကောင်းမွန်ရေးအတွက် စီမံချက်ရေးဆွဲ၍ ဘဏ္ဍာငွေ လျာထားသတ်မှတ်ပေးပြီး လမ်းမကြီး (၁၀)လမ်းကို အုတ်ပတ်ကားရေမြောင်းများ သို့မဟုတ် ပရီကတ်ရေမြောင်းများ အမြန်ဆုံး ပြုလုပ်ပေး၍  ဆက်စပ်လျက်ရှိသော သိမ်ကျောင်းချောင်း၊ ဘဲတန်းကျောင်း၊ ကွေ့မချောင်း၊ မဓမကြီးရိုးချောင်း နှင့် ဧရာဝဏ်ဆက်စပ်မြောင်းများကို ရှင်းလင်းပေးပါရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက  ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ရေစီးရေလာ ကောင်းမွန်ရေးအတွက်  စီမံချက်ရေးဆွဲ၍  ဘဏ္ဍာငွေလျာထားသတ်မှတ်ပေးပြီး လမ်းမကြီး (၁၀) လမ်းကို အုတ်ပတ်ကားရေမြောင်းများ (သို့မဟုတ်) ပရီကတ်ရေမြောင်းများ အမြန်ဆုံး ပြုလုပ်ပေးရန်အတွက် လာမည့် (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေခွဲဝေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လမ်းမကြီး (၁၀) လမ်းနှင့် ဆက်စပ်လျက်ရှိသော သိမ်ကျောင်းချောင်း၊ ဘဲတန်းချောင်း၊ ကွေ့မချောင်း၊ မဓမကြီးရိုးချောင်းနှင့် ဧရာဝဏ် ဆက်စပ်မြောင်းများကို စီမံချက်ရေးဆွဲ၍ ‌ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

 

4

 

တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်၏ တွံတေးမြို့နယ်၊ ပျော်ဘွယ်လေးကျေးရွာနေ ဒေါ်ကျင်သိန်းက သူ၏သိမ်းဆည်းခံမြေ ပြန်လည်ပေးအပ်ရေးကိစ္စတွင် အခက်အခဲအတားအဆီး အနှောင့်အယှက်များ ပေါ်ပေါက်နေမှုနှင့်စပ်လျဉ်း၍ သိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က နစ်နာသူတင်ပြသည့် လယ်မြေသည် ၂၀၁၂ ခုနှစ် မတိုင်မီ လယ်ယာမြေ အခြားနည်းအသုံးပြုခြင်းပုံစံ (၇) ထွက်ရှိထားခြင်း မရှိသည့်အတွက် ဥပဒေကြောင်းအရ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် တရားစွဲဆိုဆောင်ရွက်ရန် မဖြစ်သည့် အတွက် အဆိုပါအခြေအနေကို အဆင့်ဆင့်ပြန်လည်တင်ပြမှုအရ ၂၀၁၉ခုနှစ် ဇွန် ၂၇ ရက်တွင် ကျင်းပသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်နှင့်အညီ နစ်နာသူ မြေပိုင်ရှင်က အချင်းဖြစ်မြေပေါ်တွင် ဆောက်လုပ်နေထိုင်သူများအား ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ရန် ဖြစ်ကြောင်းကို မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှလည်း ၂၀၁၉ ခုနှစ် သြဂုတ် ၉ ရက်တွင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ကာယကံရှင်များကို ရှင်းလင်းပြောကြားခဲ့ပါကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ ဖြေကြားချက်ကိုယ်စား ဖြေကြားအပ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

တန့်ယန်းမဲဆန္ဒနယ်မှ ဦးစိုင်းမောင်ပွင့်၏ တန့်ယန်းမြို့နယ်၊ မန်ကတ်ကျေးရွာအုပ်စု၊ မန်ကောင်း ကျေးရွာအနီးရှိ နမ့်မိုက်ဆည်ကို RC ကွန်ကရစ်ဖြင့် အပြီးသတ် တည်ဆောက်ရန် စီစဉ်ဆောင်ရွက် ပေးနိုင်ခြင်းရှိ၊ မရှိသိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍  ဒုတိယဝန်ကြီး ဦးလှကျော်က အခိုင်အမာ ရေလွှဲဆည်အဖြစ် တည်ဆောက်ပေးနိုင်ရန်အတွက် လိုအပ်သည့် ကွင်းဆင်း စူးစမ်းတိုင်းတာမှု လုပ်ငန်းများကို စီမံဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် ကွင်းဆင်းတိုင်းတာခြင်း လုပ်ငန်းများ ဆောင်ရွက်ရမည့် ဧရိယာသည် နယ်မြေလုံခြံရေး ထိန်းသိမ်းဆောင်ရွက်နေရသည့် ဒေသဖြစ်သည့်အတွက် လတ်တလောအားဖြင့် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေမရှိသေးပါကြောင်း၊ နယ်မြေလုံခြုံရေး အခြေအနေ ကောင်းမွန်လာပါက ကွင်းဆင်းတိုင်းတာခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ဆက်လက်၍ မကွေးမဲဆန္ဒနယ်မှ ဦးမြင့်ဦး၏ မကွေးမြို့နယ်၊ အောင်မင်္ဂလာ ရပ်ကွက်၊ ရန်ကင်းရပ် မြို့ပတ်လမ်းတွင် တည်ရှိခဲ့သော ရေထိန်းကန် (ရွှေလက်ပံ) ရေကန် ပြန်လည်တူးဖော်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  နေပြည်တော်ကောင်စီဝင် ဦးညီထွန်းကလည်းကောင်း၊ အင်ဂျန်းယန် မဲဆန္ဒနယ်မှ ဦးလမာနော်အောင်၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန်အတွက် မြန်မာနိုင်ငံအတွင်းရှိ  ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးရေးစနစ်ဖြင့်  အသက်မွေးဝမ်းကျောင်း ပြုနေကြသော တောင်ပေါ်နေတိုင်းရင်းသား ပြည်သူများ၏ လူနေမှုဘဝကို မြှင့်တင်စေနိုင်မည့် အမျိုးသားအဆင့် စီမံကိန်းများ ရေးဆွဲထားခြင်း ရှိ၊ မရှိ သိလိုခြင်း မေးခွန်း၊ ကျိုက်လတ် မဲဆန္ဒနယ်မှ ဦးရန်လင်း၏ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ကိုင်သူများအတွက် မျိုးကောင်းမျိုးသန့် ဝက်သားပေါက်၊ ကြက်သားပေါက်များ  ထုတ်လုပ်ဖြန့်ဖြူးမှုကို နိုင်ငံပိုင်ခြံများမှ ဆောင်ရွက်ပေးခြင်းရှိ၊ မရှိ နှင့်ယခုအခါ ကြက်၊ ဝက်သားပေါက်များ ထုတ်လုပ်မှု၊ မျိုးသန့်စင်မှုနှင့် ရောဂါကင်းစင်မှုတို့ကို မည်သို့ဆောင်ရွက်နေကြောင်း သိလိုခြင်း မေးခွန်းနှင့် ပခုက္ကူ မဲဆန္ဒနယ်မှ ဦးပိုက်ကို၏  ပခုက္ကူမြို့နယ်၊ ချောက်ကန်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၃၄၄)၊ မကျီးသမျှားတောင်၊ ဦးပိုင်တောင်သူ (၁၅)ဦး၏ မြေဧရိယာ (၃၈ ဒသမ ၆၄) အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မူလတောင်သူများအား ပြန်လည်စွန့်လွှတ်၍ ယာယီစိုက်ပျိုးလုပ်ကိုင်ခွင့် ပုံစံ(၃) ထုတ်ပေးနိုင်ရေး ဆောင်ရွက်နေစဉ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုပြန်လည်စိစစ်ရေး မူဝါဒအတိုင်း နစ်နာသော မူလတောင်သူများအား တရားသဖြင့် ပြန်လည်စွန့်လွှတ်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍  ဒုတိယ ဝန်ကြီး ဦးလှကျော်က လည်းကောင်း ရှင်းလင်းဖြေကြားသည်။

 

ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနက တင်သွင်းသည့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေများ နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီဝင် ဦးစိုင်းထွန်းအေးက ဥပဒေကြမ်းကော်မတီမှ ပြင်ဆင်ထားသည့် ပြင်ဆင်ချက် ၁ ချက်ကို တင်ပြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၏ သဘောထားရယူပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူအတည်ပြုသည်။

 

ဆက်လက်၍  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်  နည်းဥပဒေများ  တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် နည်းဥပဒေ၊ နည်းဥပဒေခွဲများအတိုင်း အတည်ပြုရန်အတွက်  လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက် အတည်ပြုကြောင်း ကြေညာသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာနှင့်စပ်လျဉ်း၍ လေးမျက်နှာ မဲဆန္ဒနယ်မှ ဦးဇော်မင်းသိန်းက ဆွေးနွေးသည်။

 

ဆက်လက်၍  ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီဝင် ဦးခင်မောင်လတ်က လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍  ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက် ယင်းနှစ်ပတ်လည် အစီရင်ခံစာနှင့်စပ်လျဉ်း၍ သဘောတူလက်ခံရန်  ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်အောင်က  အဆိုတင်သွင်းပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူ အတည်ပြုသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာနှင့်စပ်လျဉ်း၍  ဒီးမော့ဆို  မဲဆန္ဒနယ်မှ ဦးပေါလ်ဆိုင်း၊ ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ၊ ဆော မဲဆန္ဒနယ်မှ ဦးကျော်တင်နှင့် တွံတေး မဲဆန္ဒနယ်မှ ဦးမြင့်လွင်တို့က ဆွေးနွေးကြသည်။

 

ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေက လွှတ်တော်ကို ကိုယ်စားပြု သတ်မှတ်ထားသည့် ကော်မတီတစ်ရပ်အနေဖြင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်နိုင်ရေးတို့အတွက် လုပ်ပိုင်ခွင့်များကို တိုးမြှင့်ပေးသင့်ပါကြောင်း အကြံပြု ဆွေးနွေးသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီဥက္ကဋ္ဌ ဦးခွန်မောင်သောင်းက လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍  ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက် ယင်းနှစ်ပတ်လည်အစီရင်ခံစာနှင့် စပ်လျဉ်း၍ သဘောတူလက်ခံရန်  ကော်မတီဥက္ကဋ္ဌက  အဆိုတင်သွင်းပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူ အတည်ပြုသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီ၏ နှစ်ပတ်လည် အစီရင်စာနှင့်စပ်လျဉ်း၍ သဘောတူလက်ခံရန်  ကော်မတီဝင် ဦးသိန်းတန်က  အဆိုတင်သွင်းပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူ အတည်ပြုသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၆)ရက် မြောက်နေ့ကို ဒီဇင်ဘာ ၁၆ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာသည်။

 

အေးအေးသန့်(သတင်းစဉ်)