ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကျင်းပ

နေပြည်တော် ၃၀ ဇူလိုင်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ကွမ်းလုံမဲဆန္ဒနယ်မှ ဦးယန်ကျင်းကန်၏ ကွမ်းလုံမြို့နယ်အတွင်းရှိ နိမ့်တိန်ချောင်း ရေတိုက်စားမှုကြောင့် နေရာ (၉)ခု ကမ်းပြိုမှုများ ဖြစ်ပေါ်နေသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနက ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ မည်သို့စီမံ ဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက အဆိုပါ နေရာ ၉ နေရာတွင် စုစုပေါင်း အလျားပေ ၁၂၈၀၀ တွင် နိမ့်တိန်ချောင်းရေတိုက်စားမှု ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ ခန့်မှန်းကုန်ကျစရိတ်သည် ငွေကျပ် ၂၈၆၆ ဒသမ ၇ သန်း တွက်ချက်ရရှိသည့်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို တင်ပြခဲ့ရာ ရှမ်းပြည်နယ်အတွင်း ဆောင်ရွက်ရန်ရှိသည့် ကမ်းပြိုကာကွယ်ရေးနှင့် ရေလွှမ်းမိုးမှု ကာကွယ်ရေးလုပ်ငန်း ၅၉ ခု ဦးစားပေးစာရင်းတွင် ပါရှိပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် မှစတင်၍ ခွင့်ပြုရန်ပုံငွေရရှိရေး လျာထားတင်ပြ၍ ရန်ပုံငွေရရှိမှုအပေါ်မူတည်၍  ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

မောက်မယ်မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်း၏ နိုင်ငံတော်အစိုးရမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်သည့် ယာဉ်များကို အရေးယူဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့လျင်မြန်စေရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရန် (Digital Payment System) ဖြင့် ပြောင်းလဲဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက မိမိတို့ဝန်ကြီးဌာနသည် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ဥပဒေကို ကနဦးရေးဆွဲရသည့် ဌာနဖြစ်ပြီး အဓိကအားဖြင့် ဥပဒေပါ ယာဉ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ သတ်မှတ်ပြဋ္ဌာန်းချက်များကို စီမံခန့်ခွဲရသည့် ဌာနဖြစ်ပါကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်သူများကို အရေးယူရန်ကိစ္စကို  ပြည်ထဲရေးဝန်ကြီးဌာန ယာဉ်ထိန်းရဲတပ်ဖွဲ့က လုပ်ထုံးလုပ်နည်းအတိုင်း တရားရုံးသို့ တရားစွဲဆိုတင်ပြရခြင်း ဖြစ်ပါကြောင်း၊ အမှုအပေါ်တွင် တရားသူကြီးက ကြားနာ၍ ဥပဒေချိုးဖောက်သူကို ပြစ်ဒဏ်အလိုက်အမိန့်ချမှတ်၍ ဒဏ်ကြေးငွေ ပေးဆောင်စေခြင်းသည် သက်ဆိုင်ရာ တရားရုံးများတွင်သာ ဆောင်ရွက်ရသည့်ကိစ္စဖြစ်ပါကြောင်း၊ ဒဏ်ကြေးငွေပေးဆောင်စေခြင်းကို  Digital Payment System ဖြင့် ပြောင်းလဲဆောင်ရွက်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ အနေဖြင့် ဆောင်ရွက်ရန် အစီအစဉ် မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ဆီဆိုင် မဲဆန္ဒနယ်မှ ဦးခွန်သန်းထူး၏ ဆီဆိုင်မြို့နယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နားလွယ်ရွာမှ ပန်းညင်၊ ဖိုင်ကွမ်း၊ ဖိုင်လင်းထိ ကျန်ရှိသော လမ်းပိုင်း (၂)မိုင်အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ထည့်သွင်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ဆီဆိုင်မြို့နယ် ဘန်းယဉ်ကျေးရွာအုပ်စုအတွင်းရှိ နားလွယ်-ပန်းညင် (မိုက်ဆနှောင်း) - ဖိုင်ကွမ်း- ဖိုင်လင်း- နမ့်ကွက်- နောင်စန့် ကျေးရွာချင်းဆက်လမ်းသည် လမ်းအဆင့် သတ်မှတ်ချက် Class(A)၊ ဦးစားပေးအဆင့် (၁) လမ်းစာရင်းတွင် ပါဝင်ပြီးလက်ရှိ မြေသားလမ်း ၁မိုင် ၇ ဖာလုံကျန်ရှိပါကြောင်း၊ ကျောက်ချောလမ်းခင်းခြင်းအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ အထွေထွေပိုလျှံ ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

အလားတူ စစ်ကိုင်းမဲဆန္ဒနယ်မှ ဦးခင်မောင်သိန်း၏ နှစ်ပေါင်း(၉၀)ကျော် သက်တမ်းရှိသည့် ဧရာဝတီမြစ်ကူးတံတားဖြစ်သော စစ်ကိုင်းတံတား(အင်း၀)အား ဆေးအသစ်သုတ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ရှင်းလင်းဖြေကြားသည်။

 

ဆက်လက်၍ လယ်ဝေးမဲဆန္ဒနယ်မှ ဦးမျိုးဇော်ဦး၏ Third Party များ၏ ဖွဲ့စည်းပုံ၊ တာဝန်ယူမှု၊ တာဝန်ခံမှုများနှင့် မည်သည့်မူဝါဒ၊ လမ်းညွှန်ချက်များဖြင့် ဆောင်ရွက်နေသည်ကို သိလိုခြင်း မေးခွန်း၊  ရပ်စောက် မဲဆန္ဒနယ်မှ ဦးခင်မောင်မြင့်၏ ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စုနှင့် မြင်တောင်ကျေးရွာအုပ်စုတို့ကို ဆက်သွယ်ထားသော ပင်ဖြစ်-တောင်ချွန်လမ်း (၁၁)မိုင်ကို အမာခံ ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း၊ ကျောင်းကုန်း မဲဆန္ဒနယ်မှ ဦးသိန်းထွန်း၏ ကျောင်းကုန်းမြို့နယ်ရှိ စာဖြူစု - ဂနိမ်းလေး ကျေးရွာချင်းဆက်မြေသားလမ်းမကြီးအား ရာသီမရွေး သွားလာနိုင်သော ကျောက်ခင်းလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း၊  မြို့သစ်မဲဆန္ဒနယ်မှ ဦးသာအောင်၏ နိုင်ငံတော်ဘဏ္ဍာငွေဖြင့် တည်ဆောက်ထားသော ကျေးရွာချင်းဆက်လမ်းများအား လမ်းအမျိုးအစားအလိုက် စံချိန်စံညွှန်းများနှင့်အညီ စစ်ဆေးကြီးကြပ်ပေးရန်နှင့် ပျက်စီးသွားသော လမ်းများအား ပြုပြင်ထိန်းသိမ်းစရိတ် ချထားပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်  ကျွန်းစု မဲဆန္ဒနယ်မှ ဒေါ်တင်တင်ရီ၏ ကျွန်းစုမြို့နယ်၊ အညင်းကျေးရွာနှင့်  ဘုရားထွက်ကျေးရွာသို့ ဆက်သွယ်ထားသည့် တံတားပေ (၁၇၀၀)အား မည်သည့်အချိန်တွင် တည်ဆောက်ပေးမည်ကို သိလိုခြင်း မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ရှင်းလင်းဖြေကြားသည်။

 

ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တင်သွင်းသည့် တိုက်ရိုက်ရောင်းချခြင်း ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းက ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ရန်တင်ပြချက် အချက် ၅၀ ကို တင်သွင်းပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ သဘောထားမေးမြန်းပြီး လွှတ်တော်၏ သဘောထားရယူ အတည်ပြုသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပါ ဥပဒေကြမ်းတစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက် အတည်ပြုကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာသည်။

 

ထို့နောက် တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဦးမင်းသိန်းက မြန်မာနိုင်ငံတစ်ဝန်းတွင် ယာဉ်တိုက်မှု၊ ယာဉ်မတော်တဆဖြစ်မှုများကြောင့် သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းများ တဖြည်းဖြည်း မြင့်တက်လာနေပါသောကြောင့်  ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးခြင်း၊ အရေးယူခြင်းများကို ယခုထက်ပို၍ ထိထိရောက်ရောက် အရှိန်မြှင့်ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အဆိုအား တင်သွင်းရာတွင် ယာဉ်တိုက်မှု၊ ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် သေဆုံးရသူအားလုံး၏ ၆၅ ရာခိုင်နှုန်းသည် ဆိုင်ကယ်စီးနင်းခြင်းနှင့် သက်ဆိုင်နေပါကြောင်း၊ ယနေ့အခါတွင် မော်တော်ဆိုင်ကယ်သည် တောနှင့်မြို့များပါ မကျန်မရှိမဖြစ် အိမ်သုံး၊ လုပ်ငန်းသုံးပစ္စည်း ဖြစ်နေပါကြောင်း၊ ထို့ပြင် အိမ်သုံးဆိုင်ကယ်များကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဘေးတွဲနှင့် နောက်တွဲများတီထွင် အသုံးပြုနေကြသည်ကို နေရာအနှံ့အပြားတွင် တွေ့မြင်နေရပါကြောင်း၊ ယင်းဘေးတွဲ၊ နောက်တွဲ ဆိုင်ကယ်များကို ခရီးသည်တင်ခြင်း၊ ကုန်ပစ္စည်းတင်ဆောင်ခြင်း၊ ကုန်ပစ္စည်း အရောင်းယာဉ်များအဖြစ် အသုံးပြုနေကြပါကြောင်း၊ အဆိုပါကိစ္စသည် ဥပဒေနှင့်မညီသည့် တီထွင်ခြင်းများဖြစ်သော်လည်း ထိထိရောက်ရောက်အရေးယူမှု မရှိသည့်အတွက် များပြားလာနေသည်ကို တွေ့ရပါကြောင်း။

 

အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီနှင့် WHO ၏ စစ်တမ်းများအရ မြန်မာနိုင်ငံတွင် ယာဉ်တိုက်မှု၊ ယာဉ်မတော်တဆဖြစ်မှုများကြောင့် သေဆုံးသူ တစ်နှစ်လျှင် လူဦးရေ ၅၀၀၀ ရှိပါက ထက်ဝက်ကျော်သည် ဆိုင်ကယ်စီးသူများ ဖြစ်ပါကြောင်း၊ မော်တော်ဆိုင်ကယ်သာမက လေးဘီးယာဉ်များကိုလည်း လူစီးယာဉ်အဖြစ် အသုံးပြုခြင်းသည် အန္တရာယ်ရှိကြောင်းကို သိရပါကြောင်း၊ စီးနင်းသူများသည် စည်းကမ်းမရှိခြင်း၊ ဥပဒေကို မလိုက်နာခြင်းတို့ကြောင့်ဟု ဆိုသော်လည်း အသိပညာပေးရမည့်ကိစ္စ၊ အရေးယူရမည့် ကိစ္စတို့သည် အစိုးရ၏ တာဝန်များ ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် တာဝန်ရှိသူများက အသိပညာပေးမှု၊ အရေးယူမှုများ ရှိနေသော်လည်း အားနည်းချက်၊ လိုအပ်ချက်များ ရှိနေသည့်အတွက် ယခုထက်ပို၍ အာရုံစိုက်ပြီး အချိန်မြှင့်ဆောင်ရွက်ပေးသင့်ပါကြောင်း ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ဆင်ပေါင်ဝဲ မဲဆန္ဒနယ်မှ ဦးနေထက်ဝင်းက အဆိုအား ထောက်ခံဆွေးနွေးသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအားလက်ခံ ဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်၏ ဆန္ဒရယူရာ သဘောတူသဖြင့် လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ဩဂုတ် ၄ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အေးအေးသန့်