ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကျင်းပ

နေပြည်တော် ၇ နိုဝင်ဘာ 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်း အဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁ ဦး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ရှေ့မှောက်၌ ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာ ပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီမှ အဖွဲ့ဝင် ဗိုလ်တထောင်မဲဆန္ဒနယ်မှ ဒေါ်မြင့်မြင့်စိုး (ခ) ဒေါ်မေစိုး အစား အင်းတော် မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ပြုံးအားလည်းကောင်း၊ နိုင်ငံတကာဆက်ဆံရေးကော်မတီမှ ကလော မဲဆန္ဒနယ်မှ ဒေါ်ပြုံးကေသီနိုင် အစား ဒေါပုံ မဲဆန္ဒနယ်မှ ဦးဌေးမင်းအောင် (ခ) ဦးပြုံးချို အားလည်းကောင်း အစားထိုး ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် ဂန့်ဂေါ မဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်အား ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီတွင် အတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ပြီးဖြစ်၍ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီ အဖွဲ့ဝင်အဖြစ်မှ ပယ်ဖျက်ခြင်းတို့ကို အတည်ပြုရန် လွှတ်တော်၏ သဘောထား ရယူအတည်ပြုသည်။

ယင်းနောက် မင်းတပ် မဲဆန္ဒနယ်မှ ဦးနေလင်းအောင်၏ ဖောက်လုပ်ပြီး ကျေးရွာချင်းဆက်လမ်းများအား ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းနှင့် တင်ဒါအောင်ပြီး ကုမ္ပဏီများမှ စာချုပ်ပါအတိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းရှိ၊ မရှိကို မည်သည့်အဖွဲ့အစည်းက တာဝန်ယူကြီးကြပ်၍ အရေးယူဆောင်ရွက်နေသည်ကို  သိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍  ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ကျေးလက်လမ်း၊ တံတားလုပ်ငန်း ဆောင်ရွက်ခွင့်ရရှိသည့် ကုမ္ပဏီများမှ စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ငန်းဆောင်ရွက်ရန် ပျက်ကွက်ခဲ့ပါက ကုမ္ပဏီမှ ပေးသွင်းထားသည့် လုပ်ငန်းတန်ဖိုး၏ ၅ ရာခိုင်နှုန်းကို နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းခြင်းဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ခိုင်လုံသော အကြောင်းရင်းမရှိဘဲ အာမခံကာလအတွင်း ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်လာပါက လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီ၏အစီအစဉ်ဖြင့် ပြန်လည်ပြုပြင်ပေးရန် ညွှန်ကြားချက်များ ထုတ်ပြန်ထားရှိပြီးဖြစ်ပါကြောင်း။

တင်ဒါအောင်မြင်သည့် ကုမ္ပဏီများအနေဖြင့် အာမခံကာလအတွင်းကုမ္ပဏီ၏ အားနည်းချက်ကြောင့် ဖြစ်ပေါ်လာသည့် လုပ်ငန်းပျက်စီးမှုများအား သဘာဝဘေးဒဏ်ကြောင့် ပျက်စီးမှုများမှအပ သက်ဆိုင်ရာကုမ္ပဏီမှ ပြန်လည်ပြုပြင်စေခြင်းနှင့်စာ ချုပ်ပါစည်းကမ်းများကို လိုက်နာမှုမရှိပါက စာချုပ်ရပ်စဲခြင်း၊ အမည်ပျက်စာရင်းသွင်းခြင်းတို့ကို နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် (၁/၂၀၁၇)နှင့်အညီ တိုင်းဒေသကြီး၊ ပြည်နယ်တို့တွင် ဖွဲ့စည်းထားသည့် တင်ဒါကော်မတီများက တာဝန်ယူ ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့တို့မှ ပေးပို့လာသော အချက်အလက်များနှင့် ပေါင်းစပ်ရှင်းလင်း ဖြေကြားသည်။ 

ကနီမဲဆန္ဒနယ်မှ ဦးထွန်းထွန်းနိုင်၏ ကနီမြို့နယ်ရှိ မင်းအို- အိုင်တောင် - နတ်တောင် - နွားခြံကုန်းလမ်းအား လမ်းတာချဲ့နိုင်ရေးနှင့် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်လင်းက  စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်အတွင်းရှို မင်းအို - အိုင်တောင် - နတ်တောင် - နွားခြံကုန်း လမ်းအရှည် ၉ မိုင် ၇ ဖာလုံသည် လမ်းအဆင့် မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးပါက ကျေးရွာ ၈ ရွာ၊ လူဦးရေ ၇၀ဝ၀ ကျော်တို့အား တိုက်ရိုက်အကျိုးပြုမည်ဖြစ်ပါသဖြင့် လမ်းအဆင့်သတ်မှတ်ချက်အရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နောက်ပိုင်းကာလများ၌ ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေခွဲဝေ ရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

စေတုတ္တရာ မဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၏ စေတုတ္တရာမြို့နယ်ရှိ မုန်းတမံ ရေဝပ်ဧရိယာတွင် နစ်မြုပ်ခံသော ကျေးရွာ (၁၃)ရွာမှ ဒေသခံပြည်သူများအတွက် CSR လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ပေးခဲ့ခြင်းရှိ၊ မရှိ သိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က မုန်းချောင်းရေလှောင်တမံ၏ ရေဝပ်ဧရိယာအတွင်း ကျရောက်ခဲ့သော ကျေးရွာများအား သံဆည်မြို့သစ်တည်ဆောက်၍ ဌာနမှ စနစ်တကျ ရွှေ့ပြောင်းပေးခဲ့ပါကြောင်း၊ စိုက်ပျိုးလုပ်ကိုင်နိုင်ရန် လယ်ယာမြေများဖော်ထုတ်ပေးခဲ့ပြီး  သောက်သုံးရေရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှုနှင့်အတူ ဆေးပေးခန်းနှင့် စာသင်ကျောင်းများစသည့် ပညာရေး၊ ကျန်းမာရေး လူမှုအထောက်အကူပြု လုပ်ငန်းများကို စီမံဆောင်ရွက် အကောင်အထည်ဖော်ခဲ့မှု အလျောက် လွှတ်တော်ကိုယ်စားလှယ် တင်ပြသကဲ့သို့ လူမှုအကျိုးပြုလုပ်ငန်း (Corporate Social Responsibility–CSR) ဖြင့် ဆောင်ရွက်ခဲ့မှု ရှိခဲ့ပါကြောင်း မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်၍ ရှင်းလင်းဖြေကြားသည်။

ဆက်လက်၍ ထီးချိုင့် မဲဆန္ဒနယ်မှ ဦးမောင်မောင်၏ ထီးချိုင့်မြို့နယ် ဂရိတ်ဝေါ-ဝေမာ သကြားစက် ကြံသယ်ကားများနှင့် စက်ရုံအကြား၊ ကြံသယ်ယူခဈေးနှုန်းအား မည်သို့ ညှိနှိုင်းသတ်မှတ်ပေးမည်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းမလိုက်နာသော ကြံသယ်ကားများအား မည်သို့အရေးယူမည်နှင့် မန္တလေး-ဗန်းမော် ပြည်ထောင်စုကား လမ်းမကြီး မိုင်တိုင်အမှတ် (108.28km) နှင့် (117km)အကြား လမ်းပိုင်းအား ပြင်ဆင်ထိန်း သိမ်းစရိတ်တို့ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍  ဒုတိယဝန်ကြီး ဦးကျော်လင်းကလည်းကောင်း၊ မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်း၏ မင်းဘူး(စကု)မြို့အတွင်း နှစ်စဉ်ဖြစ်ပေါ်နေသော မြေနုကျွန်းခွဲဝေချထားရေးကိစ္စများကို စိုက်ပျိုးချိန် အမီ ဥပဒေနှင့်အညီ အမြန်ဆုံး ချထားနိုင်ရေး မည်ကဲ့သို့ စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်းမေးခွန်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မဲဆန္ဒနယ်မှ ဒေါက်တာခင်မောင်မောင်၏ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တွင် ကျောင်းသားများ လက်တွေ့သင်ကြားနိုင်ရန်  Commercial Farms အကောင်အထည်ဖော်ခြင်းရှိ၊ မရှိ သိလိုခြင်းမေးခွန်းနှင့် ဒီပဲယင်း မဲဆန္ဒနယ်မှ ဦးဝင်းမြင့်အောင်၏ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အတွင်းရှိ တောင်သူလယ်သမားများအတွက် တောင်သူလယ်သမားနေ့အဖြစ် မတ်လ (၂)ရက်နေ့ကို သတ်မှတ်ထားခြင်းမှ ပယ်ဖျက်ပေးရန်နှင့် ဗြိတိသျှနယ်ချဲ့အစိုးရအား ဆရာစံဦးဆောင်ပြီး တောင်သူလယ်သမားများကိုယ်တိုင် စတင်တော်လှန်ခဲ့သည့် ဒီဇင်ဘာလ (၂၂)ရက်နေ့ကို ပြောင်းလဲသတ်မှတ် အတည်ပြုပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  ဒုတိယဝန်ကြီး ဦးလှကျော်က  လည်းကောင်း ရှင်းလင်းဖြေကြားကြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော သွင်းကုန်ပမာဏ မြင့်တက်ခြင်းမှ ကာကွယ်ပေးမှု ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာ တင်ပြချက်အတိုင်း ပြင်ဆင်ချက်ဖြင့် အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ ပြင်ဆင်ချက်ဖြင့် သဘောတူကြောင်းနှင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကြေညာသည်။


ယင်းနောက် ကျောင်းကုန်း မဲဆန္ဒနယ်မှ ဦးသိန်းထွန်းတင်သွင်းသည့် မြန်မာနိုင်ငံရှိ တောင်သူလယ်သမားများ၏ အခွင့်အရေးများ၊ ရပိုင်ခွင့်များ၊ အခက်အခဲများကို နိုင်ငံတော်အစိုးရမှ စနစ်တကျ ကျစ်လစ်ခိုင်မာစွာ လုပ်ဆောင်နိုင်ရန်၊ နိုင်ငံတော်၏ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရန်နှင့် တောင်သူလယ်သမားမိသားစုများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူလယ်သမားရေးရာ ဝန်ကြီးဌာနတစ်ခုအား ပြည်ထောင်စုအဆင့်တွင် ထပ်မံတိုးချဲ့ဖွဲ့စည်းပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။ 

မောက်မယ် မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်းက အဆိုရှင်တင်ပြသကဲ့သို့ ယနေ့ မိမိတို့နိုင်ငံရှိ တောင်သူလယ်သမားထု၏ ဘဝဖြစ်စဉ်များသည် အခက်အခဲပေါင်းစွာဖြင့် ရင်ဆိုင်နေရဆဲ ဖြစ်ပါကြောင်း၊ အဓိကလိုအပ်ချက်သည် တောင်သူလယ်သမားကဏ္ဍကို အမှန်တကယ် ကူညီဆောင်ရွက်ပေးရန် လိုအပ်ပြီ ဖြစ်ပါကြောင်း၊ တောင်သူလယ်သမားများ အနေဖြင့် အောင်မြင်ဖြစ်ထွန်းသည့် မွေးမြူရေးဇုန်များ၊ ယနေ့ ဖော်ဆောင်နေသည့် အော်ဂဲနစ်ဈေးကွက်ကြီးတွင် အားလုံးပါဝင်နိုင်ရန်၊ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ အားလုံးပါဝင် ကူးပြောင်းနိုင်ရန်တို့အတွက် နိုင်ငံတော်မှ များစွာကြိုးပမ်း ဖော်ဆောင်ပေးနိုင်ရန် လိုအပ်ပါကြောင်း၊ ယနေ့ အားကိုးနေရဆဲ ကျွဲ၊ နွားနှင့် ထွန်းတုံးများ၊ ထွန်ယက်စိုက်ပျိုးသည့် ယန္တရားများ၊ ရိတ်သိမ်းခြွလှေ့ ယန္တရားများ၊ အဆင့်မြင့် သိုလှောင်နည်းစနစ်များ စသည်ဖြင့် များစွာလိုအပ်နေသည်ကို တွေ့ရမည်ဖြစ်သောကြောင့် အဆိုအား ထောက်ခံပါကြောင်း ဆွေးနွေးသည်။

တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးစံဝင်းခိုင်က လယ်ယာမြေ ဥပဒေမူလပြ ဋ္ဌာန်းချက်နှင့် အစားထိုးပြင်ဆင်ရန် တင်ပြသည့် ပြဋ္ဌာန်းချက်များတွင် တောင်သူလယ် သမားအဖွဲ့အစည်းကို ဖွဲ့စည်းခွင့်ပြုထားပြီး ဖြစ်သောကြောင့် တောင်သူလယ်သမားများအတွက် အဓိကကျသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းဆိုင်ရာများကိုသာ ဦးတည်ဆောင်ရွက်နိုင်ရန် ကျေးရွာ၊ မြို့နယ်၊ ခရိုင်များအလိုက် တောင်သူလယ်သမား ရေးရာဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တောင်သူလယ်သမားရေးရာ ဦးစီးဌာနများစသည်ဖြင့် အဆင့်ဆင့်ဖွဲ့စည်းပြီး ပြည်ထောင်စုအဆင့် တောင်သူလယ် သမားရေးရာဝန်ကြီးဌာနကိုပါ ဖွဲ့စည်းထူထောင်သွားသင့်ပါကြောင်း၊ တစ်ချိန်တည်းတွင် လယ်ယာမြေဥပဒေတွင် ရောထွေးပါဝင်နေသည့် အခြားဥပဒေများကိုလည်း စနစ်တကျ ဖြစ်အောင် လိုအပ်သလိုခွဲထုတ်ပြင်ဆင် ပြဋ္ဌာန်းသွားရန်လည်း လိုအပ်ပါကြောင်း၊ ပြည်ထောင်စုအဆင့်ဝန်ကြီးဌာန ဖွဲ့စည်းဖြစ်တည်လာသည်နှင့်အမျှ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များတွင် တောင်သူလယ်သမားရေးရာ ဝန်ကြီးများ တိုးချဲ့ခန့်ထားရန် ဆက်လက်ဆောင်ရွက်သင့်ပါကြောင်း။

နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော် ကျေးလက်ဒေသနေသူများကို ကိုယ်စားပြုသော တောင်သူလယ်သမားများ၏ အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအား ခေတ်မီဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအဆင့် တောင်သူလယ်သမားရေးရာဝန်ကြီး ဌာနကိုဖွဲ့စည်း၍ တောင်သူလယ်သမားများအရေးကို တစ်စိုက်မတ်မတ် ဆောင်ရွက်သင့်ပါကြောင်း အကြံပြု ဆွေးနွေးသည်။

ဆက်လက်၍ ကျိုက်လတ် မဲဆန္ဒနယ်မှ ဦးရန်လင်း၊ လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီ၊ မချမ်းဘော မဲဆန္ဒနယ်မှ ဦးနန်မွန်ထင်၊ ဘောလခဲ မဲဆန္ဒနယ်မှ ဦးအေးမောင်၊ မိုင်းပျဉ်း မဲဆန္ဒနယ်မှ ဦးစိုင်းထွန်း စိန်၊ ချောင်းဆုံ မဲဆန္ဒနယ်မှ ဦးအောင်ကြည်သိန်း၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးဇော်ဇော်မိုး၊ ဖာပွန် မဲဆန္ဒနယ်မှ ဦးထွန်းမြအောင် (ခ) ဦးစောထွန်းမြအောင်၊ ပွင့်ဖြူမဲဆန္ဒနယ်မှ ဦးထွန်းထွန်း၊ မင်းဘူး မဲဆန္ဒနယ်မှ ဦးဝင်းဝင်း၊ ထီးလင်း မဲဆန္ဒနယ်မှ ဦးမြတ်လေးဦးနှင့် မင်းတုန်း မဲဆန္ဒနယ်မှ ဒေါ်ခင်သန်းနုတို့က ဆွေးနွေးကြသည်။

ယင်းအဆိုနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဝန်ကြီးဌာနအနေဖြင့် လက်တွေ့ဘဝတွင် တောင်သူလယ်သမားရေးရာဝန်ကြီးဌာနဟု အမည်နာမ မတပ်ထားသော်လည်း ပကတိမြေပြင် အနေအထား လက်တွေ့အခြေအနေတွင် တောင်သူများ၏ အကျိုးစီးပွားကို အဓိကထား၍ အလုံးစုံ ဘက်စုံ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဝန်ကြီးဌာနတစ်ခု ဖြစ်သည်ကို ပြည်သူများ သိရှိပါကြောင်း၊  လွှတ်တော်ကိုယ်စားလှယ်အဆို တင်သွင်းသကဲ့သို့ တောင်သူလယ်သမားရေးရာ ဝန်ကြီးဌာနတစ်ခု ထပ်မံတိုးချဲ့ဖွဲ့စည်းမည်ဆိုပါက လက်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏  လုပ်ငန်းတာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်  စီမံခန့်ခွဲမှုအပိုင်း၊ မလိုလားအပ်သော အကန့်အသတ်အချို့များ ကြုံတွေ့လာနိုင်ကြောင်းကို သုံးသပ်ရရှိပါကြောင်း။

ဝန်ကြီးဌာနတစ်ခု အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းမှုသည် လိုအပ်မည့် လူ့စွမ်းအားအရင်းအမြစ်အပိုင်း၊ ဘဏ္ဍာငွေကြေးအပိုင်းအစရှိသည့် ရုပ်ဝတ္ထုအခြေခံများနှင့် အရင်းအမြစ်များ တောင့်တင်းခိုင်မာရန်အတွက် ထည့်သွင်းစဉ်းစားချင့်ချိန်ရမည့် အပိုင်းများရှိပါကြောင်း၊ ထို့ပြင် တောင်သူလယ်သမား အဖွဲ့အစည်းဆိုင်ရာဥပဒေ ပေါ်ပေါက်စေရေးကို ဆောင်ရွက်လျက်ရှိသည့်အတွက်ကြောင့် လည်းကောင်း၊ လက်ရှိနိုင်ငံတော်၏ မူဝါဒအရ ဝန်ကြီးဌာနများ ကျစ်လစ်စွာ ဖွဲ့စည်းဆောင်ရွက်နေမှုကြောင့် လည်းကောင်း၊ ပြည်ထောင်စုအဆင့်တွင် သီးခြားဝန်ကြီးဌာနတစ်ခုအနေဖြင့် တောင်သူ လယ်သမားရေးရာဝန်ကြီးဌာနအဖြစ် ထပ်မံတိုးချဲ့ဖွဲ့စည်းရန် လိုအပ်မှုအခြေအနေ မရှိသည့်အတွက် အဆိုအား အတည်မပြုသင့်ပါကြောင်း ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုရှင်၏ သဘောထားမေးမြန်းရာ အဆိုရှင်က အတည်ပြုပေးပါရန် ပြောကြားသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအား အတည်ပြုရန် စက်ခလုတ် အသုံးပြု၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ထောက်ခံမဲ ၁၂၇ မဲ၊ ကန့်ကွက်မဲ ၂၂၁ မဲ၊ ကြားနေမဲ ၇ မဲဖြစ်၍ ကန့်ကွက်မဲများသဖြင့် အဆိုအား အတည်မပြုကြောင်း ကြေညာသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို နိုဝင်ဘာ ၁၄ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အေးအေးသန့်(သတင်းစဉ်)