ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ကျင်းပ

နေပြည်တော် ၁၂ ဒီဇင်ဘာ 

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့တွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းဖြေကြားခြင်း၊  အမှုတွဲမိတ္တူကူးခြင်းဆိုင်ရာ နည်းဥပဒေများကို လွှတ်တော်က အတည်ပြုခြင်း၊ အဆို ၁ ခု ဆွေးနွေးခြင်း၊ နှစ်ပတ်လည် အစီရင်ခံစာ ၂ ခုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အတည်ပြုချက်ရယူခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

a

 


အစည်းအဝေးတွင် မောင်တော မဲဆန္ဒနယ်မှ ဦးလှထွန်းကျော်၏ မောင်တောမြို့၊ (၄)မိုင်ရပ်ကွက်၊ မကျညျးကုန်းရွာ၌ လိုအပ်လျက်ရှိသော လူနည်းစု(သက်) တိုင်းရင်းသားများ စာပေယဉ်ကျေးမှုဖြန့်ဖြူးရာ၊ လေ့ကျင့်ရာ-ရိုးရာဓလေ့ထုံးတမ်း အခမ်းအနား ကျင်းပနိုင်မည့် (၅၀ ပေ × ၃၀ ပေ) ရှိ အဆောက်အဦတစ်ခုအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြန်ကြာရေးဝန်ကြီးဌာနသည် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်အဆင့် မြို့ကြီးများရှိ ဌာနပိုင်မြေနေရာများတွင် အကျယ်အဝန်းနှင့် အချက်အချာကျမှုအပေါ် မူတည်ပြီး လူထုအခြေပြု ဗဟိုဌာန (Community Centre) များကို ပြည်သူများ အသိပညာနှင့် သတင်းအချက်အလက် ရှာမှီးရာနေရာ၊ ရပ်ရွာအသင်းအဖွဲ့များ စုဝေးရာနေရာ၊ ရပ်ကျိုးရွာကျိုး၊ တိုင်းကျိုးပြည်ကျိုး ဆွေးနွေးတိုင်ပင်ရာနေရာ၊ ပြည်သူလူထု အပန်းဖြေနားခိုရာနေရာ၊ ပြည်သူများနှင့် အကျွမ်းတဝင်ဖြစ်သည့်နေရာ၊ လူငယ်လူရွယ်များ အသိပညာ ဆည်းပူးရာနေရာ စသည်ဖြင့် အသုံးပြုနိုင်သည့် အဆောက်အဦများအဖြစ် ပေါ်ပေါက်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။

ယင်းသို့ ဆောင်ရွက်ရာတွင် နည်းလမ်း (၃)မျိုးကို အခြေခံပြီး ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်း၊ တည်ဆောက်- လုပ်ဆောင်- လွှဲပြောင်း(B.O.T) စနစ်ဖြင့် ဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အလှူရှင်ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၏ ပူးပေါင်းကူညီမှုဖြင့် ဆောင်ရွက်ခဲ့ခြင်း စသည်တို့ဖြစ်ပါကြောင်း။

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ မြို့မအရှေ့ရပ်ကွက်၊ ဗန္ဓုလလမ်း၊ နာရီစင်အနီးရှိ မြေအကျယ်အဝန်း (၇၈×၇၆)ပေပေါ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မောင်တောခရိုင်ရုံးကို (၁၉၉၅-၁၉၉၆)ဘဏ္ဍာရေးနှစ်တွင် (၅၆×၃၀)ပေ အုတ်ညှပ်၊ သွပ်မိုး၊ (၂)ထပ် အဆောက်အဦအဖြစ် တည်ဆောက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ပြီးခဲ့သည့်နှစ်များအတွင်းတွင် သင့်တင့်သည့် ထိန်းသိမ်းပြင်ဆင်မှုများ ပြုလုပ်ခဲ့ပါကြောင်း၊ မောင်တောခရိုင်ရုံး အဆောက်အဦတွင် စာကြည့်တိုက်နှင့် ကလေးစာ ဖတ်ခန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးခြင်း၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ ကျင်းပခြင်း စသည့်  လူထုအခြေပြုဌာနတစ်ခု၏ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

လွှတ်တော်ကိုယ်စားလှယ်ဆန္ဒပြုသည့် မောင်တောမြို့၊ (၄)မိုင်ရပ်ကွက်၊မကျည်း ကုန်းကျေးရွာတွင် ခန်းမတစ်ခု ဆောက်လုပ်ပေးရန်ကိစ္စတွင် ၎င်းနေရာ၌ ဌာနအမည်ပေါက် မြေပိုင်ဆိုင်မှုမရှိခြင်း၊ ဌာနအနေဖြင့် ရုံးအဆောက်အဦ မရှိသေးသော ခရိုင်နှင့် မြို့နယ်ရုံးများကို ဦးစားပေးတည်ဆောက်နေရခြင်း၊ သက်တမ်းကြာ၍ ယိုယွင်းလာသော ရုံးအဆောက်အဦများနှင့်  သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးမှုများကို ဦးစားပေး စီစဉ်ဆောင်ရွက်ပေးနေရခြင်းတို့ကြောင့် လောလောဆယ်အချိန်တွင် မောင်တောမြို့၊ (၄)မိုင်ရပ်ကွက်၊ မကျည်းကုန်းရွာ၌ Community Hall  ဆောက်လုပ်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားသည်။

ယင်းနောက် ဦးလှထွန်းကျော်က ယခု မိမိမေးသော မေးခွန်း၏ အဓိကရည်ရွယ်ချက်သည် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနကို ဦးတည်၍ မေးမြန်းခဲ့ခြင်း ဖြစ်ပါကြောင်း၊ မေးခွန်းထဲတွင် Community Hall ကဲ့သို့စကားလုံး ပါရှိသည့်အတွက် ယခု ပြန်ကြားရေးဝန်ကြီးဌာနက လာရောက်ဖြေကြားသည့်အတွက်လည်း ကျေနပ်ပါကြောင်း၊ တိုင်းရင်းသားများနှင့် သက်ဆိုင်သည့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ယဉ်ကျေးမှုနှင့် သက်ဆိုင်သည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့က ပေါင်းစပ်၍ ကူညီပေးနိုင်မည့်အစီအစဉ်ရှိ၊ မရှိ ဆက်စပ်မေးခွန်း မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က သက်တိုင်းရင်းသား လူမျိုးစုများအတွက် စာပေယဉ်ကျေးမှု ဖြန့်ဖြူးသည့်နေရာ၊ လေ့ကျင့်ရာ-ရိုးရာဓလေ့ထုံးတမ်း အခမ်းအနားများ ကျင်းပနိုင်ရန်ကိစ္စနှင့် စပ်လျဉ်း၍ မောင်တောမြို့နယ်တွင်ရှိသည့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးခန်း (Community Centre) အဖြစ် အသုံးပြုနေသည့် နေရာဌာနကို အသုံးပြုမည်ဆိုပါက အသုံးပြု၍ ရပါကြောင်း၊ Community Centre နေရာတွင် အဆောက်အအုံတစ်ခု ဆောက်လုပ်ရေးနှင့် ထိုနေရာတွင် သက်တိုင်းရင်း သားယဉ်ကျေးမှုနှင့်ပတ်သက်သည့် လုပ်ငန်းဆောင်တာများ ဆောင်ရွက်ရေးကိစ္စတွင် လွှတ်တော်ကိုယ် စားလှယ်တင်ပြသကဲ့သို့ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်နယ်အစိုးရအဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

မင်းလှမဲဆန္ဒနယ်မှ ဒေါက်တာသန်းအောင်စိုး၏ အမျိုးသားစာပေဆု ကဗျာပေါင်းချုပ်ဆု ရွေးချယ်ရာတွင် ဂန္တဝင်ကဗျာဆုနှင့် ခေတ်ပေါ်ကဗျာဆုဟူ၍ ဆု (၂)ခု ခွဲခြား ပေးနိုင်ခြင်းရှိ၊ မရှိ၊ ခေတ်ပေါ်ကဗျာနှင့် ပတ်သက်၍ ဖွဲ့စည်းတည်ဆောက်ပုံ၊ အသံစိစစ်ပုံ၊ ကဗျာဂုဏ်မြောက်မှု သတ်မှတ်ချက် စသည်တို့ကို တရားဝင်မူချမှတ်ပြဋ္ဌာန်းပြီးစီးမှု ရှိ၊ မရှိနှင့် ပြဋ္ဌာန်းပြီးဖြစ်ပါက ပြည်သူများသိအောင် ထုတ်ပြန်ပေးထားခြင်း ရှိ၊ မရှိ သိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က  ဦးစွာအမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်ပုံနှင့် စပ်လျဉ်း၍ အနည်းငယ် တင်ပြလိုပါကြောင်း၊ အမျိုးသားစာပေဆုများချီးမြှင့်ခြင်းကို ပြန်ကြားရေးဝန်ကြီးဌာနက ကြီးကြပ်ပြီး ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနအောက်တွင် ရှိသည့်  စာပေဗိမာန်က တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ စာပေဗိမာန်အဖွဲ့အနေဖြင့် ၁၉၄၈ ခုနှစ် ကစပြီး စာပေဆုများချီးမြှင့်ခဲ့ရာ အစပိုင်းတွင် စာပေဗိမာန် ဆုအမည်ဖြင့် ချီးမြှင့်ခဲ့ပြီး နောက်ပိုင်းတွင် အမျိုးသားစာပေဆုဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ခြင်း ဖြစ်ပါကြောင်း။

၁၉၄၈ ခုနှစ်တွင် ဝတ္တုရှည်ဆု တစ်ဆုတည်းသာ ချီးမြှင့်ခဲ့ရာမှ နောက်ပိုင်းတွင် ဆုအမျိုးအမည်များ တိုးလာပြီး ယခုအချိန်တွင် ဘာသာရပ်အလိုက် ဆု (၁၈)မျိုးအထိ ရှိလာသည့်အပြင် တစ်သက်တာ စာပေဆုကိုလည်း စာရေးဆရာအနေဖြင့် တစ်ဦး၊ စာပေပညာရှင်များထဲမှ တစ်ဦး ရွေးချယ်ချီးမြှင့်နေပြီ ဖြစ်ပါကြောင်း။

ယခုကဲ့သို့ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စာရေးဆရာ စာပေပညာရှင်များ ပါဝင်သည် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီကို ပြန်ကြားရေးဝန်ကြီးဌာနက ကမကထပြုဖွဲ့စည်းပြီး နှစ်စဉ်အတည်ပြုထုတ်ပြန်ပေးပါကြောင်း၊ ၂၀၁၈ ခုနှစ်အတွက် ဖွဲ့စည်းခဲ့သည့်ကော်မတီတွင် အဖွဲ့ဝင် ၅၄ ဦးပါဝင်ပါကြောင်း၊ ထိုကော်မတီ အောက်တွင် သက်ဆိုင်ရာ ဘာသာရပ်အသီးသီးအတွက် စာပေဆုများပဏာမရွေးချယ်ပေးမည့် အဖွဲ့ငယ်များ ဖွဲ့စည်းထားပြီး စိစစ်ရွေးချယ်ခြင်း၊ အဆင့်ဆင့်အတည်ပြု ဆုံးဖြတ်ခြင်းများ ပြုလုပ်ကြခြင်းဖြစ်ပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန စာပေဗိမာန်အနေဖြင့် ဆုစိစစ်ရွေးချယ်ရာတွင် ပါဝင်ခြင်းမရှိဘဲ ကော်မတီနှင့် အဖွဲ့ငယ်များ၏ ဆုရွေးချယ်မှုလုပ်ငန်း အဆင်ပြေချောမွေ့စေရန် အထောက်အကူပြုသည့်အလုပ်များသာ ဆောင်ရွက်ပေးကြပါကြောင်း၊ စာပေဆုကော်မတီတွင် ပါဝင်သည့် ပညာရှင်များအနေဖြင့် ဆုအမျိုးအမည် အသစ်များတိုးချဲ့ပေးရန်  ဆွေးနွေးကြခြင်းလည်း ရှိပါကြောင်း၊ တင်ပြသူက တင်ပြပြီး ထိုအပေါ်တွင် ထောက်ခံသူ၊ ကန့်ကွက်သူများက ဆွေးနွေးကြပါကြောင်း၊ ထို့နောက် အများသဘောဆန္ဒအလျောက် ဆုံးဖြတ်ကြပါကြောင်း။

ထိုဆွေးနွေးသည့်အနက်မှ ကဗျာဆုကို ဂန္တဝင်ကဗျာဆုနှင့် ခေတ်ပေါ်ကဗျာဆု ဟူ၍ ဆုနှစ်ခုခွဲခြား ပေး၊ မပေး ဆွေးနွေးခြင်းလည်း ရှိပါကြောင်း၊ ထိုကိစ္စကို အကြိတ်အနယ်ဆွေးနွေးကြပြီး နောက်တွင်  အဖွဲ့ဝင်များ လျှို့ဝှက်မဲပေးပြီး ကဗျာဆုကို တစ်ဆုတည်းထားရန် ဂန္တဝင်ကဗျာဖြစ်စေ၊ ခေတ်ပေါ်ကဗျာဖြစ်စေ ကောင်းသည့်ကဗျာစာအုပ်ကို ဆုချီးမြှင့်ရန်ဆုံးဖြတ်ခဲ့ကြပါကြောင်း၊ ယင်းသည် ၂၀၁၇ ခုနှစ်အတွင်းက ဖြစ်ပါကြောင်း၊ ထိုသို့ မဲခွဲဆုံးဖြတ်ရာတွင် အများစုဖြစ်သည့် ဆုတစ်ဆုတည်း ပေးလိုသူများ၏ သဘောထားအမြင်သည် အဓိက စာပေဆုအမျိုးအစားများဖြစ်သည့် ဝတ္ထုတို၊ ဝတ္ထုရှည်နှင့် ပြဇာတ် စသည်တို့ကိုလည်း တစ်ဆုတည်းပေးပြီး အစဉ်အလာနှင့် ခေတ်ပေါ်ဟူ၍ နှစ်ဆုမခွဲပါကြောင်း၊ ကဗျာဆုကိုလည်း မူလအစကတည်းက တစ်ဆုတည်းသာ ပေးခဲ့ပါကြောင်း၊ ထို့ကြောင့် ယခုလည်း တစ်ဆုတည်းသာ ပေးသင့်ကြောင်း နှင့် ထိုဆုအောက်တွင် အစဉ်အလာကဗျာနှင့် ခေတ်ပေါ်ကဗျာများပါ ထည့်သွင်းစဉ်းစားပြီး အကောင်းဆုံးကို ချီးမြှင့်သင့်သည်ဟု ဆွေးနွေးဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊ ကဗျာဆုနှစ်ဆုကိစ္စနှင့်ပတ်သက်၍ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီက စဉ်းစားဆောင်ရွက်ခဲ့ခြင်းအကြောင်းကို တင်ပြခြင်းဖြစ်ပါကြောင်း။
ဆက်လက်၍ ခေတ်ပေါ်ကဗျာနှင့်ပတ်သက်၍ ဖွဲ့စည်းတည်ဆောက်ပုံ၊ အသံစိစစ်ပုံနှင့် ကဗျာဂုဏ်မြောက်မှုသတ်မှတ်ချက် စသည်တို့ကို တရားဝင်မူချမှတ်ပြဋ္ဌာန်း ပြီးစီးမှု ရှိ၊ မရှိနှင့် ပြဋ္ဌာန်းပြီး ဖြစ်ပါက ပြည်သူများသိအောင် ထုတ်ပြန်ပေးထားခြင်း ရှိ၊ မရှိ သိလိုခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြမည်ဖြစ်ပါကြောင်း။

ယခင်က အမျိုးသားစာပေကဗျာဆုများ ချီးမြှင့်ရာတွင် ခေတ်ပေါ်ကဗျာများကို ထည့်သွင်းစဉ်းစားလေ့ မရှိခဲ့ပါကြောင်း၊ ဂန္တဝင်ဟန်ဟုခေါ်သည့် အစဉ်အလာကဗျာစပ် နည်းများအတိုင်းရေးသည့် ကဗျာများစုစည်းထုတ်ဝေသည့် စာအုပ်များကိုသာ ပေးခဲ့ပါကြောင်း၊ လွန်ခဲ့သည့် သုံးနှစ်ခန့်က ခေတ်ပေါ်ကဗျာသမားများက အဆိုပြုလာပါကြောင်း၊ ၎င်းတို့ရေးသည့် ကဗျာစာအုပ်များ အများအပြားထွက်ပါကြောင်း၊ ဂန္တဝင်ကဗျာများထက် သိသိသာသာပိုမိုများပြားပါကြောင်း၊ ထို့ကြောင့် ကဗျာဆုရွေးချယ်ရာတွင် ယခုအခါ အများစုရေးသားနေသည့် ခေတ်ပေါ်ကဗျာများကိုလည်း ထည့်သွင်းစဉ်းစာသင့်ပါသည်ဟု  အဆိုပြုလာကြခြင်းဖြစ်ပါကြောင်း။

ယင်းအပေါ်တွင် စဉ်းစားသုံးသပ်ပြီး ကဗျာဆုရွေးချယ်ရာတွင် ဂန္တဝင်ဟန် ကဗျာများနှင့် ခေတ်ပေါ်ကဗျာ များကိုပါ ထည့်သွင်းစဉ်းစားမည်ဟု ၂၀၁၆ ခုနှစ်အတွက် စာပေဆုရွေးချယ်ရေးကော်မတီက ဆုံးဖြတ်ခဲ့ပါကြောင်း၊ ထိုအခါတွင် ကဗျာအားလုံးအတွက် အကဲဖြတ်နိုင်မည့် မူသဘောထားရရှိရန် လိုအပ်လာသည့်အတွက် အစည်းအဝေးကျင်းပြီး ကဗျာရွေးချယ် ရေးအခြေခံမူဝါဒများ ချမှတ်ခဲ့ကြပါကြောင်း၊ ထိုအခြေခံ မူဝါဒများမှာ စကားလုံး ရွေးချယ်သုံးနှုန်းမှု၊ စိတ်ကူး ရုပ်ပုံဖော်ခြင်းနှင့် ကဗျာ့လင်္ကာရ ကြိရိယာများ သုံးစွဲပုံ၊ ကဗျာအတွေးနှင့် အာရုံခံစားမှု၊ ကဗျာအဖွဲ့အမျိုးအစားပေါ် မူတည်ပြီး (ပုံစံအသုံးပြု ကာရန်ကဗျာများတွင်) ကာရန်ကိုက်ညီမှုနှင့် ကဗျာပုံစံမှန်ကန်မှု (လွတ်လပ်လင်္ကာကဗျာများတွင်) သံနေသံထားရစ်သမ် အသုံးပြုမှု၊ ကဗျာ့ဆိုလိုရင်း ကိုက်ညီအောင် ဖွဲ့စည်းမှုနှင့် ပင်ကိုမူလဖြစ်မှု စသည်တို့ဖြစ်ပါကြောင်း။

ထိုမူဝါဒများကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေသည့် ၂၀၁၆ ခုနှစ်အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီနှင့် ဘာသာရပ် အဖွဲ့ငယ်များ အစီရင်ခံစာ စာအုပ်တွင် ဖော်ပြထားပါကြောင်း၊ ထို့ကြောင့် အချုပ်ပြောရမည်ဆိုပါက အမျိုးသားစာပေ ကဗျာပေါင်းချုပ်ဆု ရွေးချယ်ရာတွင် ဂန္တဝင်ကဗျာဆုနှင့် ခေတ်ပေါ်ကဗျာဆုဟူ၍ ဆုနှစ်ခုခွဲခြားပေးရန် သင့်၊ မသင့်နှင့် စပ်လျဉ်း၍  ကျွမ်းကျင်သော စာပေပညာရှင်များက ရှုထောင့်စုံမှ ဆွေးနွေးဝေဖန် သုံးသပ်ဆုံးဖြတ်ခဲ့ကြပြီး ဖြစ်ပါကြောင်းနှင့် ဂန္တဝင်နှင့် ခေတ်ပေါ်ပါ အကျုံးဝင်သည့် ကဗျာဆုနှင့် စပ်လျဉ်းသည့် ရွေးချယ်ရေးဆိုင်ရာ အခြေခံမူဝါဒများကိုလည်း သတ်မှတ်ပြဋ္ဌာန်းကာ အများပြည်သူ သိရှိအောင် ပုံနှိပ်ထုတ်ဝေဖြန့်ချိထားပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

ထို့နောက် ဒေါက်တာသန်းအောင်စိုးက အမျိုးသားစာပေဆုကဲ့သို့ ဂန္တဝင်ကဗျာဆုကို သီးခြားခွဲပေးနိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးအနေဖြင့် တိုက်တွန်းပေးရန်  မေတ္တာရပ်ခံလိုပါကြောင်း၊ ခွဲခြားပေးနိုင်ပါကလည်း အမျိုးသားစာပေဆုကဲ့သို့ အဆင့်အတန်းရှိသည့် ဂန္တဝင်ကဗျာပြိုင်ပွဲများ ပြုလုပ်ပေးနိုင်ခြင်း ရှိ၊ မရှိ ဆက်စပ်မေးခွန်း မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ဆုအမျိုးအမည်သတ်မှတ်ခြင်းသည် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီဝင်များဖြစ်သည့် စာပေပညာရှင်များနှင့် စာရေး ဆရာများ၏ စုစည်းဆုံးဖြတ်ချက်ဖြစ်ပါကြောင်း၊ စာပေရွေးချယ်ရေး အဖွဲ့တွင် ပါဝင်သည့် ပုဂ္ဂိုလ်များအနက်မှ ဂန္တဝင်ကဗျာများ လက်ရှိရေးဖွဲ့နေဆဲ ပုဂ္ဂိုလ်များလည်း ပါဝင်ပါကြောင်း၊ ထို့ကြောင့် ဆုရွေးချယ်ရေး စည်းမျဉ်းစည်းကမ်းချက်များထဲတွင်လည်း ဂန္တဝင်ကဗျာနှင့်ပတ်သက်၍ ဇာတ်နည်းဇာတ်ထုပ် ညီညွှတ်ခြင်း စသည်တို့ကို ဖော်ပြပြီး ပြောင်မြောက်သည့် ဂန္တဝင်ဟန် ကဗျာဖြစ်ပါက ဆုရွေးချယ်မည်ဆိုသည့် သတ်မှတ်ချက်ရှိပါကြောင်း၊ သို့သော် ဆုတစ်ဆုမှ နှစ်ဆုဖြစ်ရန်အတွက် မည်သို့ဆောင်ရွက်ပေးနိုင်မည် ဆိုသည့်ကိစ္စနှင့် ပတ်သက်၍ ဆုရွေးချယ်ရေးကော်မတီသို့  တင်ပြပေးနိုင်ပါကြောင်း၊ ဆုံးဖြတ်ချက်သည် ကော်မတီ၏ သဘောသာဖြစ်ပါကြောင်း၊ ဂန္တဝင်ကဗျာပြိုင်ပွဲများ ကျင်းပရေးကိစ္စနှင့် စပ်လျဉ်း၍ ဂန္တဝင်ကဗျာများကို စိတ်ပါဝင်စားသည့် ကဗျာအစုအဖွဲ့များ၊ စာပေဆုအဖွဲ့များကို ဆွေးနွေးတင်ပြပေး မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

ကောလင်းမဲဆန္ဒနယ်မှ ဦးမျိုးဇော်အောင်၏ ကောလင်းမြို့နယ်၊ ရှမ်းကလုံး ကျေးရွာအနီးတစ်ဝိုက်တွင် ခွင့်ပြုထားသော သတ္တုတူးဖော်ရေး ကုမ္ပဏီများကို သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်နေခြင်း ရှိ၊ မရှိ စိစစ်၍ ဥပဒေနှင့် မညီသည်များကို စိစစ်အရေးယူရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက  ထွက်ရှိလာသော ကြေးနီနှင့် အခြားသတ္တုများအတွက် အခွန်မှန်ကန်စွာ ပေးသွင်းခြင်း ရှိ၊ မရှိနှင့်စပ်လျဉ်း၍ ကြေးနီသတ္တုများကို ပြည်ပသို့တင်ပို့ရောင်းချသည့်အခါ အခွန်အပြည့်အဝ ပေးသွင်းပြီးမှသာ ရောင်းချခွင့်ပြုပါကြောင်း၊ ကြေးနီခွင့်ပြုထားသော်လည်း ရွှေထွက်ရှိမှု ပမာဏများပြားကြောင်း ကြားသိရခြင်းနှင့်ပတ်သက်၍ ကုမ္ပဏီများသည် ကြေးနီသတ္တုလျှောက်ထားသည့် ကုမ္ပဏီများဖြစ်ပြီး စမ်းသပ်တိုင်းတာမှု အစီရင်ခံစာအရ  ကြေးနီသတ္တုပါဝင်မှု စီးပွားဖြစ်ထုတ်လုပ်နိုင်သည့် ပမာဏရှိသည့်အတွက် ကြေးနီသတ္တု ထုတ်လုပ်ခွင့်ပြုထားခြင်းဖြစ်သော်လည်း ဈေးနှုန်းတွက်ချက်ရာတွင် ဓာတ်ခွဲစမ်းသပ်မှုအရ ပါဝင်သည့် သတ္တုများအားလုံးအတွက် ကောက်ခံလျက်ရှိပါကြောင်း။

ခွင့်ပြုချက်မရှိသော နိုင်ငံခြာသားများ ဝင်ရောက်မှုနှင့်ပတ်သက်၍ အရေးယူရန်လို အပ်နေခြင်းနှင့်စပ်လျဉ်း၍ လုပ်ကွက်အတွင်းသို့ နိုင်ငံခြားသားပညာရှင် ဝင်ထွက်သွားလာခြင်းကို ဝန်ကြီးဌာန၏ တရားဝင်ခွင့်ပြုချက်ရရှိသည့်အပြင် သက်ဆိုင်ရာဦးစီးဌာန လုပ်ငန်းများမှလည်း ဆောင်ရွက်ပါကြောင်း၊ ခွင့်ပြုချက်မရဘဲ လုပ်ကွက်အတွင်း ဝင်ရောက်နေထိုင်မှုမရှိစေရန် သက်ဆိုင်ရာ ဒေသအာဏာပိုင်များနှင့် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဦးစီးဌာနတို့နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက် ရှိပြီးဌာနမှလည်း နိုင်ငံခြားသားဝင်ရောက်မှုကို လစဉ်စစ်ဆေးလျက်ရှိပါကြောင်း၊ တရားမဝင် ဝင်ရောက်နေထိုင်မှုများရှိပါက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့် ဒေသအာဏာပိုင်တို့က တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လုပ်ကွက်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များကိုလည်း ဝန်ကြီးဌာန လုပ်ကွက်စိစစ်ရေးအဖွဲ့များက စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ခွင့်ပြုမိန့်နှင့် စာချုပ်စည်းကမ်းကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက သတ္တုတွင်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

ဆက်လက်၍ မာန်အောင် မဲဆန္ဒနယ်မှ ဦးတင်နု(ခ)ဦးတင်နုအောင်၏ ရခိုင်ပြည်နယ်ရှိ မာန်အောင်မြို့မှ ကျောက်ဖြူ၊ စစ်တွေမြို့များသို့ သွားလာနိုင်ရေးအတွက် ကစ္စပနဒီ အမြန်ရေယာဉ်အား သီတင်းတစ်ပတ်တွင် အနည်းဆုံး နှစ်ကြိမ်ပြေးဆွဲပေးရန် အစီအစဉ်ရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့် ပြည်မဲဆန္ဒနယ်မှ ဒေါက်တာခင်စိုးစိုးကြည်၏ ပြည်-ပေါက်ခေါင်းလမ်းပိုင်း ရထားလမ်းဖောက်လုပ်ရန် သိမ်းဆည်းခဲ့သော လယ်ယာမြေများ နှင့်ပတ်သက်၍ လျော်ကြေးငွေ မရရှိသေးပါသဖြင့် မည်သည့်ဘဏ္ဍာနှစ်တွင် ပေးလျော်မည်ကို သိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက လည်းကောင်း၊ ကသာမဲဆန္ဒနယ်မှ  ဦးမြင့်ကြည်၏  ယင်းခဲသစ်တောကြိုးဝိုင်းအတွင်း ကာလတာရှည်ကတည်းက  ဝင်ရောက် ထွန်ယက်စိုက်ပျိုးနေထိုင်ခဲ့ရာမှ သစ်တောကျူးကျော်သူများ ဖြစ်သွားကြရသော ကျေးလက်နေပြည်သူများ စာရင်းကို အမှန်တကယ် တိကျမှန်ကန်ခိုင်လုံသော စာရင်းသစ်တစ်ရပ်ဖြစ်အောင် အသစ်ထပ်မံကောက်ယူပြုစုထုတ်ပြန်ရန် အစီအစဉ်ရှိ၊ မရှိ သိလိုခြင်း မေးခွန်း၊ ရွာငံ မဲဆန္ဒနယ်မှ ဦးအောင်စိုးမင်း၏ GPS ကုမ္ပဏီမှ တရားမဝင် သတ္တုတူးဖော်နေမှုအား  အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး ကွင်းဆင်းစိစစ် အရေးယူဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍  ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက လည်းကောင်း ရှင်းလင်းဖြေကြားသည်။

ထို့နောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပေးပို့ထားသော အမှုတွဲ မိတ္တူကူးခြင်းဆိုင်ရာ နည်းဥပဒေများနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီဝင် ဦးဇော်ဝင်းက ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားသည့် ပြင်ဆင်ချက် ၁၁ ချက်ကို တင်ပြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က  ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ သဘောထားရယူပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမှုတွဲမိတ္တူကူးခြင်းဆိုင်ရာ နည်းဥပဒေများ  တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် နည်းဥပဒေ၊ နည်းဥပဒေခွဲများအတိုင်း အတည်ပြုရန်အတွက် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက် အတည်ပြုကြောင်း ကြေညာသည်။

ယင်းနောက် ဒဂုံမြို့သစ်(တောင်ပိုင်း) မဲဆန္ဒနယ်မှ ဦးအေးနိုင် တင်သွင်းသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်တွင် ဒီရေတောများကို စီမံကိန်းများချမှတ်၍ စိုက်ပျိုးခြင်းဖြင့်လည်းကောင်း၊ ပေါက်ရောက်ပြီး ဒီရေတောများကို စီမံကိန်းများချမှတ်၍ ထိန်းသိမ်းကာကွယ်ခြင်းဖြင့် လည်းကောင်း၊ သဘာဝဘေးအန္တရာယ်များ ကာကွယ်ရေးနှင့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုများနှင့် လိုက်လျောညီထွေဖြစ်စေရေး ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးသည်။

ဆင်ပေါင်ဝဲ မဲဆန္ဒနယ်မှ ဦးနေထက်ဝင်း ကသစ်တောပြုန်းတီးမှုကို ကုစားရန်နှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေး ကြိုးပမ်းဆောင်ရွက်ရာတွင် အစိုးရအနေဖြင့် မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်းကို လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်နေခဲ့ပြီး ဆယ်နှစ်တာအတွင်း ဒီရေတောစိုက်ခင်းဧက ၃ သောင်းနီးပါးကို အသစ်စိုက်ပျိုးရန် ဆောင်ရွက်နေပါကြောင်း၊ ဒီရေတောများ ယခုထက်ပိုမိုအောင် မြင်ရန်အတွက် သစ်တောဦးစီးဌာနအောက်တွင်ရှိသည့် ဒီရေတောဌာနခွဲကို တိုးချဲ့ဖွဲ့ စည်းဆောင်ရွက်ရန် လိုအပ်ကြောင်းကို အကြံပြုလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကမ်းရိုးတန်းသယံဇာတဖြစ်ပြီး သဘာဝဘေးအန္တရာယ်များ၏ တားဆီးကာကွယ်ပေးရာ ဒီရေတောခံတပ်များကို အကောင်းဆုံးပြန်လည်ရှင်သန်ရေးအတွက်  ဖြည့်ဆည်းပေးရန် တိုက်တွန်းလိုပါကြောင်း ထောက်ခံဆွေးနွေးသည်။

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးစိုးမြင့်အောင်က  မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ် ထိခိုက်နိုင်ခြေများပြားသည့် နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံတော်၏ ရှည်လျားသော ကမ်းရိုးတမ်း ဒေသများ၏ သဘာဝတံတိုင်း တစ်ရပ်သဖွယ် ဖန်တီးပေးထားသော ဒီရေတောများကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရေးစီမံချက်များ စနစ်တကျချမှတ်ပြီး ဦးစားပေးဆောင်ရွက်ရန် အထူးလိုအပ်ပါကြောင်း၊ ဒီရေတောများသည် နိုင်ငံ၏ လူမှုရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍများတွင် အရေးပါပြီး သဘာဝသယံဇာတများဖြစ်သည့်အပြင် နိုင်ငံတော်၏ တန်ဖိုးမဖြတ်နိုင်သော အမျိုးသားအမွေအနှစ်များ လည်းဖြစ်ပါကြောင်း၊ သို့ပါ၍ ဒီရေတောများ ပြန်လည်စိုက်ပျိုးထိန်းသိမ်းပြုစုစောင့် ရှောက်ရေးလုပ်ငန်းစဉ်သည် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် အမျိုးသား အမွေအနှစ် ထိန်းသိမ်းရေးအပေါ်များစွာ အကျိုးသက်ရောက်နေပါသဖြင့် နိုင်ငံတော်အစိုးရအနေဖြင့်နှင့် စီမံချက်များချမှတ်ပြီး စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်သွားသင့်ပါကြောင်း အကြံပြု ဆွေးနွေးသည်။

ယင်းအဆိုနှင့်စပ်လျဉ်း၍ ဘိုကလေး မဲဆန္ဒနယ်မှ ဦးမင်းသိုင်း၊ မိုးကုတ် မဲဆန္ဒနယ်မှ ဦးအောင်နိုင်၊ ရွှေတောင် မဲဆန္ဒနယ်မှ ဒေါ်မြခွာညိုဦး၊ သံတွဲ မဲဆန္ဒနယ်မှ ဦးမင်းကြည်၊ ပုလော မဲဆန္ဒနယ်မှ ဦးအုန်းခင်၊ မင်းကင်း မဲဆန္ဒနယ်မှ ဦးမောင်မြင့်၊ ဖျာပုံ မဲဆန္ဒနယ်မှ ဦးဝင်းထွဋ်၊ ဒေးဒရဲ မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်ညို၊ ကော့မှူး မဲဆန္ဒနယ်မှ ဦးကျော်ဆွေဝင်းနှင့် လှိုင်သာယာ မဲဆန္ဒနယ်မှ ဦးဝင်းမင်းတို့က ဆွေးနွေးကြသည်။

ထို့နောက် အဆိုနှင့်စပ်လျဉ်း၍  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက နိုင်ငံအဆင့် ပင်လယ်ကမ်းရိုး တန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ၏ လမ်းညွှန်မှုဖြင့် သစ်တောဦးစီးဌာနအနေဖြင့် ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်တွင် သဘာဝဒီရေတောများ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ဒီရေတောစိုက်ခင်းများ တည်ထောင်ခြင်းလုပ်ငန်းများကို စီမံကိန်းများ ရေးဆွဲ၍ ဆောင်ရွက်လျက်ရှိခြင်း၊ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် ဆက်စပ်ဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိခြင်း စသည်တို့ကို ဆောင်ရွက်နေသော်လည်း သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် ရာသီဥတုပြောင်းလဲမှုများနှင့် လိုက်လျောညီထွေဖြစ်စေရေးအတွက် ဒီရေတောများကို ပိုမို၍ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေပါသဖြင့် ဝန်ကြီးဌာနအနေဖြင့် အဆိုအား အတည်ပြုပေးပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုရှင်၏ သဘောထားမေးမြန်းရာ အဆိုရှင်က အတည်ပြုပေးပါရန် ပြောကြားသည်။

ထို့နောက် ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအား အတည်ပြုရန်အတွက် လွှတ်တော်၏ သဘောထားမေးမြန်းရာ သဘောမတူသူ မရှိသဖြင့် အဆိုအား အတည်ပြုကြောင်း ကြေညာသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ကသာ မဲဆန္ဒနယ်မှ ဦးမြင့် ကြည်၊ သံဖြူဇရပ် မဲဆန္ဒနယ်မှ ဦးဉာဏ်ဟိန်းနှင့် ထီးလင်း မဲဆန္ဒနယ်မှ ဦးမြတ်လေးဦးတို့က ဆွေးနွေးကြသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ အတွင်းရေးမှူး ဦးလှသန်းက လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ယင်းနှစ်ပတ်လည် အစီရင်ခံစာနှင့်စပ်လျဉ်း၍ သဘောတူလက်ခံရန် ကော်မတီဝင် ဦးထွန်းထွန်းဝင်းက  အဆိုတင်သွင်းပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူ အတည်ပြုသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာနှင့်စပ်လျဉ်း ထီးလင်းမဲဆန္ဒနယ်မှ ဦးမြတ်လေးဦး၊ တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဦးမင်းသိန်းနှင့် ဆားလင်းကြီး မဲဆန္ဒနယ်မှ ဦးဝင်းသိန်းဇော်တို့က ဆွေးနွေးကြသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးစိုးသူရထွန်းက လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ယင်းနှစ်ပတ်လည် အစီရင်ခံစာနှင့်စပ်လျဉ်း၍ သဘောတူလက်ခံရန် ကော်မတီအတွင်းရေးမှူး ဦးအေးနိုင်က အဆိုတင်သွင်းပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူ အတည်ပြုသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ကို ဒီဇင်ဘာ ၁၃ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးသန့်(သတင်းစဉ်)