ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၇)ရက်မြောက်နေ့ ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၈

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

v6

 

အစည်းအဝေးတွင် တာမွေမဲဆန္ဒနယ်မှ ဦးတိုးဝင်း၏ လူအများစုနေထိုင်ရာဖြစ်သော မြို့ပြကြီးများရှိ တိုက်ခန်းနေ ပြည်သူများ ၏ ဘေးအန္တရာယ်ကင်းစေရေးအတွက် တိုက်ခန်းပြုပြင်ခြင်းများ ဆောင်ရွက်ရန်၊ သက်ဆိုင်ရာ အစိုးရဌာနများမှ ကွင်းဆင်း စစ်ဆေးရန်နှင့် ပြန်လည်တည်ဆောက်ရန်သင့်သော တိုက်ခန်းများအဖြစ် သက်ဆိုင်ရာမှ ဆုံးဖြတ်ပါက ပြည်သူများ၏ ဘဝနေထိုင်ရေးအတွက် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဆောက်လုပ်ရေးဝန်ကြီးဌာနက ရေးဆွဲနေသည့် အဆောက်အဦနှင့် ဆောက်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဥပဒေ (Building and Construction  Industry Development Law-BCID Law) နှင့် ပတ်သက်၍ ရှင်းပြလိုပါကြောင်း၊ BCID Law တွင် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ အဆောက်အဦများ တည်ဆောက်သည့်အခါ  မည်သည့် စံချိန်စံညွှန်းနှင့် တည်ဆောက်ရမည်ကို ပြဋ္ဌာန်းမည်ဖြစ်ပါကြောင်း၊ BCID ဥပဒေရေးဆွဲပြီးသည့်အခါ ပြည်ထောင်စု တွင် BCID ဗဟိုကော်မတီဖွဲ့စည်းပြီး တိုင်းဒေသကြီး၊ ပြည်နယ်များတွင်  ဒေသဆိုင်ရာကော်မတီများ ရှိလာမည်ဖြစ်ပါကြောင်း။

ယခုအချိန်တွင် အိမ်ရာများ၊ အဆောက်အဦများနှင့် Building Construction များကို တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်သည့်ဥပဒေ မရှိသေးသည့်အတွက် အဆောက်အဦ ဆောက်လုပ်ရာတွင် အသုံးပြုမည့် ဆောက်လုပ်ရေးပစ္စည်းများဖြစ်သည့် သံချောင်း၊ ဘိလပ်မြေတို့၏ စံချိန်စံညွှန်းများ၊ အဆောက်အဦ တစ်ခုလုံးအတွက် လိုအပ်သည့် ရေဂါလံ၊ ရေပမာဏ၊ မီးသတ်စနစ်များ ဆောင်ရွက်ထားရှိမှု၊ အရေးပေါ်လှေကားများကို ထားရှိရမည့်စနစ်များ စသည်တို့ကို လွှမ်းခြုံနိုင်သည့်ဥပဒေကို ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ရေးဆွဲ၍ လွှတ်တော်ရေးရာကော်မတီများနှင့် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေးရာကော်မတီ များမှပေးသည့် အကြံဉာဏ်များကိုလည်း ပြင်ဆင်ဖြည့်စွက်ပြီး မကြာမီကာလတွင် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ တင်ပြသွားမည်ဖြစ်ပါကြောင်း၊  အစည်းအဝေးက အတည်ပြုပြီးပါက ဆွေးနွေးနိုင်ရန်အတွက် လွှတ်တော်သို့ ရောက်ရှိလာမည် ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြီးပါက ဆောက်လုပ်မှုကဏ္ဍကို လွှမ်းခြုံနိုင်သည့် ဥပဒေတစ်ခု ထွက်ရှိလာ မည်ဖြစ်ပါကြောင်း။

ကန်ထရိုက်တိုက်ဟု ခေါ်ဆိုသော စုပေါင်းပိုင်တိုက်များတွင် နေထိုင်ကြသူများအနေဖြင့် မိမိတို့ အဆောက်အဦ ပြင်ဆင်ရေးနှင့် ပတ်သက်၍ နေထိုင်ကြသူများအားလုံးတွင် တာဝန်ရှိပြီး နေထိုင်သူအားလုံးမှ ပြင်ဆင်စရိတ်ကို အညီအမျှ ကျခံရမည်ဖြစ်ပါ ကြောင်း၊ အဆိုပါ အဆောက်အဦများကို ပြင်ဆင်နိုင်ရန်အတွက် BCID ကော်မတီအဖွဲ့များ အမြန်ဆုံး ထူထောင်သွားပြီး အဆိုပါ BCID ကော်မတီ အဖွဲ့များမှ အကြံပြုချက်များ၊ လမ်းညွှန်ချက်များကို ထုတ်ပြန်ကြေညာပြီး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊  ဝန်ကြီးဌာနအနေဖြင့် BCID Law နှင့် Estate Management Law  များကို ရေးဆွဲလျက်ရှိပြီး အဆိုပါ ဥပဒေများ ပြဋ္ဌာန်းပြီးပါက ဆောက်လုပ်မှု ကဏ္ဍကြီးတစ်ခုလုံးကို လွှမ်းခြုံ၍  တစ်နိုင်ငံလုံး အတိုင်းအတာအရ ပုဂ္ဂလိက ကဏ္ဍနှင့် နိုင်ငံပိုင် အဆောက်အဦ ကဏ္ဍတွင်ပါ စံချိန်စံညွှန်းပြည့်မီသည့် အဆောက်အဦများကို တည်ဆောက်နိုင်ရန်အတွက် ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း  တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များမှ ပေးပို့လာသော အချက်အလက်များနှင့် ပေါင်းစပ် ရှင်းလင်းဖြေကြားသည်။

မောက်မယ်မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်း၏ မြန်မာနိုင်ငံတွင်  မကြာခင် ရောက်ရှိလာတော့မည့် (၂၀၂၀) အထွေထွေ ရွေးကောက်ပွဲကာလအတွင်း လူမှုကွန်ရက်မီဒီယာ (Facebook) အသုံးပြုခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်အစိုးရမှ ညှိနှိုင်းထိန်း ကျောင်းပေးရန် အစီအစဉ်ရှိပါသလားနှင့် ကိုယ်စားလှယ်လောင်းများ၏ (Facebook)ပေါ်တွင် (Boost)လုပ်ပြီး နိုင်ငံရေး ကြေညာအတွက် သုံးစွဲခဲ့သည့် ငွေကြေးပမာဏတန်ဖိုးများသည် ရွေးကောက်ပွဲဆိုင်ရာ အသုံးစရိတ်ရှင်းတမ်း၌ ဖော်ရန်လို၊ မလိုနှင့် ရွေးကောက်ပွဲရက် နီးကပ်နေသော မဲမဆွယ်ရသည့်နေ့များ (Silent Day)နှင့် ရွေးကောက်ပွဲရက် မဲမဆွယ်ရဧရိယာ များတွင် (Facebook)အသုံးပြုပါက ရွေးကောက်ပွဲဥပဒေနှင့် ညီညွတ်မှုရှိ၊ မရှိ သိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်ဆွေက မြန်မာနိုင်ငံတွင် မကြာမီရောက်ရှိလာတောမည့် အထွေထွေ ရွေးကောက်ပွဲ ကာလအတွင်း လူမှုကွန်ယက်မီဒီယာ (Facebook)အသုံးပြုခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်အစိုးရမှ ညှိနှိုင်းထိန်းကျောင်းပေးရန် အစီအစဉ်နှင့် စပ်လျဉ်း၍ ဆိုရှယ်မီဒီယာများကို အသုံးပြုရာ၌ သတ်မှတ်ထားသည့် Community Standards တို့ကို သုံးစွဲသူ ကိုယ်တိုင်က ဦးစွာဖတ်ရှုပြီး လိုက်နာကျင့်သုံးရမည် ဖြစ်ပါကြောင်း၊ Community Standards ဆိုသည်မှာ ကျင့်ဝတ်အဖြစ် လိုက်နာကျင့်သုံးသင့်ကြောင်း သတ်မှတ်ထားခြင်းသာဖြစ်၍ ဥပဒေကဲ့သို့ အရေးယူထိန်းကျောင်းရန် အခက်အခဲရှိသည်ကို တွေ့ရှိရပါကြောင်း။

ကိုယ်စားလှယ်လောင်းများ၏ (Facebook) ပေါ်တွင် (Boost) လုပ်ပြီး နိုင်ငံရေးကြေညာအတွက် သုံးစွဲခဲ့သည့် ငွေကြေးပမာဏ တန်ဖိုးများသည် ရွေးကောက်ပွဲဆိုင်ရာ အသုံးစရိတ်ရှင်းတမ်း၌ ဖော်ပြန်ရန် လို၊ မလိုနှင့် စပ်လျဉ်း၍  သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများတွင် တိုက်ရိုက်သီးခြားဖော်ပြ၍ သတ်မှတ်ပြဋ္ဌာန်းထားခြင်း မရှိပါကြောင်း၊  လွှတ်တော် ကိုယ်စားလှယ်လောင်း သို့မဟုတ် ယင်း၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်တို့သည်  မည်သည့်နည်းဖြင့်ဖြစ်စေ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ရွေးကောက်ပွဲကိစ္စအလို့ငှာ မဲဆွယ်စည်းရုံးခြင်းအတွက် သုံးစွဲခဲ့သော ငွေကြေးပမာဏ တန်ဖိုးများကို ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်း ပုံစံ(၂၀)တွင်သတ် မှတ်ထားသည့်အပိုင်း၊ ခေါင်းစဉ်များအလိုက် ထည့်သွင်းဖော်ပြရမည် ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ရွေးကောက်ပွဲအလို့ငှာ ဖော်ပြခဲ့သည့် အပိုင်းခေါင်းစဉ်များတွင် အမည်ဖော်ပြ မပါရှိသည့် အခြားအသုံးစရိတ်များကိုလည်း အပိုင်း (ဌ) ခေါင်းစဉ်အောက်တွင် ထည့်သွင်းဖော်ပြရန် လိုအပ်မည်ဖြစ်ပါကြောင်း။

ရွေးကောက်ပွဲရက် နီးကပ်နေသော မဲမဆွယ်ရသည့်နေ့များ (Silent Day) နှင့် ရွေးကောက်ပွဲရက် မဲမဆွယ်ရ ဧရိယာများတွင် (Facebook)အသုံးပြုပါက ရွေးကောက်ပွဲဥပဒေနှင့် ညီညွတ်မှုရှိ၊ မရှိနှင့်စပ်လျဉ်း၍  သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများတွင် တိုက်ရိုက်ဖော်ပြ၍ သတ်မှတ်ထားခြင်း မရှိပါကြောင်း၊ ကော်မရှင်မှ ညွှန်ကြားသတ်မှတ်ထားသည့်  Silent Day ကာလတွင် ဥပဒေနှင့် နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်၍ မဲဆွယ်စည်းရုံးခြင်း မပြုလုပ်ရန် လိုအပ်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

ရန်ကင်း မဲဆန္ဒနယ်မှ ဒေါ်ဇင်မာအောင်၏ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏  Facebook လူမှုကွန်ရက်စာမျက်နှာတွင် ၂၀၁၇ ခုနှစ်မှ စတင်၍ အသုံးပြုခြင်း မရှိသည့်အပေါ် မည်သည့်အတွက်ကြောင့် သုံးစွဲခြင်းမရှိသည်ကို သိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်ဆွေက  ကော်မရှင်အနေဖြင့် ပြည်သူလူထု အသိပညာပေး လုပ်ငန်းများ၊ မဲဆန္ဒရှင်အသိပညာပေး လုပ်ငန်းများနှင့် ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်မှုသတင်းများကို ပြည်သူလူထုသိရှိ စေရန်အတွက် ကော်မရှင်၏ လူမှုကွန်ယက်စာမျက်နှာ (Facebook)ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂ ရက်တွင် စတင်ဖွင့်လှစ် အသုံးပြုခဲ့ပါကြောင်း၊ ထိုသို့အသုံးပြုခဲ့ရာတွင် လူမှုကွန်ယက်အသုံးပြုမှုဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့နှင့် လုပ်ငန်း အထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခဲ့ရမှု မရှိသည့်အပြင် စံနှုန်းနှင့်ကိုက်ညီသည့် စနစ်တကျ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ သတ်မှတ်ထားမှု မရှိသေးခြင်းတို့ကြောင့် မလိုလားအပ်သည့် ကိစ္စရပ်များ မပေါ်ပေါက်စေရန် အသုံးပြုမှုကို ယာယီရပ်နားခဲ့ခြင်းဖြစ်ပါကြောင်း၊ သို့သော် ပြည်သူလူထုများအနေဖြင့် အချိန်နှင့်တပြေးညီ သိရှိစေရန် မူလသတင်းအရင်း အမြစ်ဖြစ်သည့် ကော်မရှင်၏ Website (www.uec.gov.mm) တွင် လွှင့်တင်ပေးလျက်ရှိပါကြောင်း။

ကော်မရှင်သည် လူမှုကွန်ယက်စာမျက်နှာ (Facebook)အသုံးပြုရာတွင် စနစ်တကျရှိစေရေးအတွက် ဆိုရှယ်မီဒီယာ အသုံးပြုမှုဆိုင်ရာ ကြီးကြပ်ရေးကော်မတီကို  ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင် ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း၊  ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဆိုင်ရာများနှင့် စပ်လျဉ်း၍ ပြည်သူလူထုထံသို့  ဆိုရှယ်မီဒီယာများပေါ်မှတစ်ဆင့် သတင်းတု၊ သတင်းမှားများ မပြန့်ပွားစေရေးအတွက် ကော်မရှင်အနေဖြင့် Facebook ကုမ္ပဏီနှင့် တွေ့ဆုံပူးပေါင်း ဆောင်ရွက်ထားရှိပြီး ဖြစ်ပါကြောင်း၊  ကော်မရှင်၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းတွင် သတင်းမီဒီယာအဖွဲ့များနှင့် တွေ့ဆုံရှင်းလင်းမည့် သတင်းထုတ်ပြန်ချက်များဖြင့်  စဉ်ဆက်မပြတ် ထုတ်ပြန် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

ဆက်လက်၍ လှိုင်သာယာမဲဆန္ဒနယ်မှ ဦးဝင်းမင်း၏ ရွှေလင်ဗန်းစက်မှုဇုန် ကနောင်မင်းသားကြီးလမ်းရှိ မိုးလုံလေလုံ အားကစားခန်းမအား အများပြည်သူ အသုံးပြုနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် ကျောက်ကြီး မဲဆန္ဒနယ်မှ ဦးမြင့်ငွေ၏ ကျောက်ကြီးမြို့နယ်၊ ပတ္တလားကျေးရွာအုပ်စု၊ ထန်းပင်ကုန်းရွာမှ  ထိပ်ပေါက်ရွာအထိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကုန်ထုတ်ကျောက်ချောလမ်း ခင်းပေးပါရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်လင်းက လည်းကောင်း၊  မင်းကင်း မဲဆန္ဒနယ်မှ ဦးမောင်မြင့်၏ International Foundation For Electoral Systems (IFES)မှ ထောက်ပံ့မည့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများတွင် မည်သည့် Soft Ware မှ ပါဝင်ခြင်းမရှိဘဲ သာမန်ကွန်ပျူတာ ဖြစ်သည်ကို အာမခံချက်ပေးနိုင်ခြင်းရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့် လယ်ဝေးမဲဆန္ဒနယ်မှ  ဦးမျိုးဇော်ဦး၏ ပါတီစုံ ဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးနေသည့် နိုင်ငံတော်တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ သတ်မှတ် ထားသော ဝန်ခံချက်များကို စောင့်ထိန်းလိုက်နာခြင်း ရှိ၊ မရှိကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့်  ပါတီများ အပေါ် စိစစ်နေခြင်းရှိ၊ မရှိ သိလိုခြင်းမေးခွန်းတို့နှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်ဆွေက လည်းကောင်း ရှင်းလင်းဖြေကြားသည်။

ထို့နောက်  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော မြန်မာနိုင်ငံ ဘူမိသိပ္ပံကောင်စီ ဥပဒေကြမ်းကို လက်ခံရရှိကြောင်းနှင့် ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စား လှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာနှင့် စပ်လျဉ်း၍ ကသာ မဲဆန္ဒနယ်မှမှ ဦးမြင့်ကြည်၊ မြင်းခြံမဲဆန္ဒနယ်မှ ဦးစိန်မြင့်၊ မင်းတုန်းမဲဆန္ဒနယ်မှ ဒေါ်ခင်သန်းနုနှင့် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ထင်လင်းဦးတို့က ဆွေးနွေးကြသည်။

မြင်းခြံမဲဆန္ဒနယ်မှ ဦးစိန်မြင့်က ပညာရေးနှီးနှောဖလှယ်ပွဲများတွင် ဆွေးနွေးချက်၊ ဆောင်ရွက်ချက်များကို ပညာရေးတွင် လက်တွေ့အကောင်အထည်ဖော်နေသည့် ဆရာ၊ ဆရာမများကို သက်ဆိုင်ရာဝန်ကြီးဌာနမှတစ်ဆင့် အသိပေးဖြန့်ဖြူးပေးရန် ဆောင်ရွက်သင့်ကြောင်းကို အကြံပြုလိုပါကြောင်း၊ ပြည်ပခရီးစဉ်များတွင် ပညာရေးနှင့် ပတ်သက်၍ သွားရောက်လေ့လာခဲ့ သည့် အချက်များကို မိမိတို့နိုင်ငံတွင် ကျင့်သုံးနေသည့် ပညာရေးမူဝါဒနှင့် လျော်ညီသည့် ကဏ္ဍများကို သက်ဆိုင်ရာ ဝန်ကြီးဌာနကို တင်ပြသင့်ကြောင်းကို အကြံပြုလိုပါကြောင်း ဆွေးနွေးသည်။

အဆိုပါ နှစ်ပတ်လည် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ကော်မတီဝင် ဦးစောကျော်ဝင်းမောင် က လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍  ကော်မတီဝင် ဦးသန်းအောင်က ယင်းနှစ်ပတ်လည် အစီရင်ခံစာကို လွှတ်တော်မှသဘောတူလက်ခံရန် အဆိုတင်သွင်းပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူ အတည်ပြုသည်။

ထို့နောက် ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဒဂုံမြို့သစ်(မြောက်ပိုင်း)မဲဆန္ဒနယ်မှ ဒေါက်တာဦးခင်မောင်မောင်၊ တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်၊ စလင်းမဲဆန္ဒနယ်မှ ဦးကံဦး၊ အင်းတော်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ပြုံးနှင့် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မိုးမြင့်အောင်တို့က ဆွေးနွေးကြသည်။

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မိုးမြင့်အောင် က အစီရင်ခံစာ၏ သုံးသပ်ချက်၊ အကြံပြုချက်အပိုင်းတွင် ကော်မတီသက်တမ်း ၃ နှစ်အတွင်း Stakeholder များ၊ ပြင်ပအဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးခြင်းများကြောင့် ပကတိအခြေအနေများကို သိရှိရပြီး ဆက်လက်လုပ်ဆောင်သင့်သည်ဟု အကြံပြုထားသည်မှာ အလွန်ကောင်းမွန်ပါကြောင်း၊ ပြည်သူများမှ လာရောက်ကွင်းဆင်းကြည့်ရှုရန် ဖိတ်ခေါ်စာများရရှိသည်ဟု ဖော်ပြထား သော်လည်း ကွင်းဆင်းဆောင်ရွက်မှုများကို အစီရင်ခံစာ ၃ ခုလုံးတွင် မတွေ့ရပါကြောင်း၊ သို့သော် ပြည်ပနိုင်ငံများသို့ သွားရောက်ခြင်းကို ခေါင်းစဉ်တစ်ခုအနေဖြင့်  တင်ပြထားသည်ကို တွေ့ရပါကြောင်း၊ ကော်မတီဦးဆောင်မှု Committee Leadership ကို ယခုထက် ကောင်းမွန်အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း အကြံပြုဆွေးနွေးသည်။

အဆိုပါ နှစ်ပတ်လည် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ကော်မတီဥက္ကဋ္ဌ ဦးရန်လင်းက လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက် များနှင့်စပ်လျဉ်း၍ ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။

ဆက်လက်၍  ကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ယင်းနှစ်ပတ်လည် အစီရင်ခံစာကို လွှတ်တော်မှ သဘောတူ လက်ခံရန် အဆိုတင်သွင်းပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူအတည်ပြုသည်။

ထို့နောက် ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာကို လွှတ်တော်မှ သဘောတူလက်ခံရန် ကော်မတီဝင် ဦးမြတ်လေးဦးက အဆိုတင်သွင်းပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူ အတည်ပြုသည်။

ယင်းနောက်  ပြည်သူ့လွှတ်တော်၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဘီးလင်း မဲဆန္ဒနယ်မှ ဦးတင်ကိုကိုဦး(ခ) ဦးအတွတ် က ဆွေးနွေးသည်။

အဆိုပါ နှစ်ပတ်လည်အစီရင်ခံစာနှင့် စပ်လျဉ်း၍ ကော်မတီအတွင်းရေးမှူး ဦးတင့်စိုးက လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍  ကော်မတီအတွင်းရေးမှူး ဦးတင့်စိုးက ယင်းနှစ်ပတ်လည် အစီရင်ခံစာကို  လွှတ်တော်မှ သဘောတူလက်ခံရန် အဆိုတင်သွင်းပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူ အတည်ပြုသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ကို ဒီဇင်ဘာ ၁၉ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးသန့်(သတင်းစဉ်)