ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် အကြိမ် ၂၀ မြောက် ပုံမှန်အစည်းအဝေး နဝမနေ့နှင့် ဒသမနေ့များ ကျင်းပပြုလုပ်

မြစ်ကြီးနား  ၅  စက်တင်ဘာ

ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် အကြိမ် ၂၀ မြောက် ပုံမှန်အစည်းအဝေး နဝမနေ့နှင့် ဒသမနေ့ကို ပြည်နယ်လွှတ်တော်ရုံး၊ လွှတ်တော်အစည်းအဝေးခန်းမ၌ စက်တင်ဘာ ၄ ရက်နှင့် ၅ ရက်တို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းခဲ့သော ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ဒေသန္တရ စီမံကိန်းဥပဒေကြမ်းနှင့် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို အတည်ပြုခဲ့သည်။

 

အစည်းအဝေး နဝမနေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းခဲ့သော “၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ လွှတ်တော်ဥပဒေကြမ်းကော်မတီ၏ စိစစ်ချက်အစီရင်ခံနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် (၂)ဦးက ဆွေးနွေးခဲ့မှုများအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်းဆိုင်ရာ ကော်မတီက ကော်မတီ၏ စိစစ်ချက်အစီရင်ခံစာကို ပယ်ဖျက်ပြီး အစီရင်ခံစာအသစ်ကို တင်သွင်းရာ လွှတ်တော်က သဘောတူကြောင်း ကြေညာခဲ့သည်။

 

ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည့် အစည်းအဝေး ဒသမနေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ အစည်းအဝေး ပဉ္ဇမနေ့တွင် တင်သွင်းထားခဲ့သော “ကချင်ပြည်နယ်၏ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ဥပဒေကြမ်း နှင့် အစည်းအဝေး သတ္တမနေ့တွင် တင်သွင်းခဲ့သော “၂၀၂၀ -၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်း တို့ကို လွှတ်တော်၏ အဆုံးအဖြတ်ရယူရန် ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ ထောက်ခံတင်ပြချက်ဖြင့် ပြည်နယ် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးက လွှတ်တော်သို့တင်သွင်းရာ လွှတ်တော်က အဆိုပါ ဥပဒေကြမ်း(၂)ခုကို အတည်ပြုကြောင်း ဆုံးဖြတ်လိုက်ပြီး အစည်းအဝေးဒသမနေ့ကို ရပ်နားကာ ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် အကြိမ် ၂၀ မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီးကြောင်း ကြေညာခဲ့သည်။

(ပြည်နယ် ပြန်/ဆက်)