ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကျင်းပ

နေပြည်တော် ၆ ဩဂုတ်

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ကတိသစ္စာ မပြုရသေးသော တပ်မတော်သားအမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်းက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ရှေ့မှောက်၌ ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးသည်။

 

ထို့နောက် ကချင်ပြည်နယ်  မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဇယ်ခေါင်၏ ဝိုင်းမော် - မန်ဝိန်း - ချီဖွေသွားသော ကားလမ်းပေါ်ရှိ လမ်းဦးစီးဌာနမှ လမ်းအသုံးပြုခ ကောက်ခံခွင့်ပြုထားခြင်းမရှိဘဲ လမ်းအသုံးပြုခ ကောက်ခံနေသော ပြည်သူ့စစ်ဂိတ်များကို အမြန်ဆုံးဖြုတ်သိမ်းပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က လက်ရှိအချိန်တွင် ဝိုင်းမော် - မန်ဝိန်း - ချီဖွေသွားသော ကားလမ်းတစ်လျှောက် လုံခြုံရေးနှင့် မသက်ဆိုင်သည့် ကိစ္စရပ်များ မရှိသည့်အပြင် ထပ်မံမဖြစ်ပေါ်စေရေး အလေးထား လိုက်နာဆောင်ရွက်သွားရန် ဇွန် ၁ ရက်တွင် ပြည်သူ့စစ်(ဌာနေ) အဖွဲ့ခေါင်းဆောင်များနှင့် တာဝန်ရှိသူများအား တိုင်းစစ်ဌာနချုပ်သို့ ခေါ်ယူတွေ့ဆုံ၍ ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဂျေယောဝူ၏ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်၊ ဇီးထန်ကျေးရွာအုပ်စု၊ ချီလာဝါဒီကျေးရွာ သို့မဟုတ် လော်ဝူးချီလာကျေးရွာတွင် တရားဝင် (မြန်မာ - တရုတ်ကျောက်တိုင် အမှတ် - ၃၁) ဝင်ထွက်ဂိတ် တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် နယ်စပ်ကူးစာအုပ် (BP) ထုတ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းတို့နှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်က ခေါင်လန်ဖူးမြို့နယ်၊ ဇီးထန်ကျေးရွာအုပ်စု၊ ချီလာဝါဒီကျေးရွာ သို့မဟုတ် လော်ဝူးချီလာကျေးရွာတွင် မြန်မာ - တရုတ် ကျောက်တိုင်အမှတ် - ၃၁ တရားဝင် ဝင်/ထွက်ဂိတ် တည်ဆောက်ပေးရန်နှင့် စပ်လျဉ်း၍ အဆိုပါ ကျေးရွာများသည် လမ်းပန်းဆက်သွယ်ရေးအနေဖြင့် သွားလာရန်ခက်ခဲပြီး ဖွံ့ဖြိုးမှုအားနည်းသည့်အပြင် စီးပွားရေးအရ ကုန်စည်စီးဆင်းမှု အားနည်းသောကြောင့် နယ်စပ် ဝင်/ထွက်ဂိတ်တွင် တာဝန်ချထားမည့် လုံခြုံရေးတပ်ဖွဲ့ဝင်အင်အားကို ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်နုတ်ပေးနိုင်ခြင်း မရှိသေးသည်ကို သိရှိရပါကြောင်း။

 

မြန်မာ - တရုတ်ကျောက်တိုင်အမှတ် - ၃၁ ဝင်/ထွက်ဂိတ်နေရာသည် နှစ်နိုင်ငံ အကြားနယ်နိမိတ် တိုင်းတာသတ်မှတ်ပြီး ဖြစ်သော်လည်း နှစ်နိုင်ငံ သဘောတူစာချုပ်တွင် ခွင့်ပြုထားသည့် ဝင်ထွက်ပေါက် (၈)ခုတွင် ပါဝင်ခြင်းမရှိသေးပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါ ဝင်ထွက်ဂိတ်ဒေသသည် နယ်မြေလုံခြုံရေး ဆောင်ရွက်ပေးနိုင်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်း၊ ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်လာခြင်းတို့ ရှိမည်ဆိုပါက နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် တရားဝင် ဖွင့်လှစ်သွားရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံတမန်လမ်းကြောင်းဖြင့် တရုတ်နိုင်ငံဘက်သို့ ညှိနှိုင်းပြီး ဖွင့်လှစ်ခွင့်ရရှိပါက နယ်စပ်ဖြတ်သန်းခွင့်စာအုပ် (Border Pass) ဖြင့် ဖြတ်သန်းနိုင်ရေး လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးလှမြင့် (ခ) ဦးလှမြင့်သန်း၏ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သုံးခွကျေးရွာအုပ်စုအနီးရှိ ဝက်ဝံတောင် သစ်တောကြိုးဝိုင်း၊ အကွက်အမှတ်(၅)အတွင်း မြေငှားတောင်သူများအား သစ်ပင်စိုက်ပျိုးရန် သက်ဆိုင်ရာမှ ခွင့်ပြုထားသော်လည်း စိုက်ပျိုးခြင်းမပြုဘဲ ကုမ္ပဏီများမှ အဖွဲ့အစည်းတချို့နှင့် ပူးပေါင်းပြီး ရွှေတူးဖော်နေသဖြင့် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းနှင့် တောင်သူများထိ ခိုက်နစ်နာနေမှုအပေါ် မည်ကဲ့သို့ အရေးယူဆောင်ရွက်လျက်ရှိသည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက မေးမြန်းချက်ပါ ဝက်ဝံတောင် သစ်တောကြိုးဝိုင်း၊ အကွက် အမှတ်(၅)ရှိ ရာဘာစိုက်ခင်းဧရိယာအတွင်း ရွှေသတ္တုတူးဖော်ရန် ခွင့်ပြုထားခြင်း မရှိပါကြောင်းနှင့် ခွင့်ပြုချက်မရရှိဘဲ တရားမဝင် ရွှေသတ္တုတူးဖော်ပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးစောမိုးမြင့် (ခ) ဆင်မြူရယ်၏ မြန်မာနိုင်ငံရှိ တူးဖော်ပြီး၊ တူးဖော်ဆဲ သတ္တုတွင်းကြီးများ ဖြစ်ကြသော စပယ်တောင်၊ ကြေးစင်တောင် သတ္တုတွင်း၊ ကျောက်ပုထိုး ရွှေသတ္တုတွင်း၊ ဟိန္နားခဲမဖြူသတ္တုတွင်း၊ မောတောင်ဟင်းလင်းဖွင့် ကျောက်မီးသွေးသတ္တုတွင်း၊ ကလေး၀မြေအောက် ကျောက်မီးသွေးသတ္တုတွင်းများအား သတ္တုတွင်း ပိတ်သိမ်းခြင်း အစီအမံ ဆောင်ရွက်ထားခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေက မေးခွန်းပါ သတ္တုတွင်းများအနက် စပယ်တောင် သတ္တုတွင်း တစ်ခုသာ လက်ရှိမိုင်း ပိတ်သိမ်းခြင်းလုပ်ငန်း ဆောင်ရွက်နေပြီး မိုင်းပိတ်သိမ်းမှုအစီအစဉ်ကိုလည်း စနစ်တကျ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်သတ္တုတွင်းစီမံကိန်းများမှာ လုပ်ငန်းဆောင်ရွက်ဆဲဖြစ်ပြီး သတ္တုတွင်း ပိတ်သိမ်းခြင်း အစီအမံများအတိုင်း ပိတ်သိမ်းဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ်၏ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် စိတ်ကျန်းမာရေးဆိုင်ရာ ရောဂါဝေဒနာရှင်များကို ထိရောက်စွာ ကာကွယ်စောင့်ရှောက် ကုသမှုပေးနိုင်ရန် အမျိုးသားအဆင့် စိတ်ကျန်းမာရေး မူဝါဒအား မည်သို့ချမှတ်ဆောင်ရွက်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က စိတ်ကျန်းမာရေးမူဝါဒနှင့် စပ်လျဉ်း၍ နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီမှု ရှိ/မရှိ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များတွင် နိုင်ငံတော်၏ မူဝါဒနှင့် ကိုက်ညီမှု ရှိ/မရှိကို နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့သို့ လည်းကောင်း၊ မူဝါဒရေးရာနှင့် ဥပဒေရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ လည်းကောင်း ပေးပို့၍ သဘောထားမှတ်ချက် တောင်းခံခဲ့ပါကြောင်း။

 

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့မှ စိတ်ကျန်းမာရေးမူဝါဒ အကောင်အထည်ဖော်ရေး ကြုံတွေ့ရသည့် စိန်ခေါ်မှုများကို ဖြေရှင်းလျက် အားလုံးလက်လှမ်းမီသည့် စောင့်ရှောက်မှုများ၊ ဝန်ဆောင်မှုများပေးနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်၍ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးကို အကျိုးသက်ရောက်စေသည့်အတွက် ကန့်ကွက်ရန်မရှိပါကြောင်းနှင့် ဥပဒေကြောင်းအရ မှတ်ချက်ပြုရန် မရှိပါကြောင်း သဘောထားမှတ်ချက် ပြန်ကြားလာပါကြောင်း။

 

ယခုအခါ ဝန်ကြီးဌာနအနေဖြင့် New normal Condition တွင် စိတ်ကျန်းမာရေးပြဿနာများ ပိုမိုများပြားလာနိုင်သည်ဖြစ်ရာ ပြဿနာများ ပေါ်ပေါက်လာမှ ဆောင်ရွက်ခြင်း (Reactive) ထက် ကြိုတင်ကာကွယ်ခြင်း (Proactive) တို့ကို ပြုလုပ်လျက်ရှိပါကြောင်း၊ စိတ်ကျန်းမာရေးစောင့်ရှောက်မှု မဟာဗျူဟာမြောက် ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စိတ်ကျန်းမာရေးမူဝါဒနှင့် စိတ်ကျန်းမာရေး မဟာဗျူဟာစီမံချက် ၂၀၂၀ - ၂၀၂၅ ကို အစိုးရအဖွဲ့အစည်းသို့ တင်ပြ၍ ထုတ်ပြန်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။

 

အလားတူ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးမင်းဆွေနိုင်၏ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ခုတင်(၁၀၀)ဆံ့ခရိုင် ဆေးရုံကြီးအတွက် (၉၀×၃၄×၂၄)ပေ RC (၂) ထပ်ဆောင်အသစ် ဆောက်လုပ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါက်တာဦးကြွယ်ကြွယ်၏ မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ တံတားကျေးရွာအုပ်စု၊ တံတားအနောက်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

 

ယင်းနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ဆေးပစ္စည်းကိရိယာ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းသည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါက်တာ မျိုးအောင်က အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက ပြင်ဆင်လိုသည့် အပိုဒ်၊ အပိုဒ်ခွဲများကို အသေးစိတ်ဖော်ပြ လက်မှတ်ရေးထိုးပြီး အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ အတွင်းရေးမှူး ဒေါက်တာစန်းမောင်မောင်က ကော်မတီ၏ “ကင်ဆာရော ဂါဖြစ်ပွားမှု၊ သေဆုံးမှုနှုန်းများ လျှော့ချခြင်းနှင့် ကာကွယ်တားဆီးရေးလုပ်ငန်းများ လေ့လာဖော်ထုတ်ခြင်း စုံစမ်းလေ့လာမှု” အစီရင်ခံစာကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြားတင်သွင်းသည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အဆိုပါကော်မတီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ယခုဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကို ရပ်နားမည်ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်း စိစစ်မည့် ကာလအတွက် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၈ ရက်မှ ၁၈ ရက်အထိ ကာလကို လွှတ်တော်အစည်းအဝေးများ ခေတ္တရပ်နားသွားမည်ဖြစ်ကြောင်းနှင့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြိုတင်အသိပေးမည်ဖြစ်ကြောင်း ကြေညာသည်။

 

အောင်ရဲသွင်