ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကျင်းပ

နေပြည်တော်  ၁၄   ဖေဖော်ဝါရီ

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်း အဝေးခန်းမ၌ ကျင်းပသည်။

           

အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်(၆)ဦး မေးမြန်းသည့် ကြယ်ပွင့်ပြ မေးခွန်းများနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

 

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးလှမြင့် (ခ) ဦးလှမြင့်သန်း၏ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ပိကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းရှိ အန္တရာယ်ရှိ ကျောင်းဆောင်ကို ဖျက်သိမ်းပြီး နှစ်ထပ်ကျောင်းဆောင် တစ်ဆောင် အသစ်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ကျိုက်ထိုမြို့နယ်၊ ကျိုက်ပိကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်းတွင် ပေ(၁၁၀ × ၃၀) နှစ်ထပ်ဆောင် အသစ် တစ်ဆောင်ဆောက်လုပ်ရန်အတွက် လိုအပ်သော ရန်ပုံငွေကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း  တည်ဆောက်ရေး ရန်ပုံငွေခေါင်းစဉ်အောက် တွင် ဦးစားပေးအစီအစဉ်အရ စိစစ်လျာထားဆောင်ရွက်ပြီး ဖြစ်ပါကြောင်းနှင့် ဘဏ္ဍာငွေခွင့်ပြုချက် ရရှိပါက ကျောင်းဆောင်အသစ် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိပါကြောင်း ဖြေကြားသည်။

 

45

           

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်း၏ ချင်းပြည်နယ်၊ ပလက်၀ မြို့နယ်၊ ရုပ်၀ကျေးရွာအုပ်စု၊ မီးလက်၀ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် RCC တစ်ထပ်ကျောင်းဆောင်အသစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပလက်၀မြို့နယ်၊ မီးလက်၀ ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် RC တစ်ထပ်ဆောင် အသစ် တစ်ဆောင် ဆောက်လုပ်ရန်လိုအပ်သည့် ရန်ပုံငွေများကို ၂၀၂၀ - ၂၀၂၁ဘဏ္ဍာရေး နှစ် ငွေလုံးငွေရင်း တည်ဆောက်ရေးရန်ပုံငွေတွင် ဦးစားပေးအစီအစဉ်အရ လျာထားဆောင်ရွက်ပြီးဖြစ်ပါကြောင်းနှင့် ဘဏ္ဍာငွေခွင့်ပြုချက် ရရှိပါက ကျောင်းဆောင် အသစ်တစ်ဆောင် ဆောက်လုပ်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

           

ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစိုင်းစံအောင် ၏ “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၊ ရွှေဝါကျေးရွာအုပ်စုရှိ ရွှေဝါကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းအား အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အဖြစ်လည်းကောင်း၊ မိန်း ပန်း ကျေးရွာအုပ်စုရှိ မိန်းပန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းအား အခြေခံပညာ မူလတန်း(လွန်)ကျောင်းအဖြစ်လည်းကောင်း အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက လွှတ်တော်ကိုယ်စားလှယ် တင်ပြထားသည့် ဟိုပန်မြို့နယ်၊ ရွှေဝါကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းနှင့် မိန်းပန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတို့ကို ကျောင်းအဆင့်မြှင့်တင်ရေး မူများနှင့် စိစစ်ပြီး အဆင့်မြှင့်တင်ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

           

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဘွဲခိန်း၏ ချင်းပြည်နယ်၊ ထန်တလန် မြို့နယ်၊ ဒေါန်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း နှစ်ထပ်အဆောင်(၁)သည် ဟောင်းနွမ်းပျက်စီးနေသဖြင့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် RCC နှစ်ထပ်ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပညာရေးဝန်ကြီးဌာနအနေဖြင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ရှိ ဒေါန်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းဆောင်အသစ် ဆောက်လုပ်ရန် လာမည့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း တည်ဆောက်ရေး ရန်ပုံငွေခေါင်း စဉ်အောက်တွင် ဦးစားပေးအစီအစဉ်အရ လျာထားဆောင်ရွက်ပေးပြီး ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေခွင့်ပြု ချက်ရရှိပါက ကျောင်းဆောင်အသစ်တစ်ဆောင် ဆောက်လုပ်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

           

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလှဦး ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်ရှိ သုံးပန်လှကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းအား အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ချောင်းဦးမြို့နယ်၊ သုံးပန်လှ အခြေခံပညာအလယ်တန်းကျောင်း၏ လက်ရှိကျောင်းအဆင့် သက်တမ်းမှာ (၃)နှစ်ခန့်သာ ရှိသေးပါကြောင်း၊ အလယ်တန်းအဆင့်သင်ကျောင်းသား၊ ကျောင်းသူ ဦးရေမှာလည်း (၁၇၈)ဦးသာ ရှိသည့်အပြင် အနီးဆုံးအထက်တန်းအဆင့် သင်ကျောင်း ဖြစ်သည့် တောကျောင်းကြီး အခြေခံပညာအထက်တန်းကျောင်းနှင့်လည်း (၂)မိုင်ခန့် ခရီးအတွင်းသာ ရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ သုံးပန်လှ အခြေခံပညာ အလယ်တန်းကျောင်းကို ကျောင်းအဆင့် တိုးမြှင့်ရေးအတွက် လာမည့် ၂၀၂၀ - ၂၀၂၁  ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးအစီအစဉ်အနေဖြင့် သတ်မှတ်လျာထားခြင်း မရှိပါကြောင်း၊ နောင်လာမည့် နှစ်များတွင် ဘဏ္ဍာရေးခွင့်ပြုချက် ရရှိသည်နှင့်အညီ ကြိုးပမ်း ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

           

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်သောင်း ၏ မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများ အထက်တန်းရှေ့နေ (H.G.P) သင်တန်း တက်ရောက်နိုင်ရန်အတွက် အထက်တန်းရှေ့နေ (H.G.P) သင်တန်းများ ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက လွှတ်တော် ကိုယ်စားလှယ်တင်ပြသည့် အထက်တန်းရှေ့နေ (H.G.P) စာမေးပွဲသည် ပညာရေးဝန်ကြီးဌာနမှ ဆောင်ရွက်သည့် စာမေးပွဲမဟုတ်ဘဲ ဝန်ထမ်းရွေးချယ်ရေး အဖွဲ့က ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ အဆိုပါစာမေးပွဲသည် သင်တန်းအမျိုးအစားထဲတွင် မပါဝင်ပါကြောင်း၊ သင်တန်းများလည်း ဖွင့်လှစ်ပေးခြင်းမရှိပါကြောင်း၊ ဖြေဆိုရမည့် သင်ရိုးညွှန်းတန်းများကို ထုတ်ပြန်ကြေညာထားပြီး အပိုင်းခွဲ၍ စာမေးပွဲစစ်ဆေး သတ်မှတ်ခြင်းသာ ဖြစ်ပါကြောင်း။

 

အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်တွင်ရှိသည့် တက္ကသိုလ်၊ ဒီဂရီ၊ ကော လိပ်များတွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအတွက် ဥပဒေဘွဲ့(LLB) သင်တန်းများကို နေ့သင်တန်းနှင့် အဝေးသင် သင်တန်း များအဖြစ် နှစ်စဉ်ဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ သင်တန်းများမှ ကျောင်းဆင်းသွားသည့် ဥပဒေဘွဲ့ (LLB) ရရှိသူများသည် Chamber (၁)နှစ်ဆင်းပြီးပါက အထက်တန်းရှေ့နေ (H.G.P)အဖြစ် တရားရုံးချုပ်တွင် လျှောက်ထားဆောင်ရွက်နိုင်ပါကြောင်း ဖြေကြား သည်။

           

ထို့နောက် ကျန်းမာရေးမှူးကောင်စီ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဧရာဝတီ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်းမြင့်၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးစိုးသိန်း (ခ) ဦးမောင်စိုးနှင့် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ကြီး ဒေါ်သန်းသန်းဝင်း တို့က ဆွေးနွေးကြသည်။

           

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က ၂၀၁၂ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၇ နှင့် ၂၀၁၅ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၆ တို့အရ အမျိုးသားလွှတ်တော်တွင် ဖွဲ့စည်းထားသော ရေးရာကော်မတီ (၁၂)ခု၏ သက်တမ်းအား တစ်နှစ်ပြည့်မြောက်သည့်နေ့မှစတင်၍  ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၇အရ နောက်ထပ်သက်တမ်း တစ်နှစ် တိုးမြှင့်သတ်မှတ်ကြောင်း  လွှတ်တော်သို့ အသိပေးကြေညာသည်။

           

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ဖေဖော်ဝါရီ ၁၈ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်

ဓာတ်ပုံ - စိုးဝင်းထွန်း