ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပ

နေပြည်တော် ၅  နိုဝင်ဘာ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးထွန်းထွန်းဦး၏ တရားဥပဒေကို မထီမဲ့မြင်ပြုကြသော ဝရမ်းပြေးကိစ္စရပ်များ လျော့နည်းပပျောက်သွားစေရန် မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့် က တရားခံပြေး၊ ဝရမ်းပြေးမှုများနှင့် ပတ်သက်၍ အရေးယူ ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေ ပြဋ္ဌာန်းချက်များသည် ပြီးပြည့်စုံပါကြောင်း၊ တရားခံကို သွားရောက်ဖမ်းဆီးခြင်းတွင် တရားရုံးများသည် ဝရမ်းထုတ်ပေးရန် တာဝန်၊ တရားခံ၏ နေအိမ် သို့မဟုတ် ပစ္စည်းများကို ဝရမ်းကပ်ပေးရန်တာဝန်၊ အာမခံပေးပြီးမှ တရားခံထွက်ပြေးပါက အာမခံသူများကို အရေးယူသည့်တာဝန်၊ မူရင်းတရားခံနှင့် ပိုင်ဆိုင်သည့် ပစ္စည်းများကို နိုင်ငံတော်ဘဏ္ဍာသိမ်းသည့် တာဝန်များမှအပ တရားခံကို ကိုယ်တိုင်ဖမ်းဆီးခြင်းမှာ အစဉ်အလာအရ တရားရုံးများက ဆောင်ရွက်ခြင်းမရှိပါကြောင်း။

 ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၅၊ ၅၄တို့တွင် ဥပဒေတစ်ရပ်ရပ်က တရားခံ ပြေးအဖြစ် ကြေညာထားသည့် တရားခံများကို မည်သူမဆိုဖမ်းဆီးနိုင်ခြင်း သို့မဟုတ် သက်ဆိုင်ရာ ရဲတပ်ဖွဲ့စခန်းနှင့် တရားစွဲအဖွဲ့အစည်းများကို သတင်းပေးပို့ရမည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားပါကြောင်း၊ သက်ဆိုင်ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့်လည်း ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်း အဆင့်ဆင့်ကို သော်လည်းကောင်း၊ နိုင်ငံသူ၊ နိုင်ငံသားများကိုသော်လည်းကောင်း ဥပဒေအသိပညာများ ပေးခြင်းဖြင့် တိမ်းရှောင်နေသည့် တရားခံများကို ဖမ်းဆီးရမိရန် ဆောင်ရွက်သင့်ပါကြောင်း ဖြေကြားသည်။

တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးခင်မျိုးဝင်း၏ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် အတွင်းရှိ ခွင့်ပြုချက်လည်း မရှိ၊ လျှောက်ထားခြင်းလည်း မရှိဘဲ ကျူးကျော်စိုက်ပျိုးထားသော ဆီအုန်းစိုက်ပျိုးရေး ကုမ္ပဏီကြီးများအား  တည်ဆဲ ဥပဒေ၊ နည်းဥပဒေများနှင့် မည်ကဲ့သို့ အရေးယူ ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်နှင့် ကရသူရိမြို့နယ်အတွင်း တောင်ဒဂုံဆီအုန်းကုမ္ပဏီမှ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း ခွင့်ပြုမိန့်ရရှိခဲ့သော ဧရိယာများနှင့် ပတ်သက်၍ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေပုဒ်မ (၁၇)နှင့်အညီ ဖွဲ့စည်းပေးထားသော အထူးအဖွဲ့၏ စိစစ်ချက်အရ စိုက်ပျိုးရန် ကျန်ရှိသော ဧရိယာများအား မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီမှ ပြန်လည်သိမ်းဆည်းပြီး ဖြစ်ပါကြောင်းနှင့် ခွင့်ပြုဧရိယာထက် ကျော်လွန်စိုက်ပျိုးထားသည့် ဧရိယာများကိုလည်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၈ခုနှစ်) ပုဒ်မ ၂၂၊ ပုဒ်မခွဲ(ခ) ပြဋ္ဌာန်းချက်နှင့်အညီ စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။

အလားတူ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဘွဲခိန်း ၏ ချင်းပြည်နယ်၊ ထန်တလန်မြို့၊ မြို့မဈေး အဆောက်အဦ ဟောင်းအား ဖျက်သိမ်းပြီး RC (၃)ထပ် အဆင့်မီ မြို့မဈေးအဖြစ် အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်း ကလည်းကောင်း၊ မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၂)မှ ဒေါ်သီရိရတနာ၏ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် သန့်ရှင်းသောရေ ရရှိရေးအတွက် ဘီးလင်းမြစ်ရေ သန့်စင်ရန် မည်ကဲ့သို့ Master Plan ချစီမံဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးကျော်သန်း၏ ရခိုင်ပြည်နယ်၊  ကျောက်ဖြူမြို့နယ်၊ မင်းပြင်ကျေးရွာအုပ်စု၊ မင်းပြင်ကျေးရွာနေ တောင်သူ ဦးမောင် ဖြူ ဒေါင်း ပါ(၄) ဦးမှ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စိုက်ပျိုးလုပ်ပိုင်ခွင့်ရရန် လျှောက်ထားခြင်းအပေါ် ကြန့်ကြာနေမှုနှင့် စပ်လျဉ်း၍ သိရှိလိုသည့် မေးခွန်းတို့အား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလှကျော် က လည်းကောင်း ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

ထို့နောက် အမျိုးသားလွှတ်တော်က အတည်ပြုပြီးပေးပို့ထားသော လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစိုးဝင်း က ပုဒ်မ ၃ ပုဒ်မခွဲ (၁၀) သည် တောင်သူလယ်သမား၏ အဓိပ္ပာယ်ကို ဖွင့်ဆိုထားခြင်းဖြစ်ပြီး တောင်သူ လယ်သမားဆိုသည်မှာ အောက်ဖော်ပြပါ တစ်ရပ်ရပ်နှင့် ကိုက်ညီသည်ကို ဆိုသည်ဟု ခြေဆင်းတွင် ဖော်ပြထားခြင်း ဖြစ်သည့်အတွက် တောင်သူလယ်သမား၏ အင်္ဂါရပ်များနှင့် ပတ်သက်၍ အပိုဒ်ခွဲငယ် ၁မှ ၅အထိ အင်္ဂါရပ် ၅ ရပ်ကို ပြဋ္ဌာန်းပေးထားခြင်း ဖြစ်ပါကြောင်း၊ ယင်းနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော်က အတည်ပြုဆွေး နွေးထား ပါကြောင်း၊ သို့သော် ယင်းအပိုဒ်ခွဲငယ် ၁မှ ၅အထိကို ပြည်သူ့လွှတ်တော် က ပြင်ဆင်ဆွေးနွေးလာသည့် အခါတွင် အပိုဒ်ခွဲငယ် ၁၊ ၃၊ ၄၊ ၅ တို့တွင် ပါဝင်သည့် စကားရပ်ဖြစ်သော အခြားနည်းအသုံးပြု၍လည်းကောင်းဆိုသည့် စကားရပ်မှာ ပယ်ဖျက်သင့် ပါကြောင်း ဆွေးနွေးသည်။

ယင်းပြင်ဆင်ချက် ဥပဒေကြမ်းအား မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁) မှ ဦးလှဆန်း၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးဘမျိုးသိန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂) မှ ဦးခင်ဝင်းနှင့် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၇)မှ နော်ခရစ္စ ထွန်း(ခ) ဒေါက်တာ အားကာမိုးတို့က ဆက်လက်ဆွေးနွေးကြသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို နိုဝင်ဘာ ၇ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်၊ မိုက်ကယ်ထန်း