ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး

နေပြည်တော်  ၁၉   ဒီဇင်ဘာ 

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။


    
အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင် ၏ ကျောက်တော်မြို့နယ်၊ ကမ်းနားလမ်းအား ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ရာတွင် လမ်းအရည်အသွေး ပြည့်မီခြင်းမရှိသည့်ကိစ္စအား မည်သူ့တွင် တာဝန်ရှိသည်ကို စိစစ်ပြီး အရေးယူပေးရန်နှင့် အရည်အသွေးပြည့်မီသည့် လမ်းဖြစ်စေရေး ပြန်လည်ဆောင် ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကမ်းနား လမ်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်လမ်းမဟုတ်ပါကြောင်း၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ပိုင်လမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်းကို ၂၀၁၈ - ၂၀၁၉ဘဏ္ဍာရေး နှစ်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေကျပ် ၂၂၉ ဒသမ ၈၁၅သန်းဖြင့် အရှည် ပေ ၃၀၀၀၊ အကျယ် ၂၄ပေ၊ ၈လက်မထု ကွန်ကရစ်လမ်းခင်းခြင်းနှင့် တံတား(၅)စင်း  တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုပ်ငန်းတင်ဒါခေါ်ယူခဲ့ရာတွင် Western Wave ကုမ္ပဏီမှ တင်ဒါအောင်မြင်ခဲ့ပါ ကြောင်း။
    

အဆိုပါ Western Wave ကုမ္ပဏီ မှ တာဝန်ယူဆောင်ရွက်သော ကွန်ကရစ် လမ်းသည် အရည်အသွေးပြည့်မီခြင်းမရှိသည့်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၄၂/၂၀၁၉) ဆုံးဖြတ်ချက် အပိုဒ်(၄)၊ အပိုဒ်ခွဲ(က)၊ အပိုဒ် ခွဲ ငယ် (၉၀)အရ ပြည်နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ၏ စိစစ်အကြံပြု ချက်ပါအတိုင်း ဆောင်ရွက်ရန်ဟု ဆုံးဖြတ်ခဲ့ပါကြောင်း၊ ထို့ကြောင့် ကျောက်တော်မြို့ နယ်၊ ကမ်းနားလမ်းကို ပြည်နယ် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ၏ စိစစ် အကြံပြုချက်ပါအတိုင်း အရည် အသွေးပြည့်မီခြင်းမရှိသည့်နေရာများကို တူးထုတ်ဖယ် ရှားပြီး အရည်အသွေးပြည့်မီ သော ကွန်ကရစ်လမ်းအဖြစ် ပြန်လည်တည်ဆောက်ပေး သွားမည် ဖြစ်ပါကြောင်း ရခိုင် ပြည်နယ်အစိုးရအဖွဲ့မှ ပေးပို့လာသော အချက်အလက် များအရ ဖြေကြားသည်။
    

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးကျော်ကျော် ၏ ရခိုင်ပြည်နယ်၊ မြောက် ဦးမြို့နယ်၊ နတ်ချောင်း ကျေးလက်ကျန်းမာရေးဌာန(ခွဲ) အဆောက်အဦအား စံကိုက် အဆောက်အဦအဖြစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က မြောက် ဦးမြို့နယ်၊ နတ်ချောင်း ကျေးလက်ကျန်းမာရေးဌာန(ခွဲ)၊ ဆေးခန်းနှင့် ဝန်ထမ်းအိမ်ရာ ဆောက် လုပ်ရန် အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ စီမံကိန်း ရန်ပုံငွေ တင်ပြဆောင်ရွက် နိုင်ရေးအတွက် အချက်(၄)ချက်ပါသော အချက်များအား ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးထား၍ ပေးပို့ရန် ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနသို့ အချက်အလက်များ တောင်းခံထားပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းလျာထားဆောင်ရွက်သွားရန် စီစဉ်ထားပြီး ဖြစ်ပါ ကြောင်း ဖြေကြားသည်။
    

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ်၏ ဓာတ်ရောင် ခြည်ဖြင့် ကုသနေရသော ကင်ဆာရောဂါရှင်များအတွက် အထူးကုဆရာဝန်များ၊ နည်း ပညာ ရှင်များ လုံလောက်စွာ မွေးထုတ်ပေးနိုင်ရန်နှင့် ပြည်နယ်/တိုင်းဒေသကြီး ဗဟို အဆင့် ဆေးရုံကြီးများတွင် ဓာတ်ရောင်ခြည်သုံး ကုသမှုယူနစ်များ တိုးချဲ့ပေးရန် အစီ အစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ဓာတ် ရောင်ခြည်ဖြင့် ကင်ဆာရောဂါများ ကုသမှုတိုးချဲ့ဆောင်ရွက်ပေးရန် လျာထားပြီး သော ဦးစားပေးဆေးရုံများမှာ မကွေးမြို့ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီး၊ မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံကြီး တို့ဖြစ်ပါကြောင်း၊ အဆင့်မြှင့်တင်မည့် ဆေးရုံကြီး များအနေဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ တောင်ကြီး စဝ်စံ ထွန်းပြည်သူ့ဆေးရုံကြီးနှင့် National Cancer Institute အပါအဝင် ကင်ဆာရောဂါ ကုသမှုလုပ်ငန်းများနှင့် တိုးချဲ့ခြင်းလုပ်ငန်းများကို နိုင်ငံတော်ဘဏ္ဍာငွေအပြင် မိတ်ဖက် အဖွဲ့အစည်းများ အကူအညီရယူ၍ ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိပါကြောင်း။
    

ထို့ပြင် ဓာတ်ရောင်ခြည်ဆေးကုဌာနများတွင် ကျွမ်းကျင်ဝန်ထမ်း၊ အရာထမ်း၊ အမှုထမ်းများ၏ လက်ရှိခွင့်ပြုအင်အားဖြင့် လုံလောက်မှုမရှိသေးပါသဖြင့် အရာထမ်း ဝန်ထမ်း ၂၃ ဦး၊ အမှုထမ်းဝန်ထမ်း (၄)နေရာ ဖွဲ့စည်းပုံထပ်မံတိုးချဲ့နိုင်ရေးကို ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှ စီမံကိန်းနှင့် ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့သို့ ညှိနှိုင်းပေးပို့ ထားပြီး သဘောထားမှတ်ချက် ပြန်ကြားလာပါက ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြ၍ ခွင့် ပြုချက် ရရှိပါက ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့  ဆက်လက် တင်ပြ၍ လုပ် ထုံးလုပ်နည်းများနှင့်အညီ တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။
    

ထို့ပြင် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနအနေဖြင့် ဆေးပညာမဟာ သိပ္ပံ (ကင်ဆာရောဂါ ဓာတ်ရောင်ခြည်ဆေးကုပညာ) ဘွဲ့လွန်သင်တန်းကို ၂၀၀၁ - ၂၀၀၂ ပညာသင်နှစ် မှစ၍ ဆေးတက္ကသိုလ်(၁) ရန်ကုန်တွင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၈ခုနှစ် ဧပြီလ အထိ ဘွဲရသူပေါင်း (၅၁)ဦးကို မွေးထုတ်ပေးနိုင်ခဲ့ကာ လက်ရှိဆေးပညာ မဟာသိပ္ပံ (ကင်ဆာရောဂါဓာတ်ရောင်ခြည်ဆေးကုပညာ) ဘွဲ့လွန်သင်တန်းတွင် သင်တန်းသား (၁၉)ဦး တက်ရောက်လျက်ရှိပါကြောင်း ဖြေကြားသည်။
    

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကိုကိုနိုင် ၏ မြန်မာနိုင်ငံ အတွင်း မြို့ပြများနှင့် အလှမ်းကွာဝေးပြီး သွားလာမှုခက်ခဲသည့် ကျေးရွာများရှိ ဒေသခံ ပြည်သူများအား တစ်နှစ်လျှင် (၂)ကြိမ်ခန့် Special Tour အစီအစဉ်ဖြင့် အထူးကျန်း မာရေး စောင့်ရှောက်မှုများ ပေးနိုင်ရန်အတွက် မည်ကဲ့သို့ စီမံဆောင်ရွက်ပေးနိုင်မည် ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က အထူး ကုဆရာဝန်များအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ မြို့နယ်များသို့ ကွင်း ဆင်း ကုသမှုများကို (၃)နှစ်အတွင်းကောက်ယူခဲ့သည့် ကိန်းဂဏန်းများအရ ၂၀၁၇ခုနှစ် တွင် ကျေးရွာများသို့ (၉၁)ကြိမ်၊ ၂၀၁၈ခုနှစ်တွင် ကျေးရွာများသို့ (၁၁၁)ကြိမ်နှင့် ၂၀၁၉ခုနှစ် တွင် ကျေးရွာများသို့ (၁၅၃)ကြိမ် သွားရောက်ခဲ့ပြီး ကျန်းမာရေးစောင့် ရှောက်မှုပေးနိုင်ခဲ့ပါကြောင်း။


ထို့ပြင် ကလေးဦးနှောက်နှင့် အာရုံကြောဆေးကုသမှု အဖွဲ့သည် နယ်လှည့်ဆေး ကုသ ခြင်းကို ဆောင်ရွက်လျက်ရှိရာ ပဲခူးမြို့ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့ ပြည်သူ့ဆေး ရုံကြီး၊ မော်လမြိုင်မြို့ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့ ပြည်သူ့ဆေးရုံကြီးများသို့ (၃)လ တစ်ကြိမ် ကလေးဦးနှောက်နှင့် အာရုံကြောဆိုင်ရာလူနာများအား ပုံမှန်ကွင်းဆင်းကုသ မှုများ ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုအခါ ၂၀၂၀ ခုနှစ်တွင် ယင်းဆေးရုံများ အပြင် နေပြည်တော်ပြည်သူ့ ဆေးရုံကြီး၊ မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီး၊ စဝ်စံထွန်း ပြည်သူ့ ဆေးရုံကြီးများသို့ (၄) လ တစ်ကြိမ် ကွင်းဆင်းကုသမှုများ အရှိန်တိုးမြှင့်ရန် စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း။
 မြန်မာနိုင်ငံဆရာဝန်အသင်း၊ NGO၊ INGO များကလည်း Specialist Tour များသွားရောက်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များ ပီပြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ ယင်း ကျန်းမာ ရေးဝန်ထမ်းများသာမက မြို့နယ်၊ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူ များ လိုက်ပါလျက် အချက်အချာကျသော ကျေးရွာများကို ရွေးချယ်ခြင်း၊ အုပ်ချုပ်မှု ဆိုင်ရာများအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသအာဏာ ပိုင်များ၊ လူမှုရေး အသင်းအဖွဲ့များနှင့် အခြားစိတ်ပါဝင်စားသူများ၏ ပံ့ပိုးကူညီမှုများကို ရယူ၍ ယခုထက်ပိုမိုထိရောက်စွာဖြင့် ကျေးရွာပြည်သူလူထု၏ ကျန်းမာရေးစောင့် ရှောက်မှုကို မြှင့်တင်ရေးအတွက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
    

ထို့နောက် မြန်မာနိုင်ငံ ဆေးကောင်စီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်းမြင့်နှင့် တနင်္သာရီ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးစိုးသိန်း(ခ) ဦးမောင်စိုး တို့က ဆွေးနွေးကြ သည်။
    

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာတွင် ၂၀၁၉ခုနှစ် နိုဝင်ဘာ ၄ ရက်မှ ဒီဇင်ဘာ ၁၉ ရက်အထိ အစည်းအဝေးကျင်းပရက် (၁၈)ရက်အတွင်း အမျိုးသားလွှတ်တော်၏  ဆောင်ရွက်ချက်များအနေဖြင့် မေးခွန်းမေးမြန်းခြင်းကဏ္ဍတွင် လွှတ်တော်ကိုယ်စား လှယ်များက ပြည်သူလူထု၏ အကျိုးအလို့ငှာ အမျိုးသားလွှတ်တော်သို့ ကြယ်ပွင့်ပြ မေးခွန်း (၈၃)ခုနှင့် ကြယ်ပွင့်မပြ မေးခွန်း (၁၃၈)ခုတို့ကို မေးမြန်းခဲ့ပါကြောင်း၊ လွှတ် တော်ကိုယ်စားလှယ်များ မေးမြန်းသည့် မေးခွန်းများအပေါ် ပြည်ထောင်စုအဆင့် အဖွဲ့ အစည်းဝင်ပုဂ္ဂိုလ်များက လွှတ်တော်တွင် နှုတ်ဖြင့် ဖြေကြားခြင်း၊ စာဖြင့် ပေးပို့ ဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း။
    

အဆိုတင်သွင်းခြင်းကဏ္ဍတွင် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးမင်း ဦး၏ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဖေတင်ကွယ်လွန်ခြင်းအတွက် အထူးဝမ်းနည်းကြောင်း အဆိုကို လွှတ်တော်သို့ တင်သွင်းခဲ့ရာ လွှတ်တော်က မှတ်တမ်းတင်ခဲ့ ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစခင်ဇော်လင်း ၏ မြန်မာ နိုင်ငံတွင် တစ်စတစ်စ ပြုန်းတီးလျက်ရှိသော ကြိုးဝိုင်း၊ ကြိုးပြင်တောများ အပါအဝင် သစ်ပင်သစ်တောများ ပြန်လည်ရှင်သန် စိုပြေလာစေရေးနှင့် သစ်ပင်သစ်တောများကို အခြေခံပြီး နိုင်ငံတော်၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် World Bank, ADB, WWF စသည့် နိုင်ငံတကာအဖွဲ့အစည်းများထံမှ ငွေကြေးနှင့် နည်းပညာကူညီထောက် ပံ့မှုများဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအတွင်းရှိ သစ်တောဝန်ထမ်းများ၏ စွမ်းဆောင် ရည် (Capacity)၊ လုပ်ငန်းစဉ်များ (Functions)နှင့် ကျင့်ဝတ်သိက္ခာ (Ethics) များပိုမို အဆင့်အတန်းမြင့်မားလာစေရန် အထူးသင်တန်းများပေးပြီး အားပေးစည်းရုံး ပညာပေး သင်ကြားရန်နှင့် ၎င်းသစ်တောဝန်ထမ်းများ လိုအပ်လျက်ရှိသော ခေတ်မီလက်နက် ကိရိယာ Facilities and equipments များကို စနစ်တကျတပ်ဆင်ပေးရန် ပြည်ထောင် စုအစိုးရအား တိုက်တွန်းကြောင်း အဆို၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်း ၏ ကချင်ပြည်နယ် သာမက တခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ တိုင် ဧကများစွာ ဆက်လက်စိုက်ပျိုးလျက်ရှိသော တရုတ်တစ်သျှူးငှက် ပျော စိုက်ပျိုးခြင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို စည်းကမ်းတကျ ထိန်းသိမ်းကွပ်ကဲ နိုင်စေရန်၊ ရေရှည် တွင် ဖြစ်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးများအား ကြိုတင်တားမြစ် နိုင်ရန်နှင့် ရသင့်သော အခွန်ဘဏ္ဍာများ ရရှိနိုင်ရန်အလို့ငှာ သက်ဆိုင်သည့်ဌာန အသီးသီးတို့မှ ဟန်ချက် ညီညီ ပါဝင်လုပ်ဆောင်နိုင်မည့် ထိရောက်သည့် မူဝါဒလမ်းညွှန်မှု စီမံချက်တစ်ရပ်ရပ်ကို ချမှတ်၍ အဓိကကျသည့် ဝန်ကြီးဌာနအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက် ပေး ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်း ကြောင်း အဆို နှင့် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကိုကိုနိုင် ၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်အသီးသီးတွင် အစိုးရအဆက်ဆက် အသုံးပြုခဲ့သော လက်ရှိအသုံးပြုခြင်းမရှိတော့ဘဲ တဖြည်းဖြည်း ဟောင်းနွမ်းယိုယွင်း ပျက်စီးနေပြီဖြစ်သည့် အဆောက်အဦများတည်ရှိရာ ဝန်ကြီးဌာနပိုင်မြေများ၊ ကျေးရွာ များရှိ စပါးဒိုင်အဆောက်အဦနှင့် မြေနေရာများအား မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အများပြည်သူအကျိုးဖြစ်ထွန်းသော လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရန် မြို့ပြမြေရှားပါးမှုကို ဖြေရှင်းနိုင်ရန်အတွက်လည်းကောင်း၊ မြို့စီမံခန့်ခွဲခွင့်ရ မြေနေရာများ (City Land) အဖြစ် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပြန်လည်စွန့်လွှတ် လွှဲပြောင်းပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆို တို့ကို လွှတ်တော်သို့ တင်သွင်းခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး ခြင်း၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေရှင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အဆိုများကို လွှတ်တော် က အတည်ပြုခဲ့ပါကြောင်း။
    

ဥပဒေကြမ်းတင်သွင်းခြင်းကဏ္ဍအနေဖြင့် အမျိုးသားလွှတ်တော်တွင် စတင်ဆွေး နွေးနိုင်ရန် ပေးပို့ထားသည့် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေကြမ်း ကိုလွှတ်တော်သို့ အဆိုတင်သွင်းခြင်း၊ ဥပဒေကြမ်းကော်မတီက အစီရင်ခံ စာ ဖတ်ကြားတင်သွင်းခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်းနှင့် လွှတ် တော်၏ အတည်ပြုချက် ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ပြည်သူ့လွှတ်တော်သို့ ပေးပို့ ခဲ့ပါကြောင်း၊ အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် တင် သွင်းခဲ့ပြီး ဥပဒေကြမ်းကော်မတီသို့ ပြန်လည်ကြားနာနိုင်ရန် ပေးပို့ထားသည့် ငါးမွေးမြူ ရေးဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်၏ အတည်ပြုချက် ရယူခြင်းတို့ကို ဆောင်ရွက် ခဲ့ပြီး ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ပါကြောင်း။
    

အမျိုးသားလွှတ်တော်မှ စတင်ဆွေးနွေး အတည်ပြုပြီး ပြည်သူ့လွှတ်တော်သို့ ပေးပို့ထားသည့် ဥပဒေကြမ်းများအနက် စကားရပ်ပြောင်းလဲသတ်မှတ်သည့် ဥပဒေ ကြမ်း၊ သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှု ဥပဒေကြမ်း၊ မြန်မာနိုင်ငံလူမွဲ ခံယူခြင်းဆိုင်ရာ ဥပဒေကြမ်း၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ် တော် ရွေးကောက်ပွဲ ဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းတို့ကို ပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခဲ့ရာ လွှတ်တော်က ပြည်သူ့လွှတ် တော်၏ ပြင်ဆင်ချက်အတိုင်း အတည်ပြုခဲ့ပါကြောင်း၊ ယင်းဥပဒေကြမ်းများအနက် စကားရပ်ပြောင်းလဲသတ်မှတ်သည့် ဥပဒေကို ၂၀၁၉ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃၁ ဖြင့် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါကြောင်း။
    

လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို ဆွေးနွေးရာတွင် လွှတ်တော်နှစ်ရပ်သဘော  ကွဲလွဲသဖြင့် ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးနိုင်ရန် ပေးပို့ခဲ့ပါကြောင်း၊ ပြည်သူ့ လွှတ်တော်တွင် စတင်ဆွေးနွေးအတည်ပြုပြီး အမျိုးသားလွှတ်တော်သို့ ပေးပို့ခဲ့သည့်  ဥပဒေကြမ်းများအနက် စက်မှုဇုန် ဥပဒေကြမ်း ကို ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားတင်သွင်းခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်းနှင့် အဆုံး အဖြတ်ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ပါကြောင်း။
    

တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကြမ်းနှင့် မြန်မာနိုင်ငံဆေးကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတို့ကို ဥပဒေကြမ်းကော် မတီက အစီရင်ခံစာဖတ်ကြားတင်သွင်းပြီး လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကာ ၎င်းတို့၏ ဆွေးနွေးချက်များကို ဥပဒေကြမ်းကော်မတီသို့ ပြန်လည်ကြားနာနိုင်ရန် ပေးပို့ခဲ့ပါကြောင်း၊ အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားတင်သွင်းပြီး ဆွေးနွေးရန် အမည်စာ ရင်းတောင်းခံထားသည့် မြန်မာနိုင်ငံဘူမိသိပ္ပံကောင်စီ ဥပဒေကြမ်း ကိုလွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခြင်းနှင့် အဆုံးအဖြတ်ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ပြင် ဆင်ချက်ဖြင့် အတည်ပြု၍ ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ပါကြောင်း။
    

အစီရင်ခံစာ တင်သွင်းခြင်းကဏ္ဍတွင် အမျိုးသားလွှတ်တော် ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ၂၀၁၈ခုနှစ် မတ် ၂၁ ရက်မှ (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလပြီးသည့်အထိ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များက အကြံပြုဆွေးနွေးခြင်းနှင့် လွှတ်တော်က အတည်ပြု ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ် တော် ပထမပုံမှန်အစည်းအဝေးမှ (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ တင်သွင်း မေးမြန်းခဲ့သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို အမျိုးသားလွှတ် တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များက အကြံပြုဆွေးနွေး ခြင်းနှင့် လွှတ်တော်က အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း။


အမျိုးသားလွှတ်တော်တွင် ဖွဲ့စည်းထားသည့် ကော်မတီများ၏ လွှတ်တော် အစည်းအဝေးကာလအတွင်း ဆောင်ရွက်ခဲ့သည့် ကော်မတီအစည်းအဝေးများမှာ ဥပဒေကြမ်းကော်မတီ (၂၁)ကြိမ်၊ ပြည်သူ့ငွေစာရင်းကော်မတီ(၃)ကြိမ်၊ လွှတ်တော် အခွင့်အရေးကော်မတီ(၃)ကြိမ်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက် များ စိစစ်ရေးကော်မတီ (၉)ကြိမ်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည် ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(၅)ကြိမ်၊ အစိုးရမဟုတ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းများဆိုင်ရာ ကော်မတီ(၅)ကြိမ်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ် ကျေးမှုဆိုင်ရာ ကော်မတီ(၃)ကြိမ်၊ တိုင်းရင်းသားရေးရာကော်မတီ (၃)ကြိမ်၊ တောင်သူ လယ်သမားရေးရာကော်မတီ (၃)ကြိမ်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင် ရာကော်မတီ(၆)ကြိမ်၊  ပညာရေးမြှင့်တင်မှုကော်မတီ (၇)ကြိမ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာ ကော်မတီ(၆)ကြိမ်၊ နိုင်ငံသားများ၏ မူလအခွင့် အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ (၅)ကြိမ်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ (၆)ကြိမ်၊ ပြည်သူတို့၏ တိုင်ကြား စာဆိုင်ရာ ကော်မတီ(၂)ကြိမ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုး တိုးတက် ရေးကော်မတီ (၄)ကြိမ်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင် ဆိုင်ရာကော် မတီ (၆)ကြိမ် စုစုပေါင်းကော်မတီအစည်းအဝေး (၉၇)ကြိမ် ပြုလုပ်ခဲ့ပါကြောင်း။
    

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ စွမ်းရည်မြင့်မားစေရန် ရည်ရွယ်၍ အပြန်အလှန် ဆွေးနွေးပွဲ (Debate) ကို (၃)ကြိမ် ပြုလုပ်ခဲ့ပြီး လွှတ်တော်ကိုယ်စား လှယ်များက ဆွေးနွေးခဲ့ပါကြောင်း၊ သုတေသန၊ ပြည်သူ့ဆက်ဆံရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးဌာနကြီးမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအတွက် ဒုတိယ အကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း စာတမ်းတို (၅)စောင်ထုတ်ဝေခဲ့ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် (၄၆)ဦးက သိရှိ လိုသည့် သတင်းအချက်အလက် မေးမြန်းခဲ့မှု (၄၉)ခုအနက် (၂၂)ချက်ကို ရှာဖွေပေးခဲ့ ပြီး ဖြစ်သည်ကို လွှတ်တော်ကိုယ်စားလှယ်များကို အသိပေးပါကြောင်း။
    

လွှတ်တော်ကိုယ်စားလှယ်များအားလုံး မိမိတို့သက်ဆိုင်ရာ ဒေသအသီးသီးသို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် ပြန်လည်ရောက်ရှိကြပြီး မိမိတို့၏ မဲဆန္ဒရှင် ပြည်သူများအကျိုး၊ ဒေသ၏အကျိုး၊ နိုင်ငံတော်၏ အကျိုးကို ဆတက်ထမ်းပိုး ထမ်းဆောင်နိုင်ကြပါစေကြောင်း ပြောကြားသည်။
    

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ဒုတိယအကြိမ် အမျိုးသားလွှတ် တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင် စွာကျင်းပပြီးစီးကြောင်း ကြေညာသည်။


အောင်ရဲသွင်