ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ကျင်းပ

နေပြည်တော် ၁၂ ဒီဇင်ဘာ 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

a

 

အစည်းအဝေးတွင် ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးစိုးသိန်း၏ မြန်မာနိုင်ငံအတွင်း ပြည်တွင်းရွှေ့ပြောင်းမှု Internal Migration ပြဿနာအား မည်ကဲ့သို့သော အစီအမံများဖြင့် ဆောင်ရွက်နေသည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ရွေ့ပြောင်းသွားလာမှုကို စီမံခန့်ခွဲရာတွင် ပြီးပြည့်စုံသည့် အသေးစိတ်အစီအစဉ်ဟူ၍ မရှိပါကြောင်း၊ အမှန်ကန်ဆုံး (သို့မဟုတ်) စံပြဖြေရှင်းနည်းလည်း မရှိပါကြောင်း၊ မိမိတို့ ဖြစ်ပေါ်ပြောင်းလဲတိုးတက်မှုများနှင့် စွမ်းရည်အရင်းအနှီး၊ နည်းပညာ စွမ်းဆောင်နိုင်မှုများတွင် မူတည်၍ ချဉ်းကပ်သည့် နည်းလမ်းများသာရှိပါကြောင်း၊ ယင်းတို့ကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ရွေ့ပြောင်းသွားလာမှု စီမံခန့်ခွဲမှုကို တိုးတက်ကောင်းမွန်စေရန်၊ ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများကို တိုးတက်ကာကွယ်ပေးနိုင်ရန်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရွှေ့ပြောင်းသွားလာမှုက ပေးအပ်သည့် အကျိုးကျေးဇူးများကို မြှင့်တင်ပေးရန်နှင့် တစ်နည်းအားဖြင့် ရွေ့ပြောင်းသွားလာမှုကို နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာများ၏ အစိတ်အပိုင်းအဖြစ် စနစ်တကျ သတ်မှတ်စီမံဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားသည်။

တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးဥက္ကာမင်း၏ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်းရှိ တောင်တွင်းကြီး - မရမ်းချောင်း - ကတန် - ပသုတ်ကျွန်း ကျေးရွာများအား ကျေးရွာချင်းဆက် ရေသွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က တောင်တွင်းကြီး - မရမ်းချောင်း - ကတန် - ပသုတ်ကျွန်း ကျေးရွာများ ရေရရှိရေး ပိုက်လိုင်းသွယ်တန်း ဆောင်ရွက်နိုင်ရေးအတွက် ပသုတ်ကျွန်းကျေးရွာနှင့် (၆/၇)မိုင်ခန့်အကွာတွင်ရှိသည့် တောင်တွင်းကြီး ကျေးရွာအနီး ငှက်သိုက်တောင်ရေထွက်မှ ရေရယူဆောင်ရွက်နိုင်မှု ရှိ/မရှိ ကွင်းဆင်းတိုင်းတာရန်  လိုအပ်လာပါကြောင်း၊ ပသုတ်ကျွန်းကျေးရွာအနေဖြင့် မိုးရာသီတွင် ကွင်းဆင်းတိုင်းတာရန် အခက်အခဲရှိပါကြောင်း၊ အဆိုပါ ကျေးရွာများရေရရှိရေး ဆောင်ရွက်နိုင်ရန်အတွက် စိမ့်စမ်းရေထွက်၏ ရေထွက်နှုန်း တစ်နှစ်ပတ်လုံး ရေလုံလောက်မှု ရှိ/မရှိ၊ ဖြစ်နိုင်ခြေ ရှိ/မရှိ တိုင်းတာခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ ပွင့်လင်းရာသီတွင် (၁)ကြိမ်နှင့် နွေရာသီကာလ (ဧပြီ၊ မေလ)တွင် (၁)ကြိမ်ကွင်းဆင်း တိုင်းတာပြီး နည်းပညာပိုင်းဆိုင်ရာ စိစစ်မှုကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စိစစ်ချက်အရ ဖြစ်နိုင်ချေရှိမည်ဆိုပါက ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လျာထားတင်ပြအကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

အလားတူ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန်၏ ချင်းပြည်နယ်၊ မတူပီမြို့နယ်ရှိ လေရှီးပွိုင့်၊ ဘနိုင်တောင်ပွိုင့်နှင့် ရေဇွာပွိုင့်တို့မှ MPT တာဝါတိုင်များကို Link အတွက်သာ သီးသန့်မသုံးဘဲ ဖုန်းလိုင်းလွှင့်ပေးသော ကိရိယာ ထပ်မံတပ်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးကလည်းကောင်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးလှမြင့် (ခ) ဦးလှမြင့်သန်း၏ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့မှ ဝန်ထမ်းအိမ်ရာပေါင်း (၉၉၄)အိမ်၊ အခြေစိုက်တပ်ရင်း(၂)ရင်းနှင့် အထက်တန်းကျောင်း (၂)ကျောင်းသို့ ရေပေးဝေနေသော ရေကန်အနီးတွင် ကျူးကျော်လုပ်ကိုင်နေသည့် စိုက်ပျိုးရေးခြံများနှင့် ပတ်သက်၍ မည်သို့အရေး ယူဆောင်ရွက်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ ဦးဝင်းအောင်၏ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီမြို့ ကွင်းအမှတ် - OSS.၅၃.A မြဝတီ အပြင်ကွင်းဧရိယာ ၃၅ ဒသမ ၅၇ ဧကရှိ ဦးစံသွင်အမည်ဖြင့် လုပ်ကိုင်ခွင့်ပြုထားသော မြေကိုတိုင်းတာပေးပါရန် ကရင်ပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြခဲ့သော်လည်း ဆောင်ရွက်ပေးမှု မရှိသည့်အပြင် ကရင်ပြည်နယ်အစိုးရ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီးက အဖွဲ့အစည်းရုံးများနှင့် လူနေအိမ်ရာများ တည်ဆောက်ရန်အတွက် အမှုတွဲပြုလုပ်၍ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုဗဟိုကော်မတီသို့ လျှောက်ထားခြင်းသည် မူလပိုင်ရှင် ပြန်လည်ရရှိရေး နိုင်ငံတော်မှ ချမှတ်ထားသောမူများကို ဆန့်ကျင်ခြင်း ရှိ/မရှိနှင့် ပြည်ထောင်စုအစိုးရက မည်ကဲ့သို့ ဆောင်ရွက်ပေးမည် ကိုသိရှိလိုခြင်း မေးခွန်းတို့နှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က လည်းကောင်း ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဗိုလ်မှူးချုပ်တင့်လွင်က ငါးမွေးမြူရေးဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းသည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဆိုပါ ဥပဒေကြမ်းကို တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူအတည်ပြုသည်။

ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က အဆိုပါ ဥပဒေကြမ်းကို ပြင်ဆင်ထားသည့်အတိုင်း အမျိုးသားလွှတ်တော်က အတည်ပြုပေးရန် အဆိုတင်သွင်းရာ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၉)မှ ဦးမြမင်းဆွေက ထောက်ခံသည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ယင်းအဆိုကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူမရှိသည့်အတွက် ငါးမွေးမြူရေးဆိုင်ရာ ဥပဒေကြမ်းသည် ပြင်ဆင်ထားသည့်အတိုင်း အတည်ဖြစ်ကြောင်း ကြေညာသည်။

ယင်းနောက် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်း၏ ကချင်ပြည်နယ်သာမက တခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့တိုင် ဧကများစွာ ဆက်လက်စိုက်ပျိုးလျက်ရှိသော တရုတ်တစ်သျှူးငှက်ပျော စိုက်ပျိုးခြင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို စည်းကမ်းတကျ ထိန်းသိမ်းကွပ်ကဲနိုင်စေရန်၊ ရေရှည်တွင် ဖြစ်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးများအား ကြိုတင်တားမြစ်နိုင်ရန်နှင့် ရသင့်သော အခွန်ဘဏ္ဍာများ ရရှိနိုင်ရန်အလို့ငှာ သက်ဆိုင်သည့်ဌာနအသီးသီးတို့မှ ဟန်ချက်ညီညီ ပါဝင်လုပ်ဆောင်နိုင်မည့် ထိရောက်သည့် မူဝါဒလမ်းညွှန်မှု စီမံချက်တစ်ရပ်ရပ်ကို ချမှတ်၍ အဓိကကျသည့် ဝန်ကြီးဌာနအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးခင်မျိုးဝင်းက အဆို၏ ဆိုလိုရင်းမှာ တစ်သျှူးငှက်ပျော စိုက်ပျိုးခြင်းလုပ်ငန်းကို  တင်းကြပ်စွာ တစ်ဖက်သပ် ပိတ်ပင်တားဆီးခြင်း မဟုတ်ပါကြောင်း၊ တစ်သျှူးငှက်ပျော စိုက်ပျိုးလုပ်ကိုင်မည်ဆိုပါက ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် လုပ်ပိုင်ခွင့်တင်စေသင့်ပါကြောင်း၊ တရုတ်နိုင်ငံဘက်မှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံလိုသည် ဆိုပါကလည်း ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကိုပင် တရားဝင်လျှောက်ထားပြီး လုပ်ကိုင်ဆောင်ရွက်သင့်ပါကြောင်း၊ ပြည်တွင်းကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်မည်ဆိုပါကလည်း ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို တိုက်ရိုက်လျောက်ထားပြီး ခွင့်ပြုမိန့်ကျမှ တိုက်ရိုက်ဆောင် ရွက်စေသင့်ပါကြောင်း၊ ထို့ကြောင့် တစ်သျှူးငှက်ပျော ပပျောက်ရေးမှာလည်း လက်တွေ့တွင် မဖြစ်နိုင်သေးသည့်နည်းတူ မြေပြင်အခြေအနေတွင် စိုက်ဧကများ တိုးတက်ဖွယ်သာ ရှိနေသည့်အတွက် လက်ရှိအနေအထားအရ ထိန်းသိမ်းတည့်မတ်လမ်းညွှန်မှုများ ပိုမိုထိရောက်စေရန် အဆိုကို လေးနက်စွာ ထောက်ခံပါကြောင်း ဆွေးနွေးသည်။

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာစန်းမောင်မောင်က တစ်သျှူးငှက်ပျော စိုက်ပျိုးရေးလုပ်ငန်း တွင်ကျယ်စွာ စိုက်ပျိုးလာခြင်းကြောင့် ဒေသတွင်း သစ်တောဖုံးလွှမ်းမှု ဧရိယာ လျော့နည်းလာခြင်း၊ သစ်တောအရည်အသွေး ကျဆင်းလာခြင်း၊ အသုံးပြုသော ထင်းလောင်စာရရှိရန် ဝေးလံစွာသွားရခြင်း၊ အိုးအိမ်ဆောက်လုပ်ရန်အတွက် သစ်ရရှိရန် ခက်ခဲလာခြင်း၊ ဝါးကိုအစားထိုးအသုံးပြုရသောကြောင့် အိုးအိမ်မကြာခဏ ပြုလုပ်ရာတွင် ငွေကုန်ကြေးကြပိုများလာခြင်း၊ အချိန်ပိုပေးရခြင်း၊ သစ်တောထွက် ဘယဆေးရှားပါးလာခြင်း အန္တရာယ်များကိုလည်း ကြုံတွေ့ရပါကြောင်း။

ထို့ကြောင့် ကချင်ပြည်နယ်သာမက အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့တိုင် ဧကများစွာ ဆက်လက်စိုက်ပျိုးလျက်ရှိသည့် တရုတ်တစ်သျှူးငှက်ပျောစိုက်ပျိုးခြင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို စည်းကမ်းတကျ ထိန်းသိမ်းကွပ်ကဲခိုင်းစေရန်၊ ရေရှည်တွင် ဖြစ်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးများကို ကြိုတင်တားမြစ်နိုင်ရန်နှင့် ရသင့်သည့် အခွန်ဘဏ္ဍာငွေများ ရရှိနိုင်စေရန်အတွက် သက်ဆိုင်ရာဌာန အသီးသီးအနေဖြင့် ဟန်ချက်ညီညီ ပါဝင်လုပ်ဆောင်နိုင်မည့် ထိရောက်သည့် မူဝါဒ၊ လမ်းညွှန်မှု စီမံချက် တစ်ရပ်ရပ်ကို ချမှတ်ပြီး အဓိကကျသည့် ဝန်ကြီးဌာနအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးစေရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းသည့် အဆိုကို လေးနက်စွာ ထောက်ခံပါကြောင်း ဆွေးနွေးသည်။

ယင်းအဆိုကို ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဇယ်ခေါင်၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးမင်းဆွေနိုင်၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးဇဝနနှင့် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်သောင်းတို့က ဆက်လက်ဆွေးနွေးကြသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ကို ဒီဇင်ဘာ ၁၃ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်