ဒါရိုက်တာ မင်းဦး၏ "အဆိပ်" ရုပ်ရှင်ဇာတ်ကား ချောင်းသာ၌ စတင်ရိုက်ကူး

၄ ဇန်နဝါရီ

 

စာရေးဆရာမ လွန်းထားထား၏ ဝတ္ထုကို ဇာတ်ညွှန်းအဖြစ် မိုးနီလွင်က ပြန်လည်ရေးသားပြီး အောင်ခေတ်မင်းရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ကာ ဒါရိုက်တာအဖြစ် သရုပ်ဆောင်မင်းဦးက ရိုက်ကူးသည့် "အဆိပ်" ဟု အမည်ရသော ရုပ်ရှင်ဇာတ်ကားကို ဇန်နဝါရီ ၂ ရက်တွင် ချောင်းသာကမ်းခြေ၌ စတင်ရိုက်ကူးနေကြောင်း သိရသည်။

 

ဒါရိုက်တာမင်းဦးက "ဒီကားကို အစ်ကို့အနေနဲ့ တင်ဆက်ပုံချင်း မတူအောင်တော့ ဖန်တီးထားပါတယ်။ ဒီကားက ရိုးရိုးဒရာမာကားတွေလို ဒဲ့ရိုက်ပြလို့မရတဲ့ကားမျိုး ဖြစ်နေတော့ ပြောရတာခက်တယ်။ ကိုယ့်အတွက် စိန်ခေါ်မှုရှိတယ်။ ဇာတ်အရလည်း စိန်ခေါ်မှုရှိနေတယ်။ အသက်ကြီးတဲ့ အမျိုးသမီးတွေနဲ့ အသက်ငယ်တဲ့ အမျိုးသားကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ ဇာတ် လမ်းမျိုးပါ။ အစ်ကို့ဇာတ်က လူငယ်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အဖြစ်အပျက်တွေ အကြောင်းကို ပုံဖော်ထားတယ်။ ပရိသတ်တွေ Message တစ်ခုကတော့ ရမှာ သေချာပါတယ်"ဟု ပြောသည်။

 

သရုပ်ဆောင် ကျော်ထက်အောင်ကလည်း "ဒီကားက ကိုမင်းဦး ကျွန်တော့်ကို ထပ်ပြီး ကာရိုက်တာပြောင်းထားတဲ့ ကားလေးတစ်ကား ဖြစ်ပါတယ်။ ဒီကားထဲမှာ ကျွန်တော်ရဲ့ ကာရိုက်တာက အလှုပ်ပါပဲ။ ဆိုးတဲ့ ကောင်လေးတစ်ယောက်ပါ။ ဆိုးတာကတော့ အဆုံးစွန်ထိ ကို ဆိုးထားရမှာပါ၊ ဆိုးတယ်ဆိုတာက မိသားစုမှာလည်း ချစ်ခြင်းမေတ္တာ မရတဲ့အတွက် သူများတွေ ချစ်ခြင်းမေတ္တာ ရရင်လည်း ကိုယ်က မနာလိုဘူးပေါ့။ ကိုယ့်မိသားစုဖြစ်တဲ့ အမေ ဘာပြောပြော ဂရုမစိုက်ဘူး၊ ကိုယ်လုပ်ချင်တာလုပ်တယ်။ ပိုက်ဆံရှိရှိမရှိရှိ လျှောက်ပြီး သုံးဖြုန်း တဲ့ပုံစံမျိုးနဲ့ ဆိုးတဲ့သူ တစ်ယောက်ပါ။ စရိုက် ကားထဲမှာ ဆိုးတာတစ်မျိုး၊ ဒီကားထဲက ပိုဆိုး တာက တစ်မျိုးပါ"ဟု ဇာတ်ကောင်စရိုက်နှင့် ပတ်သက်၍ ပြောပြသည်။

 

အဆိုပါ အဆိပ် ရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင် ကျော်ထက်အောင်၊ မျိုးသန္တာထွန်း၊ သန်းသန်းစိုး၊ မယ်လိုဒီ၊ အေးဝတ်ရည်သောင်းနှင့် နန်းဆုဦးတို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြ မည်ဖြစ်ကြောင်း သိရသည်။

ကိုလင်း