ဒါရိုက်တာ အေဝမ်းမောင်တင်ယုနှင့် ရုပ်ရှင်စကားဝိုင်း

articles_advs

၁၇ ဒီဇင်ဘာ

ယမန်နေ့မှအဆက်

ဦးတင်ယု ။ ။ နဂိုကတည်းက သူကယောက်ျားတကယ်ပီသတယ်။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ဆရာ၊ ခပ်ပေပေ ခပ်တေတေနော်။

ဦးတင်ယု ။ ။ ခပ်ပေပေ ခပ်တေတေ။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ဆရာ။

ဦးတင်ယု ။ ။ ကားတွေရိုက်တော့သာ မိန်းမလျာလိုလို ဘာလိုလိုနဲ့။

ကြည်စိုးထွန်း။ ။ အေးအေးလေးနဲ့နော် နွဲ့နွဲ့လေး။

ဦးတင်ယု ။ ။ အပြင်မှာ။

ကြည်စိုးထွန်း။ ။ ဆိုးဆိုးပေပေထဲကလား (ရယ်လျက်) ကြားတယ် ဆရာ၊ သူကနောက်နောက်ပြောင်ပြောင် ဆိုးဆိုးပေပေပေါ့လေ။ အဲဒီလိုပေါ့။ သူက အဲဒီလိုနေတတ်တယ်ဆိုတာ သူ့သူငယ်ချင်းတွေပြောတာ ကျွန်တော်ကြားဖူးတယ်။ ဒီကားထဲမှာတော့ သူက တကယ့်ကိုကောင်းတယ် ဆရာ။ သူတင်ကောင်းတာမဟုတ်ဘူး။ သူနဲ့ပြိုင်ဘက်ဖြစ်တဲ့ ဗီလိန်ပေါ့ဆရာ ၊ မျိုးညိမ်းတို့၊ စံတင်တို့။

ဦးတင်ယု ။ ။ လှံမင်းသားစံတင် ဖြစ်သွားတယ်လေ အဲဒီမှာ။ ။

ကြည်စိုးထွန်း။ ။‌ဪအဲဒီကားနဲ့ဟုတ်တယ်ဆရာ။ ဗီလိန်ဦးစံတင်ကြီးက လှံကစားပြရင်းနဲ့ သူကလှံမင်းသားဆိုတဲ့နာမည်ရပြီးတော့ နောက်ကျတော့ 'မက္ခရာ' ဘာညာထိအောင် လှံမင်းသားစံတင်က မင်းသားထိအောင် ဖြစ်သွားတယ်နော်ဆရာ။ အဲဒီကစတာပဲ။ ဟိုမှာလည်း ကောင်းတယ်ဆရာ။ 'ဗန်တိုလူလေးနဲ့သူဇာ'လည်း သူဇာတ်ပို့သိပ်ကောင်းတယ် ဆရာ။ ဆရာတို့ လမ်းဖွင့်ပေးလိုက်တဲ့ လူကြမ်းမင်းသားတွေပေါ့နော်ဆရာ။

ဦးတင်ယု ။ ။ ၁၉၆၆ ခုနှစ်မှာ 'ချစ်မြေ' ဇာတ်ကား၊ ပြန်ကြားရေးကရိုက်တာ။

ကြည်စိုးထွန်း။ ။ဟုတ်ကဲ့ဆရာ'ချစ်မြေ'ကနိုင်ငံတော်ကရိုက်တယ်ပြောရမှာပေါ့ ဆရာ။ အဲဒီမှာဆရာက director of photography ဒါရိုက်တာက ဦးတင်မောင်။

ဦးတင်ယု ။ ။ နောက် 'ဘယ်ခြောက်ခါညာလှမ်းလို့ '။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ဆရာ မြင့်အောင်၊ တင်တင်အေး။ ဦးတင်ယု ။ ။ ကရာတေးကို အရင်ဆုံးဇာတ်ကား ရုပ်ရှင်ရိုက်တာ။

ကြည်စိုးထွန်း။ ။ကရာတေးကို ဟုတ်ကဲ့ဆရာ၊ ဓူဝံရဲ့ နယ်လီဝင့်ဆိုတဲ့ ဝတ္ထုပေါ့ဆရာနော်။

ဦးတင်ယု ။ ။ ၁၉၆၇ ခုနှစ်မှာ 'မောင်ချစ်တဲ့သူအငိုတိတ်အောင်'။ အဲဒီမှာ ဘာကိုသွားသဘောကျကြသလဲဆိုရင် မင်းသားစာရေးဖို့ လက်လှုပ်လိုက်တာ မင်အိုးကိုတိုက်ပြီး မင်အိုးကဖိတ်သွားတယ်၊ မင်ကနေ ကောင်မလေးဖြစ်သွားတယ်။

ကြည်စိုးထွန်း။ ။ သော်သော် Animation ပေါ့ဆရာ၊ Camera Trick ကို Animation နဲ့ ဆရာလုပ်လိုက်တာပေါ့နော်။

ဦးတင်ယု ။ ။ အဲဒီဟာလည်း စံရှားတင်ပဲ။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ဆရာ။

ဦးတင်ယု ။ ။ အဲဒီအထဲမှာလည်း အငြိမ့်သမပဲ။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

ဦးတင်ယု ။ ။ မင်ကနေဖြစ်သွားပြီး အငြိမ့်သမလိုထကတာ။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ဆရာ၊ ဆရာရိုက်ထားတာ ခုနမင်းသားကကော ရှိသေးလား၊ မင်းသားကအကြီးကြီး၊ မင်းသမီးက သေးသေးလေးနဲ့ ကတာလား။ ဪ အဲဒီလို အဲဒါ 'မောင်ချစ်တဲ့သူ အငိုတိတ် အောင်' ကောလိပ်ဂျင်နေဝင်းနဲ့ စံရှားတင်၊ ဦးကျောက်လုံးလည်းပါတယ်။

ဦးတင်ယု ။ ။ နောက် “တယောက်တနေရာ

ကြည်စိုးထွန်း။ ။ မင်းသားမြင့်အောင်ပဲဆရာ တင်တင်အေး၊ မောင်ကိုဦး။

ဦးတင်ယု ။ ။ ၁၉၆၈ခုနှစ် “တံခါးခေါက်သံ

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ မောင်ကိုဦးပဲနော်ဆရာ သီချင်းလား။

ဦးတင်ယု ။ ။ ဟုတ်တယ်။

ကြည်စိုးထွန်း။ ။ ဪ အဲဒီသီချင်းက ဦးကျော့မှူးစပ်တဲ့သီချင်း။

ဦးတင်ယု ။ ။ “မျက်လုံးချင်း စကားပြောနေသည်

ကြည်စိုးထွန်း။ ။ဪ “မျက်လုံးချင်းစကားပြောနေသည် အဲဒါလည်း အခုထိပေါ့ဆရာရယ် ခေတ်စားနေတဲ့သီချင်းလေးပဲဆရာ၊ ကျွန်တော်တော့ မရဘူး၊ ဆရာရရင် ဆိုပြပါလား။

ဦးတင်ယု ။ ။ ကျွန်တော်လည်းမရဘူး အဲဒီသီချင်းကို ဂျပန်က ပြန်လာပြီး ဂျပန်အမျိုးကို ယူလာတာ။

ကြည်စိုးထွန်း။ ။ ဂျပန်က မယ်လိုဒီကို ယူပြီးတော့။

ဦးတင်ယု ။ ။ ဒီမှာ ကိုကျော့လာထည့်တာ။

ကြည်စိုးထွန်း။ ။ဪ ဦးကော့မှူး၊ စာထည့်လိုက်တာ။ အဲဒါလည်း အခုထိ ခေတ်စားနေတယ်ဆရာ။ အဲဒီသီချင်းလေးက နားထောင်လို့လည်းကောင်းတယ်။ “မျက်လုံးချင်းစကားပြောနေသည် မောင်သိန်းဝင်း ဆိုတာ နားထောင်လို့သိပ်ကောင်းတယ်။

ဦးတင်ယု ။ ။ သူကလည်းမျက်လုံးချင်းစကားပြောစရာရှိတယ်။ ။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ဆရာ။

ဦးတင်ယု ။ ။တံခါးခေါက်သံ ကို ကန်တော့ပွဲပေးတာ ရွှေမော်ဓောမှာ။

(ဆက်လက်ဖော်ပြပါမည်)