ဒက္ခိဏသီရိမြို့နယ်တွင် မသန်စွမ်းသူများ၊  အသက် ၅၅ နှစ်နှင့်အထက် အသက်ကြီးသူများကို ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ

ဒက္ခိဏသီရိ ၊ စက်တင်ဘာ  ၁၅

 

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင်  မသန်စွမ်းသူများ၊ အသက် ၅၅ နှစ်နှင့်အထက် အသက်ကြီးသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစတင်၍ အမှတ်(၁၈)အခြေခံ ပညာအထက်တန်းကျောင်း ဆေးထိုးစုရပ်၌ ထိုးနှံပေးလျက်ရှိသည်။

 

ထိုသို့ ကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံရန် လာရောက်သူများအား စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးရန် ကျန်းမာရေးကောင်းမွန်သူများကိုသာ‌ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာ ကျန်းမာရေးဌာနဝန်ထမ်းများနှင့် တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ကြသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာတင်မြထွေးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်မှဆေးအဖွဲ့များက ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ မသန်စွမ်းသူများ၊ အသက် ၅၅ နှစ်နှင့်အထက် အသက်ကြီး သူများကို စုစုပေါင်း လူဦးရေ(၂၀၀)ကို ပထမအကြိမ် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး မည် ဖြစ်ပြီး ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကို ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)