ဒက္ခိဏခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်

mdn

 နေပြည်တော် ၂၃   စက်တင်ဘာ 

 

ပြည်သူများ သဘာဝဘေးအသိပညာများ ပိုမိုကျယ်ပြန့်ထိရောက်စွာသိရှိစေရေး၊ သဘာဝဘေးအန္တရာယ်များ ကင်းဝေးပြီး ဘေးကင်းလုံခြုံသော လူနေမှုအသိုက်အဝန်းဖြစ်ပေါ်လာစေရေး၊ ဘေးအန္တရာယ်ထိခိုက်မှုလျှော့ချရေး လုပ်ငန်းများကိုပိုမိုနားလည်လာစေပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများကို ကိုယ်တိုင်ထိထိရောက်ရောက် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်အတွက် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဒက္ခိဏခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌   ကျင်းပသည်။

 

ရှေးဦးစွာ နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဇော်အောင် ကအဖွင့်အမှာစကားပြောကြားပြီး နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦစီးဌာန တိုင်းဦးစီးမှူး ဦးကျော်ကျော်ထွန်းက သင်တန်း ဖွင့်လှစ်ပေး ရခြင်းနှင့် သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ရပါက ဘေးအန္တရာယ်ထိခိုက်မှု လျှော့ချရေးကို ပိုမိုသိရှိနားလည်ပြီး ဘေးအန္တရာယ်ကြောင့်ဆုံးရှုံးနိုင်ခြေလျှော့ချရေးအတွက် ကြိုတင်သတိပေးစီမံဆောင်ရွက်နိုင်စေရန်နှင့် ဘေးအန္တရာယ် ဒဏ်ခံနိုင်စွမ်းကိုမြှင့်တင်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

 

အဆိုပါသင်တန်းတွင် နေပြည်တော်အတွင်းရှိ ပရဟိတအဖွဲ့များမှ ဘေးအန္တရာယ်လျော့ပါးရေး ဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ စိတ်ပါဝင်စားသူ သင်တန်းသား/သင်တန်းသူ(၂၅)ဦးတို့အား သဘာဝဘေးအန္တရာယ် ဆိုင်ရာဝေါဟာရနှင့်သဘောတရားများ၊ ရာသီဥတုပြောင်းလဲခြင်းနှင့်ယင်း၏အကျိုးသက်ရောက်မှုများ၊ အရေးပေါ် ဆက်သွယ်ရေးနှင့်ပူးပေါင်း ဆောင်ရွက်ခြင်း မြန်မာနိုင်ငံတွင်ဖြစ်ပွားနိုင်သည့် ဘေးအန္တရာယ်များအကြောင်း စသည် တို့ကို စက်တင်ဘာ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ ငါးရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

 

ထွန်းထွန်းဝင်း