ဒို့ဖန်တီးမှ မြန်မာနိုင်ငံရွေးကောက်ပွဲနှင့် MSME များအား အဓိကထားသည့်နောက်ဆက်တွဲ စိန်ခေါ်မှုများ ကြေညာ

ရန်ကုန် ၁၉  ဩဂုတ်

 

ရန်ကုန်အခြေစိုက် နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဆုံရပ်တစ်ခုဖြစ်သော ဖန်တီးရာ၏ ဒို့ဖန်တီးပလက်ဖောင်း (Doh Phandee - Open Innovation Platform) မှ ဒုတိယအကြိမ် စိန်ခေါ်မှုများအားမိတ်ဆက်ပေးခဲ့ပြီး မကြာခင်ကျရောက်တော့မည့် နိုင်ငံတော်ရွေးကောက်ပွဲ၊ အသေးစား အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) နှင့် ပတ်သက်သည့် စိန်ခေါ်မှုများအား  ကြေညာခဲ့သည်။

 

ဒို့ဖန်တီး ပြုလုပ်သည့် အကြိမ်တိုင်းတွင် အရှိန်အဟုန်မြှင့် ဖြေရှင်းနည်းများအသုံးပြု၍ ဖြေရှင်းရမည့် မတူညီသော စိန်ခေါ်မှုများပါဝင်ပြီး ပြဿနာဖြေရှင်းသူများ ဖြစ်သည့် ဇီးကွက်တစ်ယောက်အဖြစ် ဒို့ဖန်တီးတွင် ပါဝင်နိုင်ရန် ၂၀၂၀ ဩဂုတ်လ ၇ ရက်မှစ၍ စာရင်းပေးသွင်း နိုင်ပြီး စာရင်းဝင်ထားသော ဇီးကွက်များသည် ၄င်းတို့ဖြေရှင်းလိုသည့် စိန်ခေါ်မှုအား ရွေးချယ်နိုင်မည်ဖြစ်သည်။ သြဂုတ်လ ၂၄ ရက်တွင်စတင်မည့် ယင်းစိန်ခေါ်မှုများသည် ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အခက်အခဲအချို့နှင့် MSME များ လုပ်ငန်းမှတ်ပုံတင်ရာတွင် ရင်ဆိုင်ရလေ့ရှိသော စိန်ခေါ်မှုများအတွက် နည်းပညာဆိုင်ရာ ဖြေရှင်းချက်များဖြင့် ဆောင်ရွက်ရမည် ဖြစ်သည်ဟု သိရသည်။

 

“လက်ရှိ ၂၀၂၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံရဲ့ အဓိကအကြောင်းအရာ ၂ ခုဖြစ်တဲ့ COVID-19 နဲ့ ရွေးကောက်ပွဲကို ဇီးကွက်တို့ ဖြေရှင်းလုပ်ကိုင်နိုင်ဖို့ ဖန်တီးရာမှ စီစဉ်ပေးလိုက်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ ပါတနာတွေကနေ ရွေးချယ်ပေးလိုက်တဲ့ စိန်ခေါ်မှုတွေဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို ဖြေရှင်းဖို့ဖြစ်ပါတယ်။ နိုင်ငံတိုးတက်မှုအတွက် နည်းပညာဟာ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပြီး အခက်အခဲကိစ္စရပ်တွေကို ဆန်းသစ်တဲ့နည်းလမ်းတွေနဲ့ စပြီးဖြေရှင်းနိုင်တယ်လို့ ဖန်တီးရာက ယုံကြည်ပါတယ်။ ဇီးကွက်တွေ ဖန်တီးမယ့် ဖြေရှင်းချက်တွေကို မြင်ရဖို့ ကျွန်တော်တို့ အများကြီး မျှော်လင့်ထားပါတယ်။ ဒို့ဖန်တီးပလက်ဖောင်းဟာလည်း သူတို့ စွမ်းရည်တွေ ဖော်ထုတ်ဖို့ နေရာတစ်နေရာ ဖြစ်လာမယ်လို့လည်း မျှော်လင့်ပါတယ်” ဟု ဖန်တီးရာ၏ Chief Commercial Officer ဖြစ်သူ Patrick Romanet က ပြောကြားခဲ့သည်။

 

ယခုနှစ်ရွေးကောက်ပွဲ ပိုမိုနီးကပ်လာသည်နှင့်အမျှ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များကို ဒီဂျစ်တယ်အသွင်ဖြင့် အများပြည်သူအတွက် ထောက်ပံ့ပေးရာတွင် မြန်မာနိုင်ငံသည် အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။ ယခုပလက်ဖောင်းမှ နောက်ထပ် ဖြေရှင်းရန်ကြိုးစားနေသည့် စိန်ခေါ်မှုတစ်ခုမှာ ရွေးကောက်ပွဲတ‌စ်လျှောက် အမျိုးသမီးများနှင့် မဲပေးရန်အခက်အခဲရှိသူများ ပါ၀င်မှုနှုန်း တိုးစေရန် လုပ်ဆောင်ခြင်းဖြစ်သည်။

 

“ရွေးကောက်ပွဲမှာ လွတ်လပ်စွာ ပါဝင်နိုင်ခွင့်နဲ့ ပတ်သက်တဲ့ အချက်တွေပေးဖို့ဆိုတာ အရမ်းအရေးကြီးပါတယ်။ Covid-19 ရောဂါကူးစက်မှုတွေကနေ social distancing တွေ၊ လူစုလူဝေးတွေ ရှောင်ရှားရတာတွေကြောင့် အဲ့လိုသတင်းအချက်အလက်တွေ ရရှိနိုင်ဖို့ ပိုပြီး ခက်ခဲနေပါတယ်။ ဒီလိုအကြောင်းအရာတွေကို ဒီဂျစ်တယ်စနစ်နဲ့ အလွယ်တကူရရှိနိုင်စေဖို့ ပြုလုပ်ပေးခြင်းအားဖြင့် မြန်မာနိုင်ငံသားတွေအနေနဲ့ သူတို့ရဲ့မဲပေးပိုင်ခွင့်ကို ပိုပြီးနားလည်အသုံးချဖို့ စိတ်အားထက်သန်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါကရွေးကောက်ပွဲအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တာမို့ ဒီစိန်ခေါ်မှုကို ဖြေရှင်းနိုင်မယ့် ဇီးကွက်တွေကို ဒို့ဖန်တီးကနေ ဖော်ထုတ်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။” ဟု SPIDER ၏ Transparency and Accountability programme ပရိုဂရမ်မန်နေဂျာ ဖြစ်သူ Béatrice Leuwe Fotso က ပြောကြားခဲ့သည်။

 

“HBS အနေနဲ့ ဒို့ဖန်တီးပလက်ဖောင်းကို ထောက်ပံ့အားပေးခွင့်ရတဲ့အတွက် ၀မ်းသာပါတယ်။ ဒီစိန်ခေါ်မှု အစအဆုံးက အားလုံးစုပေါင်းအားထုတ်မှုကနေ ဖြစ်လာတာပါ။ ဇီးကွက်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး အခက်အခဲဆုံး စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့လည်း ကျွန်တော်တို့ စောင့်မျှော်နေပါတယ်။ ပါ၀င်သူတစ်ယောက်ချင်းစီရဲ့ ထူးခြားတဲ့ အကြံဥာဏ်တွေကို တွေ့မြင်ရဖို့လဲ့ စိတ်လှုပ်ရှားမိပါတယ်။ ဒီပလက်ဖောင်းကြောင့် တခြားလူတွေလည်း နည်းပညာကိုစူးစမ်းလေ့လာချင်ပြီး နိုင်ငံကို ပြုပြင်ပြောင်းလဲလာအောင် နည်းပညာကို အသုံးပြုလာနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။” ဟု Heinrich Böll Stiftung (HBS) ရန်ကုန်ရုံး ၏ အကြီးအကဲ ဖြစ်သူ Dr. Axel Harneit-Sievers မှ ပြောကြားခဲ့သည်။

 

အသေးစား အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) နှင့် ပတ်သက်သည့် စိန်ခေါ်မှုတစ်ခုကိုလည်း ဇီးကွက်များ (ပလက်ဖောင်း၏ နည်းပညာရှင်များ) အား ရွေးချယ်ခွင့်ပေးသွားမည် ဖြစ်သည်။ ဤစိန်ခေါ်မှုသည် လုပ်ငန်းရှင်များအနေဖြင့် သူတို့၏စီးပွားရေးလုပ်ငန်းများ တရားဝင်ဖြစ်စေရန် လုပ်ငန်းမှတ်ပုံတင်ရာတွင် ရိုးရှင်းလွယ်ကူသည့် လုပ်ငန်းစဉ်များဖြင့် ဆောင်ရွက်နိုင်ရန် ပြုလုပ်ပေးရမည့် စိန်ခေါ်မှုဖြစ်သည်။

 

“ကျွန်တော်တို့ရဲ့ ပါတနာဖြစ်တဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနဲ့အတူ MSME လုပ်ငန်းတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ပူးပေါင်းဖြေရှင်းဖို့ ဆုံးဖြတ်ထားပါတယ်။ လက်ရှိ ဌာနအသီးသီးမှာ သူတို့ရဲ့ ကိုယ်ပိုင်မူဝါဒတွေ၊ လိုအပ်ချက်တွေနဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိတာကြောင့် နောင်လာမယ့် လုပ်ငန်းတွေအတွက် လုပ်ငန်းမှတ်ပုံတင်တဲ့အပိုင်းဟာ အချိန်ယူရတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်နေပါတယ်။ ဒီလိုအခြေအနေတွေကြောင့် တချို့ MSME တွေဆိုရင် မှတ်ပုံတင်ဖို့ မလုပ်ကြတော့တာကို တွေ့ရပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဒို့ဖန်တီးနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် လုပ်ငန်းစဉ်တစ်ခုလုံးအတွက် လွယ်ကူပြီး ပိုမိုထိရောက်တဲ့ နည်းပညာပိုင်းဆိုင်ရာ ဖြေရှင်းချက်များကို ရှာဖွေနေတာ ဖြစ်ပါတယ်။” ဟု Naumann Foundation For Freedom ၏ Country Director ဖြစ်သူ Frederic Spohr က လည်း ပြောကြားခဲ့သည်။

 

ယခုနှစ် မေလတွင် ဤပလက်ဖောင်းအား စာရင်းပေးထားသော နည်းပညာရှင် ၄၀၀ ကျော်ဖြင့် စတင်ခဲ့ပြီး နည်းပညာ၏ စွမ်းအားကိုအသုံးပြု၍ မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းမည့် ဆန်းသစ်တီထွင်သူများကို ဖော်ထုတ်ရန်နှင့် ပံ့ပိုးရန် ပြုလုပ်ထားခြင်းဖြစ်သည်။ COVID-19 နှင့် ပတ်သတ်သည့် စိန်ခေါ်မှု (၃) ခုကို ဖြေရှင်းရန် အဖွဲ့ပေါင်း (၁၆) ဖွဲ့မှ ပါဝင်ခဲ့ပြီး အကောင်းဆုံး (၃) ဖွဲ့ကို ရွေးချယ်ကာ ၄င်းတို့၏ ဖြေရှင်းချက်များအား ဆက်လက်အကောင်အထည်ဖော်ခဲ့သည်။ ဒို့ဖန်တီးပလက်ဖောင်းသည် အဖွဲ့အစည်းများ၊ ကော်ပိုရိတ်ပါတနာများနှင့် ဒေသတွင်းနည်းပညာရှင်များ အကြား အရေးကြီးသော တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ပြဿနာများကို စုပေါင်းဖြေရှင်းရန်နှင့် ဆန်းသစ်သော နည်းပညာဖြေရှင်းချက်များမှတစ်ဆင့် ကောင်းမွန်သော အကျိုးသက်ရောက်မှုများ ပေါ်ပေါက်လာစေရန် စွမ်းဆောင်ပေးသည်။ အနိုင်ရရှိသော ဖြေရှင်းချက်များကို ငွေသားဖြင့် ထောက်ပံ့ပေးသွား မည်ဖြစ်ပြီး အသိဉာဏ်ပစ္စည်း (Intellectual Property) နှင့် ပရောဂျက်အား စိန်ခေါ်မှုကိုထောက်ပံ့ပေးသူမှ ပိုင်ဆိုင်ခွင့်ရရှိပြီးနောက် ဆက်လက် အကောင်အထည် ဖော်သွားမည်ဖြစ်သည်။

 

Friedrich Naumann Foundation for Freedom (FNF)၊ SPIDER နှင့် Heinrich Böll Stiftung (HBS) တို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမှ လက်ရှိ ဒို့ဖန်တီးစိန်ခေါ်မှုများ ဖြစ်မြောက်လာနိုင်ခြင်းဖြစ်သည်။

 

MDN