ဒီပေး၏ ချေပဂိုးကြောင့် သရေတစ်မှတ်သာ ရယူနိုင်ခဲ့သည့် ဘာစီလိုနာ

 

ဩဂုတ် ၂၃

စပိန်လာလီဂါပွဲစဉ် (၂) အဖြစ် ဘီလ်ဘာအိုနှင့် ဘာစီလိုနာအသင်းတို့ပွဲစဉ်ကို ဩဂုတ် ၂၂ ရက် နံနက်ပိုင်းက ဘီလ်ဘာအိုအိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည်။ သွင်းဂိုးများကို ဘီလ်ဘာအိုအသင်းအတွက် မာတီနက်ဇ်က သွင်းယူပေးပြီး ဘာစီလိုနာအသင်းအတွက် ဒီပေးက သွင်းယူပေးခဲ့သည်။

ဘာစီလိုနာအသင်းသည် ရလဒ်ကောင်း ရရှိရေးအတွက်ပြီးခဲ့သည့်ပွဲစဉ်မှ ကစားသမားစာရင်းကို အပြောင်းအလဲပြုလုပ်လာခြင်းမရှိဘဲ ဘရိတ်ဝိတ်၊ ဒီပေး၊ ဂရစ်ဇ်မန်းတို့ဖြင့် ပွဲထွက်လာခဲ့သည်။ ဘီလ်ဘာအိုအသင်းက ပြီးခဲ့သည့် ပွဲစဉ်မှ ကစားသမားစာရင်းကို တစ်ဦးအပြောင်းအလဲပြုလုပ်ပြီး ဆန်းစက်၊ ဝီလီယံတို့ဖြင့် ပွဲထွက်လာခဲ့သည်။

ဘာစီလိုနာအသင်းသည် ယနေ့ပွဲစဉ်တွင် ဘီလ်ဘာအိုအသင်းကို ဖိအားပေးကစားနိုင်ခဲ့ သော်လည်း အသင်းလိုက်စွမ်းဆောင်ရည်ပိုင်း လိုအပ်ချက်ရှိမှု၊ အဆုံးသတ်ပိုင်း မသေချာမှုတို့ကြောင့် နိုင်ပွဲနှင့် ဝေးကွာခဲ့ရခြင်းဖြစ်သည်။ အထူးသဖြင့် ဘာစီလိုနာအသင်း၏ တိုက်စစ်ပိုင်းလိုအပ်ချက် များစွာရှိနေသည်ကို ယနေ့ပွဲစဉ်တွင် တွေ့မြင်နိုင်သည်။ ဘီလ်ဘာအိုအသင်းအနေဖြင့် ဘာစီလိုနာအသင်း၏ ဖိအားပေးမှုကိုခံခဲ့ရသည်ဆိုသော်ငြား တိုက်စစ်ပိုင်း ထက်မြက်မှုရှိခဲ့ပြီး ဘာစီလိုနာအသင်းထက် ဂိုးကန်သွင်းမှု၊ ဂိုးပေါက်တည့်မတ်မှုသိသိသာသာ အသာရခဲ့သည်။ ဘီလ်ဘာအိုအသင်း သည် ဂိုးကန်သွင်းမှုအသာရခဲ့သလို ဂိုးရရှိနိုင်လောက်သည့် အခွင့်အရေး များကိုလည်း ဖန်တီးနိုင်ခဲ့သည်။ သို့သော်လည်း ပီကေး၊ အယ်ဘာ၊ ဂါစီယာတို့ ဦးဆောင်လာသည့် ခံစစ်ပိုင်းကကောင်းမွန်စွာရှင်းထုတ်နိုင်မှု၊ ဂိုးသမား နီတိုလက်စွမ်းပြ ကာကွယ်ထားနိုင်မှုတို့ကြောင့် ဘီလ်ဘာအို အသင်း အနိုင်မရရှိခဲ့ခြင်း ဖြစ်သည်။

ဦးဆောင်ဂိုးကို ဘီလ်ဘာအိုအသင်းက စတင်ရရှိခဲ့ပြီး ပွဲချိန် မိနစ် ၅၀ တွင် မာတီနက်ဇ်က သွင်းယူပေးခဲ့သည်။ ဘာစီလိုနာအသင်းသည် ဦးဆောင်ဂိုးခွင့်ပြုပေးလိုက်ရပြီး ၂၅ မိနစ်အကြာမှသာလျှင် ချေပဂိုး သွင်းယူပေးနိုင်ခဲ့သည်။ အဆိုပါ ဂိုးကို ရော်ဘတ်တို၏ ဖန်တီးပေးမှုမှ တစ်ဆင့် တိုက်စစ်ကစားသမား ဒီပေးက သွင်းယူပေးခဲ့သည်။ ပွဲချိန်ပြီး ခါနီးတွင် ဘာစီလိုနာအသင်းမှ ခံစစ်ကစားသမား ဂါစီယာ ဘီလ်ဘာအို အသင်းမှ ဝီလီယံကို ကစားပုံကြမ်းတမ်းခဲ့သောကြောင့် တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခဲ့သည်။ ဘာစီလိုနာအသင်းသည် ယနေ့ပွဲစဉ်တွင် သရေကျခဲ့သောကြောင့် လာလီဂါနှစ်ပွဲကစားပြီး တစ်ပွဲနိုင်၊ တစ်ပွဲသရေဖြင့် လေးမှတ်ရရှိထားသည်။ ဘီလ်ဘာအိုအသင်းက လာလီဂါနှစ်ပွဲကစားပြီး နှစ်ပွဲစလုံး သရေကျထားသောကြောင့် နှစ်မှတ်သာ ရရှိထားသည်။

ဘီလ်ဘာအိုအသင်းသည် ဩဂုတ် ၂၈ ရက်တွင် လာလီဂါပွဲစဉ်(၃)အဖြစ် ဆဲလ်တာဗီဂိုအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဘာစီလိုနာအသင်းက ဂီတာဖေးအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အောင်ဇော်