ဒီမိုကရေစီနှင့် ရွေးကောက်ပွဲ

 

ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲများက အရေးပါသည်။ ရွေးကောက်ပွဲများကသာလူများစု၏ အဆုံး အဖြတ် ဖြင့် တရားဝင် ကိုယ်စားလှယ်များကို ရွေးချယ်နိုင်မည်။ ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်တွင် ရွေးကောက်ပွဲ နည်းလမ်းဖြင့် လူထုကိုယ်စားလှယ်များ ရွေးချယ်ခြင်းကို ကမ္ဘာပေါ်တွင်၁၇ရာစုခန့်က စတင်အသုံးပြုခဲ့ပြီး ယနေ့အချိန်ထိ ဤနည်းထက်ပို၍ ကောင်းမွန်သေချာသည့် အခြားနည်းလမ်း မတွေ့ရှိသေး။ သို့ဖြစ်ရာ ဒီမိုကရေစီ နိုင်ငံတို့တွင် နိုင်ငံ၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး စသည့် မဏ္ဍိုင်များကို ဦးဆောင် တာဝန်ယူ အကောင်အထည်ဖော်ရန် ပြည်သူ့ကိုယ်စားလှယ်များကို ရွေးကောက်ပွဲ နည်းလမ်းဖြင့်သာ ရွေးချယ် ကြရ၏။

အများပြည်သူများ ထိုသို့ရွေးချယ်ရန် နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၊ တစ်သီးပုဂ္ဂလများ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ကြ၏။ အရွယ်ရောက်ပြီး ကိုယ်တိုင်ဆုံးဖြတ်နိုင်သူ နိုင်ငံသားတို့က ထိုသူတို့ထဲမှမိမိတို့ သဘော ဆန္ဒအလျောက်ရွေးချယ်ကာ တာဝန် ပေး၏။ ဒီမိုကရေစီစနစ်မဟုတ်သော နိုင်ငံများတွင်မူ တစ်ဦး၊ တစ်ဖွဲ့၊ တစ်ပါတီကသာ အာဏာလုပ်ပိုင်ခွင့်တို့ကို ပိုင်ဆိုင်ရယူ ထားလေ့ရှိ၏။ အခြားအပြိုင်အဆိုင်ဟူ၍မရှိ။ ရွေးချယ် စရာ အခွင့်အလမ်းဟူ၍မရှိ။ နိုင်ငံသားတို့မှာ အနီ တစ်ပါတီတွင်းမှသာ ရွေးချယ်ကြရ၏။

မြန်မာနိုင်ငံက ဒီမိုကရေစီစနစ်သို့ ကူးပြောင်းကာ ပြည်သူ့ သဘောထား ပြည်သူ့ဆန္ဒများကို အလေးပေး ရွေးချယ်သည်မှာ မကြာလှသေးဟု ဆိုရပါမည်။ ဒီမိုကရေစီစနစ်အပြောင်းအလဲကာလသည်ပင် ဆုံးခန်းတိုင်မရောက်သေး။ ယနေ့ကာလသည် ဒီမိုကရေစီစနစ် အုတ်မြစ်ခိုင်မာအောင်၊ ဒီမိုကရေစီစနစ် ရင့်ကျက်အောင် ကြိုးစားတည်ဆောက်ဆဲကာလဟုဆိုလျှင် မမှားပေ။

ယခင်က တစ်ပါတီတည်းဖြင့် ရပ်တည်လာခဲ့သော မြန်မာ နိုင်ငံသည် ယခုအခါတွင် နိုင်ငံရေးပါတီများ ရာဂဏန်း ခန့်ရှိလာပြီ ဖြစ်ပြီး ပြည်သူတို့အဖို့ ရွေးချယ်ရန် အခွင့်အလမ်းများ များစွာ ရှိလာခဲ့ပြီဖြစ်သည်။ ။

မဲပေးခွင့်ရှိသူနိုင်ငံသားတစ်ဦးချင်းစီသည် နိုင်ငံရေးပါတီတို့၏ မူဝါဒလုပ်ငန်းစဉ်တို့ကို မူတည်၍ဖြစ်စေ၊ လူပုဂ္ဂိုလ် တို့၏ စွမ်းဆောင်ရည်၊ အရည်အချင်းတို့ကိုမူတည်၍ဖြစ်စေ စသည် စသည် မည်သည့် အကြောင်း ကြောင့်ဖြင့်မဆို မိမိလိုလားသူ မိမိတာဝန်ပေးလိုသူကို ရွေးချယ်မဲပေးခြင်းဖြင့် ဒီမိုကရေစီစနစ် ကို ပိုမိုရှင်သန် ရင့်ကျက်အောင် ထောက်ကူပေးကြရ၏။

မဲပုံးများအတွင်းသို့ ထည့်လိုက်သော မိမိတို့တစ်ဦးချင်းစီ၏ မဲပြားတစ်ပြားတိုင်းသည် ဒီမိုကရေစီ ခိုင်မာ ရင့်ကျက်ရေး အုတ်မြစ်တွင် ဝိုင်းဝန်းသွန်းလောင်းပေးလိုက်သည့် အင်အား များဖြစ်ပေသည်။ ပြည်သူတို့ ဆန္ဒအတိုင်း ရွေးချယ်ကာ တာဝန် ပေးအပ်လိုက်သော ကိုယ်စားလှယ်တိုင်းတွင်လည်း ပြည်သူလူထု က အပ်နှင်း လိုက်သော ဆိုင်ရာဆိုင်ရာ အာဏာနှင့် လုပ်ပိုင်ခွင့်တို့ ရှိသွားပြီ ဖြစ်ပေသည်။ ထိုတာဝန်က ပြည်သူ တို့က ပေးအပ်လိုက် သည့် တာဝန်ဖြစ်ပေရာ ကြီးမားလေးလံသည်ကို နားလည်ကြရန် လည်း လိုပါမည်။

အချုပ်အားဖြင့် ဆိုရပါမူ ဒီမိုကရေစီစနစ်သည် ပြည်သူလူထု ၏သဘောထားပေါ်တွင် အခြေပြု၏။ ပြည်သူ လူထုက လိုလားသူ တို့ကသာ အုပ်ချုပ်ခွင့်၊ ဥပဒေပြုခွင့်၊တရားရေးမဏ္ဍိုင်ကို ထိန်းချုပ် ခွင့်တို့ ရှိရမည်ဖြစ်၏။ မည်သည့်မဏ္ဍိုင်တွင်ဖြစ်စေ ပြည်သူ လူထုက မလိုလားသူတို့တက်ရောက်နေရာယူရန် မဖြစ်နိုင်ခြင်း သည်ပင် လျှင် ခိုင်မာရင့်ကျက်သောဒီမိုကရေစီစနစ်၏ အနှစ်သာရ ပင်ဖြစ်ပေသည်။

ဒီမိုကရေစီမရှိသည့် သို့တည်းမဟုတ် ဒီမိုကရေစီစနစ် မခိုင်မာသည့် စနစ်မျိုးအောက်တွင် မြန်မာပြည် သူတို့ကာလရှည် နေခဲ့ဖူး သည်။ ထို့ကြောင့်ပင် ဒီမိုကရေစီရရှိရေးကို အသက်စွန့်ကာ ကြိုးပမ်းခဲ့ကြပြီး ယနေ့ သည်လိုအနေအထားသို့ရောက်လာကြပြီဖြစ်ပေသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ် ခိုင်မာရင့်ကျက်ဖို့အတွက် လာမည့်ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူတိုင်း မဲရုံများ ဆီသို့ သွားကြရန်နှင့် မိမိတို့နှစ်သက်လိုလားသည့် ကိုယ်စားလှယ်များ ကို မဲပေးကြရန်လိုသည်ဟု ယုံကြည် ကြောင်း တင်ပြလိုက်ရ ပါသည်။ ။

မြန်မာ့အလင်း