ဒီးမော့ဆိုမြို့နယ်တွင် နွေစပါးများ စိုက်ပျိုးလျက်ရှိပြီး စံပြကွက်၊ စမ်းသပ်ကွက်များ ဆောင်ရွက်မည့် အကျိုးဆောင်တောင်သူများအား ပံ့ပိုးပစ္စည်းများ ပေးအပ်လျက်ရှိ

ဒီးမော့ဆို    ၃၀   မတ်    

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ယခုနှစ် နွေစပါးစိုက်ပျိုးချိန် ငွေတောင်ဆည် အပါအဝင် ဆည်ကန်ရှစ်ခုနှင့် လျှပ်စစ်ရေတင်စနစ် တစ်ခုတို့မှ ပေးဝေသောရေဖြင့် နွေစပါးများကို မတ်လ ဒုတိယပတ်စ၍ စတင်စိုက်ပျိုးလျက်ရှိကြောင်း သိသည်။

နွေစပါးစိုက်ပျိုးရာတွင် "ပျိုးသက်ပေါ်မူတည်၍ တောင်သူအချို့က မတ်လ ဒုတိယပတ်မှစပြီး စတင်စိုက်ပျိုးတယ်၊ ဒီကွင်းမှာတော့ မတ်လ ဒုတိယပတ်အကုန် တတိယပတ်လောက်မှာ စစိုက် တယ်၊ ယခုအချိန်ထိ နွေစပါးစိုက်ပျိုးနိုင်တဲ့ လယ်မြေအားလုံးနီးပါး စိုက်ပျိုးပြီးပြီ" ဟု ကွင်းအမှတ်(၁၉)တွင် စိုက်ပျိုးနေသော တောင်သူတစ်ဦးက ပြောကြားသည်။

ယခုနှစ် နွေစပါးရာသီ၌ နွေစပါး ၃၁၀၄ ဧက စိုက်ပျိုးနိုင်ရန် လျာထားလျက်ရှိပြီး နွေစပါး စိုက်ပျိုးချိန်တွင် စံပြကွက်၊ စမ်းသပ်ကွက်များ ဆောင်ရွက်မည့် အကျိုးဆောင်တောင်သူများအား ပြည်နယ်ရန်ပုံငွေဖြင့် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး စသော ပံ့ပိုးပစ္စည်းများကို ပံ့ပိုးပေးအပ် လျက်ရှိပြီး အခြားတောင်သူများအား ပညာပေးနိုင်ရန်၊ လေ့လာနိုင်ရန်၊ စံနမူနာဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ်တွင် အကျိုးဆောင်တောင်သူများအဖြစ် ဆောင်ရွက်မည့် ကျေးရွာအုပ်စု ၉ အုပ်စုမှ အကျိုးဆောင်တောင်သူ ၁၇၃ ဦး လယ်မြေ ၃၂၀ ဒသမ ၇၈ ဧကအတွက် ကွန်ပေါင်းအိတ် ၃၂၀ ၊ ယူရီးယားအိတ် ၃၂၀ ၊ ပိုတက်အိတ် ၁၆၀၊ ပိုးသတ်ဆေး(၂၅၀)ဂရမ်ပါ အထုပ် ၃၂၀၊ မြေအောင်း ပိုးသတ်ဆေး တစ်ကီလိုဂရမ်ပါ အထုပ်  ၁၆၀ဝ နှင့် မှိုသတ်ဆေး ၁၀ဝ ဂရမ်ပါ အိတ် ၃၂၀ ကို ပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။

ရီရယ်(ဒီးမော့ဆို)