ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာ ဒုတိယအကြိမ်မြောက် အဲ့ဒိုပေါ်မီ (ခေါ်) ဒီးကူပွဲတော် ကျင်းပ

ဒီးမော့ဆို ၂၃    စက်တင်ဘာ    

 

ကယားပြည်နယ်ရှိ ကယားလူမျိုးများတွင် ပွဲတော်များရှိသည့်အနက် ထင်ရှားသည့်ပွဲတော် နှစ်ခုဖြစ်တဲ့ ကေ့ထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်နှင့် အဲဒိုပေါ်မီ (ခေါ်) ဒီးကူပွဲတော်တို့ဖြစ်ရာ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမ ကြီးကျေးရွာမှ ကယားလူမျိုးများက ရိုးရာဓလေ့ကို ချစ်မြတ်နိုး၍ အလေးထား ထိန်းသိမ်းတတ်စေရန် ရည်ရွယ်ပြီး အဲ့ဒိုပေါ်မီ (ခေါ်) ဒီးကူပွဲတော်ကို မော့ဘူးဒီးလေ့ဒေသ အတွင်းရှိ ကျေးရွာများမှာ နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ရာ ယခုအခါ   ဒေါတမကြီးကျေးရွာတွင် ဒုတိယအကြိမ်မြောက်ဖြစ်တာကြောင့် ဒုတိအကြိမ်မြောက် အဲ့ဒိုပေါ်မီ (ခေါ်) ဒီးကူပွဲတော်ကို စက်တင်ဘာ ၂၂ ရက် နံနက် (၁၀)နာရီအချိန်က ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာရှိ ဘောလုံးကွင်း၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပွဲတော်ဦးစီးကော်မတီ ဥက္ကဌ ဦးကိုးရယ် က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ဒီးမော့ဆိုမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစဲရယ် (သိန်းအောင်)က အားပေး အမှာစကား ပြောကြားရာမှာ လူရယ်လို့ဖြစ်လာရင် စည်းလုံးညီညွတ်မှုရှိရန်လိုအပ်ပြီး ပေါင်းစည်းဆက်ဆံရေး မှာလည်း အထူးလိုအပ်ပါကြောင်း ရိုးရာဓလေ့ဟာ လူမျိုးရဲ့ အသက်သွေးကြော ဖြစ်ကြောင်း၊ ဆက်လက်ပြီးလည်း စည်းလုံးညီညွတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

 

ဆက်လက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘော်ရယ်စိုးဝေ က အမှာစကားပြောကြားပြီး တာဝန်ရှိသူ အသီးသီးက ပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်များ၊ သမိုင်းနောက်ခံများ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပွဲတော်ဖြစ်မြောက်အောင် ပါဝင်ကူညီပေးကြသော ကျေးရွာများကို ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့သည်။

 

ရှေးယခင်က ငွေတောင်ပြည်သည် ယွန်းလူမျိုးတို့၏ လက်အောက် ကျရောက်ခဲ့သည်။ ထိုအချိန်တွင် ကယားတိုင်းရင်းသားတို့သည် ကောက်ညှင်းဆန်ကို ဒီးကူရွက်ဖြင့် ထုပ်ကာ စစ်သုံးရိက္ခာအဖြစ် အသုံးပြုပြီး ယွန်းလူမျိုးတို့ကို ချေးမှုန်းနိုင်ခဲ့သည်။ ကယားတိုင်းရင်းသားတို့သည် ဒီးကူထုပ်ကဲ့သို့ စည်းလုံးညီညွတ်ခြင်း၊ လွှတ်မြောက်ခြင်းနှင့် မကောင်းဆိုးဝါးများအား အောင်နိုင်ခြင်း စသည့် တန်ဖိုးကြီးလှသော ရိုးရာအစဉ်အလာကောင်း တစ်ရပ်အဖြစ် အဲ့ဒိုပေါ်မီ ပွဲကို ကယားတိုင်းရင်းသားများက နှစ်စဉ် တောင်ယာ၊လယ် စိုက်ပျိုးပြီးလို့ တော်သလင်းလနှင့် သီတင်းကျွတ်လတွင် ကျင်းပလေ့ရှိပါသည်။ 

 

ကိုစိုင်း (လွိုင်ကော်)