ဒီမာရီယာ  ပင်နယ်တီရရန် ဒိုင်ဗင်ပစ်ခဲ့တယ်လို့ လိုက်ပ်ဇစ်နည်းပြ နာဂျယ်မန်း စွပ်စွဲ

၂၅   နိုဝင်ဘာ

လိုက်ပ်ဇစ်အသင်းက ပီအက်စ်ဂျီအသင်းကို ပင်နယ်တီဂိုးတစ်ဂိုးနဲ့  ရှုံးနိမ့်ခဲ့ရတဲ့ပွဲမှာ ပေးခဲ့ရတဲ့ ပင်နယ်တီဟာ ဟာသတစ်ခုလိုဖြစ်ခဲ့ပြီး  ပင်နယ်တီ ရရှိဖို့ ဒီမာရီယာ  ပင်နယ်တီဧရိယာထဲ  ရည်ရွယ်ချက်ရှိရှိ   ဒိုင်ဗင်ပစ်ခဲ့တာလို့  လိုက်ပ်ဇစ်အသင်းနည်းပြ နာဂျယ်မန်းက စွပ်စွဲလိုက်ပါတယ်။

 

ဒိုင်က VAR ကိုကြည့်ပြီး ပင်နယ်တီပေးခဲ့တာဖြစ်ပေမယ့် နာဂျယ်မန်းကတော့  လိုက်ပ်ဇစ်ကစားသမား ဆက်ဘစ်ဆာက  ဒီမာရီယာကို ထိမိခဲ့ခြင်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။ နာဂျယ်မန်းက “ပဲရစ်ဟာ ဒီပွဲမှာ  အခွင့်အရေးမရခဲ့ပါဘူး။ သူတို့ရသွားတဲ့ ပင်နယ်တီဟာ ဟာသတစ်ပုဒ်လိုပါပဲ။ ချန်ပီယံလိဂ်လို အဆင့်ပွဲမှာ ဆုံးဖြတ်ချက်တွေဟာ  တကယ့်ကို ဝမ်းနည်းဖို့ ကောင်းပါတယ်” လို့ ဆိုခဲ့ပါတယ်။

 

နာဂျယ်မန်းရဲ့ လိုက်ပ်ဇစ်ဟာ နိုဝင်ဘာ ၅ ရက်က ကစားခဲ့တဲ့ပွဲမှာ  ပီအက်စ်ဂျီအသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် ဒီနေ့ပွဲမှာတော့ နေမာရဲ့ ပင်နယ်တီဂိုးကြောင့် တစ်ဂိုး-ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

 

ပီအက်စ်ဂျီအသင်းနည်းပြ  တူဟယ်ကတော့  အသင်းက အနိုင်ရဖို့ လိုအပ်ခဲ့ပြီး တကယ်လည်း အနိုင်ရအောင် ကစားနိုင်ခဲ့တယ်လို့သာ ဆိုခဲ့ကာ  ပင်နယ်တီ နဲ့ပတ်သက်ပြီး မှတ်ချက် တစ်စုံတစ်ရာ ပြောကြားခဲ့ခြင်းမရှိပါဘူး။

 

မန်ယူ၊ ပီအက်စ်ဂျီ၊ လိုက်ပ်ဇစ်နဲ့ ဘက်ဆာဆီဟီတို့ပါဝင်တဲ့ ချန်ပီယံလိဂ်အုပ်စု (H) လေးပွဲကစားပြီးချိန်မှာ    မန်ယူအသင်းက ရမှတ်ကိုးမှတ်နဲ့ အုပ်စုကို ဦးဆောင်နေပြီး  ပီအက်စ်ဂျီ၊ လိုက်ပ်ဇစ်တို့က ရမှတ်ခြောက်မှတ်စီ ရရှိထားကာ ဘက်ဆာဆီဟီအသင်းကတော့ ရမှတ် သုံးမှတ်ရရှိထားတာကြောင့်  အုပ်စုတက်ရေး အကြိတ်အနယ် ယှဉ်ပြိုင်သွားရမယ့် အနေအထားဖြစ်ပါတယ်။   ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီမှာ ပီအက်စ်ဂျီက ဗိုလ်လုပွဲအဆင့်ထိ တက်လှမ်းနိုင်ခဲ့သလို လိုက်ပ်ဇစ်ကလည်း အကြိုဗိုလ်လုပွဲအထိ ရောက်ရှိခဲ့တဲ့ အသင်းဖြစ်ပါတယ်။ 

မေလဲ့သင်း