ဒီဇင်ဘာ ဒုတိယပတ် လူထုလမ်းလျှောက်ပွဲများ အမြို့မြို့အနယ်နယ်၌ ကျင်းပ

ကျီခါး     

 

ချင်းပြည်နယ် ကျီခါးမြို့၌ ဒီဇင်ဘာဒုတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို "တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန်နှင့် ခန္ဓာကိုယ်သန်စွမ်းစေရန်" ရည်ရွယ်၍ ယနေ့နံနက် ၆ နာရီခွဲအချိန်က မြို့မဘောလုံးကွင်း၌ ကျင်းပရာ ကျီခါးမြို့ အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင်ဦးဆောင်သည့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများ စုစုပေါင်း အင်အား (၁၅၀)ခန့် ပူးပေါင်းပါဝင်ဆင်နွှဲခဲ့ကြသည်။

 

ရှေးဦးစွာ လူထုလမ်းလျှောက်ပွဲ၌ ပါဝင်သူများသည် ကျီခါးမြို့ မိုးလုံလေလုံအားကစားရုံရှေ့မှ စတင်ထွက်ခွာ၍ ဗိုလ်ချုပ်လမ်းမမှတစ်ဆင့် မြန်မာ-အိန္ဒိယနယ်စပ်သွားရာ ခင်မန်းကျေးရွာလမ်းအတိုင်း စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး အဆိုပါလမ်းပိုင်းတစ်နေရာ၌ ကိုယ်ကာယလေ့ကျင့်ခန်းများ စုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဆလိုင်းလိန်းမာန်(ပြန်/ဆက်)

 

ကျိုင်းတုံ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် ကျောင်းအခြေပြု မီနီမာရသွန်အ​ပြေးပြိုင်ပွဲကို ဒီဇင်ဘာ ၁၄ ရက်နံနက် ၆ နာရီက ကျင်းပသည်။

 

အဆိုပါ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ အာခါတိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဦးအာဗေလ၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားယဉ်ကျေးမှုအသင်းအဖွဲ့များ၊ ကျောင်းဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၂၅၀ဝ) ကျော်ခန့် တက်ရောက်ကာ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွဲကြကြောင်း သိရသည်။

 

ဆက်လက်၍ ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင်ကျောင်းအခြေပြု မီနီမာရသွန် အပြေးပြိုင်ပွဲကို ကျင်းပရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံမှ ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူ (၅၀ဝ) ကျော်ခန့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်ပြီး ပြိုင်ပွဲကို လွှတ်လပ်ရေး ကျောက်တိုင်မှ စတင်တာလွတ်ကာ(၃)မိုင်ခွဲခန့် အကွာအဝေးရှိ ပြည်နယ်ဘောလုံးအားကစားကွင်းသို့ ပန်းဝင်ခဲ့ကြသည်။

 

ထို့နောက်ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများကို လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)

 

ဟိုပုံး

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလူထုလမ်းလျှောက်ပွဲ (တတိယပတ်)ကို ဒီဇင်ဘာလ (၁၄)ရက်နေ့နံနက် ၅ နာရီခွဲ က ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါလမ်းလျှောက်ပွဲကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ မြို့ပေါ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်း အင်အား(၁၀၅၀)ဦးခန့် ပါဝင်ဆင်နွှဲကြပြီး စုရပ်ဖြစ်သည့် မြို့နယ်ရဲတပ်ဖွဲ့ရုံးမှ စတင်ကာမြို့ပတ်လမ်းအတိုင်း တပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။

 

ဆက်လက်၍ မြို့နယ်အားကစားကွင်၌ ကာယလေ့ကျင့်ခန်းနှင့် Myanmar FitnessDance အကကို ပျော်ရွှင်စွာစုပေါင်းပြုလုပ်ကြပြီး ပါဝင်လမ်းလျှောက်သူများအား မြို့နယ်လမ်းဦးစီးဌာနမှ​ကောက်ညှင်းပေါင်းနှင့် အကြော်များကျွေးမွေးခဲ့ကြောင်း သိရသည်။

နေမင်းထွန်း(ပြန်/ဆက်)

 

ဆင်ဖြူကျွန်း

 

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့တွင် ဒီဇင်ဘာလလူထုအားကစားလှုပ်ရှားမှု အဖြစ် ဒုတိယအကြိမ်စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီအချိန်က ကျင်းပသည်။

 

အဆိုပါ စုပေါင်းလူထု လမ်းလျှောက်ပွဲတွင် ဆင်ဖြူကျွန်းမြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် မြို့ခံပြည်သူလူထုများ စုစုပေါင်းအင်အား ၁၀ဝ၀ ကျော်စုပေါင်းပြီး အမှတ်(၁)ရပ်ကွက် ပြည်စိုးကုန်း အ.ထ.က ကျောင်းမှစတင်ထွက်ခွာ၍ လမ်းမတော်လမ်းမကြီးအတိုင်း မြို့မအားကစားကွင်းအထိ စုပေါင်းလမ်းလျှောက်ခဲ့ကြကာ စလင်းမြို့နယ် အားကစားနှင့် ကာယပညာဉီးစီးဌာနမှူး ဒေါ်တင်သူဇာအောင်မှ ဉီးဆောင်၍ ကိုယ်ကာယလေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုးမိုးသူ(စလင်း)

 

ကသာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ဒီဇင်ဘာအားကစားလလူထု စုပေါင်းလမ်းလျှောက်ပွဲ ဒုတိယပတ်ကို ယနေ့ နံနက် ၅ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါလမ်းလျှောက်ပွဲကို မီတာ ၄၀ဝ အားကစားကွင်း ရှေ့မှစတင်ထွက်ခွာပြီး လမ်းမတော်လမ်းမကြီး အတိုင်း စုပေါင်းလမ်းလျှောက်ကြပြီး လေးထပ်ဘုန်းတော်ကြီး ကျောင်းနေရာမှ ကွေ့ကာ ကမ်းနားလမ်းအတိုင်း လျှောက်ပြီး မီတာ ၄၀ဝ အားကစားကွင်းသို့ မြို့တစ်ပတ်လျှောက်ခဲ့ပြီး မီတာ ၄၀ဝ အားကစားကွင်းကြီးအတွင်း၌ စုပေါင်းလှုပ်ရှား လေ့ကျင့်ခန်းများပြုလုပ်ခဲ့ရာ အင်အား (၁၈၀ဝ) ကျော် ပါဝင်၍ စုပေါင်းလမ်းလျှောက်ခဲ့ကြောင်း သိရသည်။

 

အလားတူ အင်းတော်မြို့၌လည်း ဒီဇင်ဘာအားကစားလ၏ ဒုတိယပတ် လူထုစုပေါင်း လမ်းလျှောက်ကြပြီး အင်အား​(၃၅၀)ကျော် ပါဝင်စုပေါင်းလမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။

လူအောင်(ကသာ)

 

ထီးလင်း

 

ဂန့်ဂေါခရိုင် ထီးလင်းမြို့၌ ဒီဇင်ဘာ အားကစားလ ဒုတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၆ နာရီက ပြုလုပ်ကျင်းပသည်။

 

အဆိုပါ လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဉီးရဲမင်းထွန်း၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်များမှပြည်သူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ စုစုပေါင်း အင်အား(၇၅၂)ဉီး ပါဝင်ဆင်နွှဲခဲ့ကြပြီး ထီးလင်းမြို့ ရာဇမုနိစေတီတော်အနီး စုရပ်မှစ၍မြို့တစ်ပတ် စုပေါင်းလမ်းလျှောက်ကြကာ မြို့မ အားကစားကွင်း၌ စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေး လေ့ကျင့်ခန်း အတွဲ(၁၊၂)နှင့် Myanmar Fitness Danceအကများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အောင်စည်(ပြန်/ဆက်)

 

မင်းတပ်

 

ချင်းပြည်နယ် မင်းတပ်ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူးကျင်းပသောဒီဇင်ဘာလ (ဒုတိယပတ်) လူထုလှုပ်ရှားအားကစားစုပေါင်း လမ်းလျှောက်ပွဲကို မင်းတပ်မြို့ပေါ်ရှိခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်နေမိဘပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ စုပေါင်း၍ ယနေ့ နံနက် ၅ နာရီခွဲတွင် မင်းတပ်မြို့ မြို့မဘောလုံးကွင်းမှအနောက်ရပ်ကွက် မင်းတပ်-မတူပီလမ်းအတိုင်း ကန်ပက်လက် လမ်းခွဲအထိ စုပေါင်းလမ်းလျှောက်ကြသည်။

 

အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲတွင် ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်နေမိဘ ပြည်သူများနှင့် ကျောင်းသား/သူများစုစုပေါင်း ၂၅၀ဝ ခန့်ပါဝင်ခဲ့ကြပြီး မင်းတပ်မြို့ မြို့မဘောလုံးကွင်း၌ Physical Fitness Dances အကဖြင့် ကိုယ်ကာယလေ့ကျင့်ခန်းများ စုပေါင်း ပြုလုပ်ခဲ့ကြသည်။

 

ယင်းနောက် ဒီဇင်ဘာလ(ဒုတိယပတ်) လူထုလှုပ်ရှား အားကစားစုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်ကြသူများကို ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနကကောက်ညှင်းပေါင်းနှင့် ရေသန့်ဘူးများ ပေးဝေကြောင်း၊ ဒီဇင်ဘာလ(တတိယပတ်) လူထုလှုပ်ရှားအားကစား စုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၂၁ ရက်နေ့တွင်ပြန်လည်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခွီရှိန်း(ခရိုင်ပြန်/ဆက်)

 

ဝန်းသို  

 

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရန်နှင့် အားကစားကို ပြည်သူအားလုံးပူးပေါင်းဆောင်ရွက်လာစေရန် အတွက် ဒီဇင်ဘာအားကစားလ(ဒုတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး (Exercise Medicine)လှုပ်ရှားမှုကို ယနေ့ နံနက် ၅ နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကျင်းပပြုလုပ်သည်။

 

 

အဆိုပါလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်ဝင်း၊ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြသိန်းထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ ပြည်သူများ အင်အား ၅၅၀ ဦးခန့်တို့က  မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ စုရပ်မှတာထွက်ကာ အမှတ်(၁၁၁) ခြေမြန်တပ်ရင်းထိ တပျော်တပါး လမ်းလျှောက်ခဲ့ကြပြီး မြို့မ အားကစားကွင်း၌ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး အစီအစဉ် (Fitness Dance) အကဖြင့် ကိုယ်ကာယ လေ့ကျင့်ခန်းများကို စုပေါင်း၍ပြုလုပ်ခဲ့ကြသည်။

 

အဆိုပါ လမ်းလျှောက်ပွဲသို့လာရောက်ကြသော တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများအား ကောက်ညှင်းပေါင်းနှင့် အကြော်ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)

 

ရန်ကုန်

 

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရန် လူထုအားကစားလှုပ်ရှားမှုအဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ဒီဇင်ဘာ လူထုအားကစား လှုပ်ရှားမှုဒုတိယပတ် စုပေါင်းလမ်းလျှောက်ပွဲအား ဒီဇင်ဘာ ၇ ရက်နေ့ နံနက် ၅ နာရီခွဲ အချိန်တွင်ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါလမ်းလျှောက်ပွဲကို တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးနှင့် အားကစားလှုပ်ရှားမှုများတွင် ပြည်သူတစ်ရပ်လုံး စိတ်ပါဝင်စားမှုများ ရှိလာစေရန်ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

 

ဒီဇင်ဘာလ ဒုတိယပတ် လူထုလမ်းလျှောက်ပွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ ပင်လုံလမ်းတွင်စုရပ်ပြု၍ ပြည်ထောင်စုလမ်းအတိုင်း မြို့ဦးစေတီအထိအသွားအပြန် လမ်းလျှောက် ဆင်နွှဲကြပြီး မသန်စွမ်း အားကစားကွင်းတွင် စုပေါင်းကိုယ်လက်လှုပ်ရှား အားကစားအစီအစဉ်များ ပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။

 

စုပေါင်းလမ်းလျှောက်ပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးများ စုစုပေါင်း အင်အား (၅၀ဝ)ခန့်ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

ခင်ယုမွန်(ပြန်/ဆက်)

 

ကျိုက်လတ်

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ပြည်သူများ ကျန်းမာကြံ့ခိုင်ရေးနှင့် လမ်းလျှောက်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ဒီဇင်ဘာ လူထုစုပေါင်း လမ်းလျှောက်ပွဲ ဒုတိယပတ်နှင့် အားကစားပြိုင်ပွဲများကိုယနေ့နံနက်(၅)နာရီက ကျင်းပခဲ့သည်။

 

လမ်းလျှောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ စုပေါင်းပါဝင်၍မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံးရှေ့စုရပ်မှ မြို့အဝင်ဆိုင်းဘုတ်အထိစုပေါင်း လမ်းလျှောက်ကြပြီး အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းရှေ့၌ စုပေါင်းကိုယ်ကာယလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြသည်။

 

လမ်းလျှောက်ပွဲ ပါဝင်သူများအား ကောက်ညှင်းပေါင်းဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

ရီရီမြင့်(ပြန်/ဆက်)

 

မတူပီ

 

မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနက ကြီးမှူးကျင်းပသော ဒီဇင်ဘာလ(ဒုတိယပတ်) လူထုလှုပ်ရှားအားကစား စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက်၆ နာရီအချိန်က စုရပ်ရှစ်လမ်းဆုံမှ မတူပီ-ပလက်ဝလမ်းအတိုင်းဗိုလ်တိုက်ချွန်းအားကစားကွင်း အထိစုပေါင်းလမ်းလျှောက်ခဲ့ကြသည်။

 

အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်နေပြည်သူများနှင့်ကျောင်းသူကျောင်းသားများ (၂၁၀ဝ)ဦးခန့် ပါဝင်ခဲ့ ကြပြီး ဗိုလ်တိုက်ချွန်း အားကစားကွင်း၌ Physical Fitness Dance နှင့် ကိုလက်လှုပ်ရှား လေ့ကျင့်ခန်းများ စုပေါင်းလုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

 

ယင်းနောက် ဒီဇင်ဘာလ(ဒုတိယပတ်) လူထုလှုပ်ရှားအားကစား စုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်သူများအား မြို့နယ်ပညာရေးဦးစီးဌာန ကကောက်ညှင်းပေါင်းနှင့် ရေသန့်ဘူးများ ပေးဝေခဲ့သည်။ ဒီဇင်ဘာလ (၂၁) ရက်နေ့တွင်ကျင်းပမည့် (တတိယပတ်) လူထုလှုပ်ရှားအားကစား စုပေါင်းလမ်းလျှောက်ပွဲတွင် ကလေးငယ်များအတွက် အပျော်တမ်းပြိုင်ပွဲများ ကျင်းပပေးသွားမည် ဖြစ်ကြောင်း အားကစားနှင့်ကာယပညာ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရှီးမွန် ထံမှ သိရသည်။

ဆလိုင်းအောင်(ပြန်/ဆက်)

 

ဖားကန့်

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ ဒီဇင်ဘာ ဒုတိယပတ် လူထုလမ်းလျှောက်ပွဲကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင် ဦးဆောင်သည့် ဌာနဆိုင်ရာများနှင့် မြို့နေပြည်သူလူထုများက ယနေ့နံနက် (၅)နာရီတွင် မော်ဝမ်းရပ်ကွက်၊ လွတ်လပ်ရေးကျောက်တိုင်ကွင်းအတွင်း စတင်စုဝေး၍ အမှတ်(၁) လမ်းမကြီးအတိုင်း စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး အ.ထ..က(ဖားကန့်)အပေါ်လမ်းမှ ပတ်လျက်လာလမ်းအတိုင်း ပြန်လှည့်ကာ စုရပ်ကျောက်တိုင်ကွင်းအတွင်း ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းအားကစားများ ပြုလုပ်ခဲ့ကြသည်။

 

မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ လူထုလမ်းလျှောက်ပွဲတွင် ပါဝင်သူများအား လျှပ်စစ်ရေနွေး ဓာတ်ဘူးများ၊ ခြုံသဘက်များ၊ ဦးထုပ်များနှင့် အနွေးစီးဖိနပ်များ မဲဖောက်ပေးသည့်အပြင် ကောက်ညှင်းပေါင်းနှင့် အကြော်များလည်း စတုဒိသာ ဝေငှပေးခဲ့ကြောင်း သိရသည်။

တာလင်းမောင်(ပြန်/ဆက်)