ဒီးဒုတ်ဆင်စီးအပန်းစခန်းများမှ ဆင်စီးပြီး တောတောင်သဘာဝရှုခင်းများ လေ့လာနိုင်မည့်ခရီးစဉ်သစ်များ ဖော်ထုတ်ပြင်ဆင်လျက်ရှိ

မန္တလေး   ၁၅  ဇွန်

ကိုဗစ်-၁၉ ရောဂါ အခြေအနေတည်ငြိမ်၍ အပန်းဖြေစခန်းများ ပြန်လည်ဖွင့်လှစ်ခွင့်ပြုသည့်ကာလတွင် မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့နယ်ကြား ရဲရွာရေလှောင်တမံသွား ကားလမ်းဘေး၌ ဖွင့်လှစ်ထားသည့် ဝါးနက်နှင့် ဒီးဒုတ်ဆင်စီးအပန်းစခန်းများမှ မတူညီသော ဝန်ဆောင်မှုသစ်များဖြင့် ခရီးသွားများအား ဆွဲဆောင်နိုင်စေရန် ဆင်စီးပြီး တောတောင်သဘာဝရှုခင်းများအား လေ့လာအပန်းဖြေနိုင်သည့် ခရီးစဉ်သစ်များကို ဖော်ထုတ်ပြင်ဆင် လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်းမှ လက်ထောက်မန်နေဂျာ ဦးတင်ကျော်မိုးက ပြောသည်။

 

အဆိုပါ ဆင်စီးစခန်းများမှ ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် အပန်းဖြေစခန်းများ ယာယီပိတ်ထားသည့် ကာလအတွင်း၌ စခန်း၏ ပထဝီမြေပြင် အနေအထားပေါ်မူတည်၍ တောင်တက်ခရီးစဉ် ဖော်ဆောင်နိုင်ရန် ကွင်းဆင်းလေ့လာပြီး အန္တရာယ်ကင်းသော လမ်းကြောင်းများကို ရှာဖွေဖော်ထုတ်ကာ ဇူလိုင်လအတွင်း၌ အကောင်အထည်ဖော် ဆောင်ရွက်ရန် ရည်ရွယ်ထားပြီး အကယ်၍ ကိုဗစ်ကာလ၌ အဆင်ပြေမှုမရှိပါက နောင်နှစ်တွင် လုပ်ဆောင်သွားမည်ဖြစ်ကာ Paint Ball Shooting  နှင့် တောင်ပေါ် စက်ဘီးစီးနင်းနိုင်ခြင်း များကိုလည်း လုပ်ဆောင်ရန် ပြင်ဆင်လျက်ရှိပြီး ရေတံခွန်ဆင်စီးခရီးစဉ်များကိုလည်း နှစ်စဉ် ဖော်ဆောင်ပေးလေ့ ရှိကြောင်း သိရသည်။

 

“ကျွန်တော်တို့ ဝါးနက်နဲ့ ဒီးဒုတ်ဆင်စခန်းတွေမှာ လာမယ့်ဆင်စခန်းတွေ ပြန်ဖွင့်ချိန်ကြရင် ဧည့်သည်တွေအတွက် ဝန်ဆောင်မှုသစ်တွေ ပေးနိုင်ဖို့ တောင်တက်ခရီးစဉ်တွေအတွက် ဆင်စီးပြီး အပန်းဖြေရင်းလေ့လာနိုင်အောင် ပြင်ဆင်နေပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ရောဂါတည်ငြိမ်လို့ ဆင်စခန်းတွေ ဖွင့်ခွင့်ရရင် ဇူလိုင်လကစပြီး ဝန်ဆောင်မှုတွေ ပေးသွားမှာပါ။ ပြင်ဦးလွင်မြို့နယ်ထဲမှာ ကပ်လျက်တည်ရှိနေတဲ့ ဝါးနက်နဲ့ ဒီးဒုတ်ဆင်စီးအပန်း ဖြေစခန်းနှစ်ခုဟာ သိပ်မဝေးလှပေမယ့်ရရှိတဲ့ ဝန်ဆောင်မှုတွေနဲ့ အပန်းဖြေနိုင်တဲ့ သဘာဝတောတောင်ရှုခင်း အလှတွေက မတူညီပါဘူး။ ဆင်စီးတာက ဘယ်နေရာမဆို ရသတူပေမယ့် ခရီးစဉ်နဲ့ သဘာဝရှုခင်းအလှတွေကို ဖော်ထုတ်ပြီး ဧည့်သည်တွေကို ဆွဲဆောင်ကြတာပါ။ ခရီးစဉ်ပေါ်မူတည်ပြီး ဆင်စီးခ ကွာခြားသွားသလို ဆင်အစားကျွေးခြင်း၊ ဆင်စခန်းရဲ့ အခြားဝန်ဆောင်မှု အသုံးပြုနိုင်ခြင်းကနေ ဝင်ငွေအဓိက ရရှိကြတာပါ”ဟု ၎င်းက ပြောသည်။

 

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း၌ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဆင်စီးအပန်းဖြေစခန်းပေါင်း ၂၂ ခု ဖွင့်လှစ်ကာ ခရီးသွားများအား ဝန်ဆောင်မှုများပေးလျက်ရှိပြီး လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် တစ်နိုင်ငံလုံးရှိ ဆင်စခန်းအားလုံးမှ ခရီးသွားဧည့်သည်များအား မတူညီသော ဝန်ဆောင်မှုများပေးနိုင်ရန် ရည်ရွယ်၍ ခရီးစဉ်သစ်များ ရေးဆွဲပြင်ဆင်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)