ဓါတ်ခွဲခန်းမှာဖန်တီးတဲ့ သွေးကြောနဲ့ ကျောက်ကပ်ဝေဒနာရှင်တွေမှာ အစားထိုးကုသ

၂၀  ဇန်နဝါရီ

ဒီဘက်ခေတ်မှာ နည်းပညာတွေ တိုးတက်လာလိုက်တာနော်၊ ဓါတ်ခွဲခန်းမှာဖန်တီးတဲ့သွေးကြောတွေနဲ့တောင် လူနာတွေမှာအစားထိုးကုသလို့ရတယ်တဲ့။

ဓာတ်ခွဲခန်းမှာ ဖန်တီးလိုက်တဲ့ သွေးကြောတွေကို ကျောက်ကပ်ဆေးနေရတဲ့ ဝေဒနာရှင်တွေဆီ  “သက်ရှိတစ်ရှူး”တွေအဖြစ် အစားထိုးကုသပေးနိုင်ခဲ့တယ်လို့ သုတေသနတစ်ခုက ဖော်ပြခဲ့ပါတယ်။

ဒီသုတေသနကို မြောက်ကယ်ရိုလိုင်းနားမှာရှိတဲ့ နည်းပညာကုမ္ပဏီ Humacyte မှ သုတေသနပညာရှင်တွေက လေ့လာခဲ့ကြတာပါ။

ဒီကနဦးစမ်းသပ်မှုအဆင့်မှာ သုတေသီတွေက နှလုံးရောဂါကအစ ဒဏ်ဖြစ်ထိခိုက်မှုတွေအထိ အမျိုးမျိုးသော ရောဂါအခြေအနေတွေကြောင့် သွေးကြောထိခိုက်ပျက်စီးနေတဲ့လူနာတွေအတွက် ကုထုံးအသစ်တစ်ခု ကြိုးပမ်းခဲ့တာပါ။

Science Translational Medicine ဂျာနယ်မှာ မတ်လ ၂၇ ရက်က ဖော်ပြခဲ့တဲ့ ဒီလေ့လာမှုမှာ ကျောက်ကပ်ရောဂါဝေဒနာရှင်တွေကို ဓာတ်ခွဲခန်းထုတ် သွေးကြောတွေ အစားထိုးထည့်သွင်းပေးခဲ့ပြီး ကျောက်ကပ်ဆေးလို့ရစေခဲ့တာဖြစ်ပါတယ်။

ဓာတ်ခွဲခန်းမှာ သွေးကြောတွေဖန်တီးဖို့က အချိန်နှစ်လယူပြီး မွေးမြူရပါတယ်။

သွေးကြောကို အစားထိုးထည့်သွင်းလိုက်တာနဲ့ လူနာရဲ့ဆဲလ်တွေက တဖြည်းဖြည်းပွားလာပြီး ခန္ဓာကိုယ်ရဲ့ မူလသွေးကြောတွေနဲ့ ဆင်တူသွားစေမှာဖြစ်တယ်လို့ သုတေသီတွေကပြောပါတယ်။

သူတို့က ကနဦးလေ့လာမှုမှာပါဝင်ခဲ့တဲ့ လူနာ ၁၃ ဦးဆီက တစ်ရှူးတွေကို သရုပ်ခွဲလေ့လာခဲ့တဲ့အခါ လူနာရဲ့ဆဲလ်တွေနဲ့ သွေးကြောအသေးစားလေးတွေက အစားထိုးသွေးကြောတွေနဲ့ ပေါင်းစပ်သွားတာကို တွေ့ခဲ့ကြပါတယ်။

“လူနာရဲ့ဆဲလ်တွေက ဒီသွေးကြောတွေပေါ်မှာ ပွားလာနိုင်ပြီး သက်ရှိတစ်ရှူးဖြစ်လာနိုင်တယ်” လို့ သုတေသီတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဒီသွေးကြောတွေက ပြင်ပဆဲလ်တွေမပါဝင်တာကြောင့် လူနာရဲ့ကိုယ်ခံအားစနစ်က ငြင်းပယ်မှာမဟုတ်ပါဘူး။ ဒီလူနာ ၁၃ ဦးမှာလည်း တစ်ရှူးတွေအတွင်း ကိုယ်ခံအားတုံ့ပြန်မှုရှိတဲ့ လက္ခဏာမတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် ဒီထက်ပိုခိုင်မာတဲ့ သုတေသနလေ့လာမှုတွေ ဆက်လုပ်ဖို့လိုနေသေးတယ်လို့ ပညာရှင်တွေက ပြောခဲ့ပါတယ်။
ထိခိုက်မှုဒဏ်တစ်ခုခု ဒါမှမဟုတ် နှလုံးသွေးကြောရောဂါကြောင့် သွေးလွှတ်ကြောတွေကို ထိခိုက်ပျက်စီးစေတဲ့အခါလိုမျိုး အခြေအနေတွေအတော်များများမှာ သွေးကြောအစားထိုးကုသမှုတွေ လိုအပ်ပါတယ်။

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”