ဓနုဖြူမြို့တွင် အမှိုက်စွန့်ပစ်မှု ပညာပေးခြင်းနှင့် အမှိုက်ခွဲခြားစွန့်ပစ်မှု ကစားနည်းပြိုင်ပွဲများကျင်းပ

ဓနုဖြူ ၁၉ ဖေဖော်ဝါရီ  

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် စည်ပင်သာယာရေးကော်မတီမှ အမှိုက်စွန့်ပစ်မှုပညာပေးခြင်းနှင့် အမှိုက်ခွဲခြားစွန့်ပစ်မှု ကစားနည်းပြိုင်ပွဲများကို ဖေဖော်ဝါရီ ၁၉ ရက် မွန်းလွဲ ၁ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး အမှုဆောင်အရာရှိ ဦးတိုးမြင့်အောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့မှ အငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်ခိုင်မြတ်မွန်၊ ဒုတိယဦးစီးမှူး ဒေါ်တင်တင်ကျော်တို့က အမှိုက်စွန့်ပစ်မှုနှင့် ပတ်သက်၍ ပညာပေးဟောပြောခြင်းနှင့် ကစားနည်းများအား ရှင်းလင်းပြောကြား၍ ပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့သည်။

ထို့နောက် အမှိုက်စွန့်ပစ်ခွဲခြားမှု ကစားနည်းပြိုင်ပွဲများတွင် ဆုရရှိသည့် အသင်းများကို တာဝန်ရှိသူများက ဆုလက်ဆောင်များ အသီးသီးချီးမြှင့်ခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုငြိမ်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲသို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၅၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး