ဓမ္မာစရိယစာမေးပွဲ သတ္တမနေ့နှင့် ပါဠိပထမပြန်စာမေးပွဲ ပထမနေ့ ကျင်းပ

နေပြည်တော် ၁၅ ဇူလိုင်

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ်ကျင်းပ ပြုလုပ်သော ၂၀၂၀ ပြည့်နှစ် ဓမ္မာစရိယစာမေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီမှစ၍ ညနေ ၄ နာရီအထိ နိုင်ငံတစ်ဝန်းလုံးရှိ စာဖြေဌာန ၅၇ ဌာနတို့၌ (သတ္တမနေ့) အဖြစ်လည်းကောင်း၊ ပါဠိပထမပြန်စာမေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီမှစ၍ မွန်းလွဲ ၃ နာရီအထိ နိုင်ငံတစ်ဝန်းလုံးရှိ စာဖြေဌာန ၂၄၁ ဌာနတို့၌ (ပထမနေ့) အဖြစ်လည်းကောင်း ဖြေဆိုကြသည်။

 

ဓမ္မာစရိယ စာမေးပွဲ သတ္တမနေ့ စာရင်းသွင်းသံဃာနှင့် သီလရှင် စုစုပေါင်း ၁၀၅၅ ပါးအနက် ၅၇၉ ပါး ဖြေဆိုကြသဖြင့် ၅၄ ဒသမ ၈၈ ရာခိုင်နှုန်း ဖြေဆိုကြပြီး ပါဠိပထမပြန်စာမေးပွဲ (ပထမကြီး၊ ပထမလတ်၊ ပထမငယ်၊ အခြေပြုမူလတန်း) ပထမနေ့ကို စာရင်းသွင်းသံဃာနှင့် သီလရှင် စုစုပေါင်း ၅၅၁၃၆ ပါးအနက် ၃၉၅၃၃ ပါး ဖြေဆိုကြပြီး ၇၁ ဒသမ ၇ ရာခိုင်နှုန်းဖြေဆိုကြကြောင်း သာသနာရေး ဦးစီးဌာနမှ သိရသည်။

 

သတင်းစဉ်