ဓာတ်အားသုံးစွဲမှု ရာနှုန်းပြည့်မည့်နေ့ဆီ

ဒီဇင်ဘာ ၁၄

ယခုအခါ မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၅၀ ရာခိုင်နှုန်း ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ တစ်နိုင်ငံလုံး ဓာတ်အားသုံးစွဲမှု၏ ထက်ဝက်ကို ဖြည့်ဆည်းပေးနိုင်ခြင်းဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားသုံးစွဲမှု ရာနှုန်းပြည့် ဖြစ်စေရန် ရည်မှန်းထားသည့်အတွက် လာမည့် ၁၀ နှစ်တာကာလအတွင်း ကျန်သည့် ၅၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းနိုင်ရန် တည်ဆောက်သွားရမည်ဖြစ်သည်။

လွန်ခဲ့သည့် သုံးနှစ်ခွဲကာလက တစ်နိုင်ငံလုံး၏ ၃၄ ရာခိုင်နှုန်းသာ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ခဲ့သည့် အခြေအနေမှ ယခုကဲ့သို့ ဓာတ်အားလိုအပ်ချက်၏ ထက်ဝက်ကို ဖြည့်ဆည်းပေးနိုင်ရန် ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံ များ စသည်တို့ကို များစွာကြိုးပမ်း တည်ဆောက်ခဲ့ရသည်။ လျှပ်စစ်ဓာတ်အားကို ယခင်ကတည်းက ရရှိခဲ့ကြသည့် မြို့ပြ ကျေးရွာ ဒေသများအနေဖြင့် နိုင်ငံတော်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ပိုမိုမြှင့်တင်လာနိုင်ခြင်းအပေါ် အမှတ်တမဲ့သာ ခံစားမိကြမည်ဖြစ်သော်လည်း ယခင်က လျှပ်စစ်မီးသုံးစွဲခွင့် မရခဲ့သည့် မြို့ရွာဒေသများအနေဖြင့်မူ လျှပ်စစ်ဓာတ်အား သုံးစွဲခွင့် ရရှိလာခြင်းမှာ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးတို့အပေါ်တွင် အကျိုးရလဒ်များစွာ ဖြစ်ထွန်းလာခြင်းဖြစ်၍ မြို့ပြကျေးရွာများ၏ အဆင့်အတန်းများ တစ်ဆင့်တက် မြင့်မားလာကြခြင်းပင်ဖြစ်သည်။

ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရန်မှာ လမ်းတံတားများ မကောင်းမွန်ရေး၊ ဆက်သွယ်ရေးစနစ်များ ကောင်းမွန်ရေး၊ လျှပ်စစ်ဓာတ်အားကောင်းမွန်ရေး အပါအဝင် အခြေခံအဆောက်အအုံများ ပြည့်စုံကောင်းမွန်ဖို့ လိုအပ်သလို ဒေသတွင်းနေ ပြည်သူများ၏ အရည်အသွေးနှင့် ကြိုးပမ်းအားထုတ်မှု တို့ကလည်း ကောင်းမွန်ဖို့လိုအပ်သည်။ အခြေခံအဆောက်အအုံများ မည်မျှကောင်းမွန်စေကာမူ လူ့စွမ်းအားအရင်းအမြစ်များ မဖွံ့ဖြိုးဘဲ နိမ့်ကျနေပြီး ကြိုးပမ်းအားထုတ်လိုစိတ်မရှိဘဲနေမည်ဆိုပါက ဖွံ့ဖြိုးတိုးတက်မှုတို့ နတ္ထိဖြစ်နေပေလိမ့်မည်။ လျှပ်စစ် -စွမ်းအင်ကို ရရှိလာခြင်းက ကျေးလက်ဒေသ၏ စီးပွားရေးကို မြှင့်တင်နိုင်ပြီး ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးအတွက် ကြီးမားသည့် အထောက်အကူပင်ဖြစ်သည်။ စနစ်တကျသုံးစွဲပြီး ထိရောက်စွာ အသုံးချတတ်ရန်သာလိုသည်။ ။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် နှစ်စဉ် ၁၅ ရာခိုင်နှုန်းမှ ၃ဝ ရာခိုင်နှုန်းအထိ တိုးတက်နေခြင်းဖြစ်ရာ ယင်းတိုးတက်နှုန်းကို အမီလိုက်ပြီး ၂ဝ၃ဝ ပြည့်နှစ်တွင် လျှပ်စစ် ဓာတ်အားသုံးစွဲမှုကို ရာနှုန်းပြည့် ဖြည့်ဆည်းနိုင်ရန်မှာ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုအားလည်း လိုအပ်သည်။ လျှပ်စစ် ဓာတ်အားထုတ်လုပ်ရာတွင် ရေအား၊ နေအား၊ လေအား၊ ဘူမိ အပူစွမ်းအင်၊ သဘာဝဓာတ်ငွေ့ စသည်တို့အပါအဝင် အရင်းအမြစ် အမျိုးမျိုးတို့မှ ထုတ်လုပ်ရာတွင် အားနည်းချက်၊ အားသာချက်တို့ ကိုယ်စီရှိနေသည့်အလျောက် မိမိနိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီဆီလျော်သည့် ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးမှုစနစ်တို့ ကို သုံးစွဲကြရခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားသုံးစွဲမှု၏ ၅၀ ရာခိုင်နှုန်း အသုံးပြုနိုင်ပြီ ဖြစ်သည့်အချိန်တွင် ကျန် ၅၀ ရာခိုင်နှုန်းသည် လျှပ်စစ်ဓာတ်အားသုံးစွဲခွင့်ရရန် မျှော်လင့် စောင့်ဆိုင်းနေကြရဆဲဖြစ်ပြီး ယင်းလိုအပ်ချက်ကို ဖြည့်ဆည်း နိုင်ရန်အတွက်လည်း နိုင်ငံတော်အစိုးရက လာမည့် ၁၀ နှစ်တာအတွင်း ပြည့်စုံနိုင်အောင် ကြိုးပမ်းတည်ဆောက်လျက်ရှိသည်ကို သတိမူမိစေဖို့ပင်ဖြစ်သည်။ လျှပ်စစ်ဓာတ်အားသုံးစွဲခွင့် ရရှိထားပြီးသူများအနေဖြင့် စနစ်တကျအကျိုးရှိစွာ သုံးစွဲရေး၊ ဓာတ်အား လေလွင့်ပျောက်ဆုံးမှုများ မဖြစ်စေရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရေး၊ ဓာတ်အားခများ မှန်ကန်စွာ ပေးဆောင်ခြင်းသည် ညအခါအမှောင်ကျနေဆဲ ဒေသများ အလင်းရရေးအတွက် လိုအပ်ချက်တစ်ရပ်ဖြစ်သည်ဟူသော နားလည်မှုများဖြင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ပါဝင်ကြိုးပမ်း ထမ်းရွက်ကြခြင်းဖြင့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ရာနှုန်းပြည့် ဓာတ်အားသုံးစွဲနိုင်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း။ ။

မြန်မာ့အလင်း