ဒဂုံဧရာအဝေးပြေး ယာဉ်ရပ်နားစခန်း ဆေးခန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဒဂုံဧရာအဝေးပြေးယာဉ်ရပ်နားစခန်း ဆေးခန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ဒဂုံဧရာ အဝေးပြေးယာဉ်ရပ်နားစခန်းတွင် ကျင်းပသည်။

 

ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမေဝင်းမြင့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအေးဗိုလ်၊ တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် (၁) ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်တို့က ဆေးခန်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ဒဂုံဧရာအဝေးပြေး ယာဉ်ရပ်နားစခန်း သည် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့သို့ နေ့စဉ်အဝေးပြေးယာဉ်စီးရေ ၂၂၀ ကျော် အပြန် အလှန် သွားလာနေကာနေ့စဉ် ခရီးသည်  ၃၀၀၀၀ ခန့်ဝင်ထွက် သွားလာလျက်ရှိ သည်ဖြစ်သဖြင့် ကူးစက်မြန်ရောဂါကဲ့သို့ ရောဂါများဖြစ်ပွားလျက်ရှိသည့် ခရီးသည် တစ်ဦးမှတစ်ဆင့် အခြားနေရာဒေသသို့ ရောဂါပြန့်နှံ့ဖြစ်ပွားနိုင်ပါကြောင်း၊ ခရီးသွားလာသူတစ်ဦး နာမကျန်းဖြစ်ပါက ကိုယ်တိုင် အဆင်မပြေဖြစ်ကာ ကသီလင်တ နိုင်သကဲ့သို့ မိသားစုဝင်များနှင့် အခြားသူများအတွက်လည်း ဝန်ထုတ်ဝန်ပိုး ဖြစ်စေနိုင်ပါကြောင်း၊ ယခုကဲ့သို့ ဆေးခန်းဖွင့်လှစ်နိုင်ခြင်းဖြင့် ရောဂါဖြစ်ပွားမှုကို စောစီးစွာသိရှိနိုင်ခြင်း၊ ကုသမှုပေးနိုင်ခြင်းနှင့် အထူးသဖြင့် ခရီးသွားလာသူတစ်ဦး ကျန်းမာရေးအရေး ပေါ်အခြေအနေဖြစ်ပေါ်ပါက အချိန်မှီရှေးဦးအသက်ကယ်ပြုစု၍ ဆေးခန်းရှိ အရေးပေါ်လူနာတင်ယာဉ်ဖြင့် ဆေးရုံကြီးများသို့ အသက်ကယ်တင် လွှဲပြောင်းကုသမှုပေးနိုင်မည်ဖြစ်ကာ ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

 

ထို့အပြင် ယာဉ်ရပ်နားစခန်းအတွင်းနေထိုင်ကြသူများနှင့် အနီးပတ်ဝန်းကျင် နေရာများမှ ဒေသခံပြည်သူများ အနေဖြင့်လည်း နာမကျန်းဖြစ်ပါက အခမဲ့လာရောက် ပြသနိုင်မည်ဖြစ်ပါကြောင်း၊ မျက်စိအထူးကုနှင့် နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်းပင်းအထူးကု ဆရာဝန်ကြီးများကလည်း ဆေးခန်းတွင် (၁)လလျှင် (၁)ကြိမ်ခန့် လာရောက် ကုသပေးမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုးက အမှာစကား ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများက ဆေးခန်းအတွက် လှူဒါန်းခဲ့ကြသည့် အလှူရှင်များအား ဂုဏ်ပြုလက်မှတ်များပေးအပ်ပြီး   ဆေးခန်းနှင့် ဆေးခန်းရှိ လူနာတင်ယာဉ် အသစ်တို့ကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

 

ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် လှိုင်သာယာပြည်သူ့ ဆေးရုံသို့ သွားရောက်၍ ဆေးရုံရှိ စားသောက်ဆိုင်တန်းများ၊ ရင်ခွဲရုံ၊ လူနာဆောင်များနှင့် အရေးပေါ်နှင့် ပြင်ပလူနာဌာနတို့ကို လှည့်လည်ကြည့်ရှုသည်။

 

ထို့နောက် ဆောက်လုပ်လျက်ရှိသော လှိုင်သာယာပြည်သူ့ဆေးရုံ တိုးချဲ့ လေးထပ်ဆောင်သို့ သွားရောက်ကြည့်ရှုပြီး ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦးနှင့် တာဝန်ရှိသူများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ အထူးအဖွဲ့(၁)မှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ခင်သင့်ရာမွှေးနှင့် အဖွဲ့တို့နှင့် တွေ့ဆုံ၍ တိုးချဲ့ (၄)ထပ်ဆောင် သစ်ကြီး အမြန်ဆုံးဖွင့်လှစ်နိုင်ရန်အတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များ၊ ဆေးရုံ၏ ဝန်ထမ်းရေးရာကိစ္စရပ်များ၊ ဆေးရုံဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင် ရွက်ပေးသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဝန်ထမ်းများနေထိုင်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ ဝယ်ယူရန် သဘောတူညီမှုရရှိပြီးသော ဆောက်လုပ်ပြီး အသင့်နေထိုင်နိုင်ပြီ ဖြစ်သည့် လှိုင်သာယာမြို့နယ်၊ ကျန်စစ်မင်းအိမ် ရာရှိ (၆)ခန်းတွဲ (၅)ထပ်အဆောက်အဦနှင့် ထီးလှိုင်ရှင် အိမ်ရာရှိ (၂)ခန်းတွဲ (၄)ထပ် အဆောက်အဦများသို့ သွားရောက်လှည့်လည်ကြည့်ရှုခဲ့ကြသည်။ 

 

(သတင်းစဉ်)