ဒေသအစားအစာ.. ငါးဆီဖောင်းအလှူသုပ်

စံလွင် (ငါးဦးစီး)

 

ငါးဆီဖောင်းဆိုတာက ပင်လယ်ပိုင်းဒေသနဲ့ ဆက်စပ်နေတဲ့ ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ် အစရှိတဲ့ နေရာဒေသတွေ မှာသာထွက်တဲ့ ပင်လယ်စာ စားစရာတစ်မျိုးပါ။ ငါးဆီဖောင်းက အရိုးမာ ငါးမျိုးစိတ်တွေမှာသာ ပါရှိပြီး ဆီဖောင်း အရွယ်အစားနဲ့ ငါးအမျိုးအစားကိုလိုက်ပြီး တန်ဖိုးကြီးမြင့် ပါတယ်။ ကသ ပေါင်း၊ ကသမျှင် အစရှိတဲ့ ငါးကြီးငါးကောင်း တွေရဲ့ ဆီဖောင်းဆို အလေးချိန်တစ်ကျပ်သားကို သိန်းနဲ့ချီ ပြီး ပေါက်ဈေးရှိပါတယ်။

 

ငါးဆီဖောင်းကို ဆီဖောင်းဟင်းချို၊ ငါးဆီဖောင်းသုပ် စသည်ဖြင့် ဟင်းလျာများအဖြစ် တန်ဖိုးထားစားသုံးကြပါ တယ်။ ပင်လယ်ပိုင်းဒေသ ရေလုပ်ငန်းရွာတွေမှာ ပြုလုပ် တဲ့ အလှူအတန်းတွေမှာဆိုရင် ငါးဆီဖောင်းသုပ်ကို ဟင်းလျာကောင်းအဖြစ် ထည့်သွင်းလေ့ရှိကြပါတယ်။ အဲဒီ ဆီဖောင်းမျိုးတွေကတော့ အများအားဖြင့် ငါးရောင်၊ ငါးထွေ အစရှိတဲ့ ငါးမျိုးစိတ်တွေကရတဲ့ ဆီဖောင်းတွေ ဖြစ်ပါတယ်။

 

ငါးဆီဖောင်းတွေကို ငါးခြောက်ခွဲတဲ့အခါ သီးခြား ဖယ်ပြီး နေလှန်းကာ နှစ်ပေါက်သိမ်းဆည်း စုဆောင်းထား ပြီး ဈေးကောင်းနဲ့ ပြန်လည်ရောင်းချကြပါတယ်။ ငါးဆီဖောင်းသုပ်မယ်ဆိုရင် ဆီဖောင်းခြောက်များကို ဒယ်အိုးမှာ မီးအေးအေးနဲ့ ကျက်အောင်လှော်ပြီးရင် ပွလာ အောင် ရေ ၁၀ မိနစ်လောက် စိမ်ရပါတယ်။ ဆီဖောင်းသုပ် ဖို့လိုအပ်တဲ့ ပစ္စည်းအမည်တွေက အောက်ပါအတိုင်း လိုအပ်ပါတယ်-

 

ငါးဆီဖောင်းခြောက် နို့ဆီဘူးတစ်လုံး

 

ကြက်သွန်နီ ၃ လုံး


ဆီ ၂ ကျပ်ခွဲသား


ရှောက်ရွက် ၁ စည်း


နံနံပင် ၁ စည်း


ငရုတ်သီးစိမ်းတောင့် ၅ တောင့်


သံပရာသီး ၁ လုံး


ငံပြာရည်/ ပဲမှုန့် သင့်ရုံ

 

ဦးစွာ ကြက်သွန်နီဥကြီးတစ်လုံးကို ကြက်သွန်နီ ဆီကျက်ချက်၊ ကျန်နှစ်လုံးကို ပါးပါးလှီးရေစစ်ထား၊ ငရုတ် သီးစိမ်း၊ ရှောက်ရွက်တွေကို ရေဆေးပြီး အနေတော်လှီး၊ နံနံပင်ကို အရွက်ကလေးတွေသင်ထား၊ ပြီးပါက ရေစိမ်ပြီး ရေစစ်ထားသော ဆီဖောင်းများကို ကတ်ကြေးဖြင့် အချောင်း ကလေးများသဖွယ် အနေတော်ဖြတ်ပါ။ အားလုံးအသင့်ဖြစ် က ဇလုံတစ်လုံးတွင် အစုံထည့်ကာပဲမှုန့်ဖြူး၊ ငံပြာရည်ဖျန်း၊ သံပရာရည်ညှစ်ကာ အစာများနှံ့သွားအောင် ဖွဖွနယ် ပါမယ်။ ရှောက်ရွက်နံ့ကလေးသင်းနေတဲ့ ငါးဆီဖောင်း အလှူသုပ်ကို မြည်းစမ်းဖူးသူတိုင်း နှစ်သက်ကြပါတယ်။ အလှူသုပ်ဟုခေါ်ကြခြင်းမှာ အများစာအတွက် အိုးကြီး ခွက်ကြီးနဲ့ထည့်ကာ သုပ်ကြ၍ဖြစ်သည်။ ဆီဖောင်း အလှူသုပ်မှာ စားရာ၌ စီးစီးပိုင်ပိုင်ရှိပြီး ဝါးရာ၌ ထုတ်ထုတ်ကလေးနှင့် အရသာတွေ့လှသော ပင်လယ်စာ ဟင်းလျာတစ်မျိုးဖြစ်ကြောင်းပါဗျာ ...။