DENTOMEC သွားတိုက်တံနှင့် သွားတိုက်ဆေး စက်ရုံဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ၂ ဇန်နဝါရီ

ပြည်ပသွင်းကုန် အစားထိုးနိုင်ရန်နှင့် ပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်ပြီး ဈေးနှုန်းသက်သာစွာ အသုံးပြုနိုင်ရန် ရည်ရွယ်တည်ဆောက်ခဲ့သည့်  မြန်မာစီးပွားရေး ကော်ပိုရေးရှင်း၊ DENTOMEC သွားတိုက်တံနှင့် သွားတိုက်ဆေး စက်ရုံဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်းမကြီးအနီးရှိ အဆိုပါစက်ရုံရှေ့၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးသည်။

ရှေးဦးစွာ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် မြန်မာစီးပွားရေး ကော်ပိုရေးရှင်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန့်ဆွေတို့က DENTOMEC သွားတိုက်တံနှင့် သွားတိုက်ဆေးစက်ရုံအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က DENTOMEC သွားတိုက်ဆေးစက်ရုံအား စက်ခလုပ်နှိပ်ဖွင့်လှစ် ပေးပြီး စက်ရုံကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။ ယင်းနောက် ဖွင့်ပွဲအထိမ်းအမှတ် စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စက်ရုံဖွင့်ပွဲအထိမ်းအမှတ် အမှာစကားပြောကြားသည်။

ထို့နောက် မြန်မာစီးပွားရေးကော်ပိုရေးရှင်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန့်ဆွေက စက်ရုံဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး မြန်မာစီးပွားရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)တို့အား စက်ရုံဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပစ္စည်းအား ပေးအပ်သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စက်ရုံတည်ဆောက်မှုတွင် ပါဝင်ခဲ့သည့် နိုင်ငံခြားသား ပညာရှင်များအား သစ်သီးခြင်း လက်ဆောင်ပေးအပ်သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် စက်ရုံအတွင်း သွားတိုက်တံနှင့် သွားတိုက်ဆေးများ ထုတ်လုပ်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုကြသည်။ အဆိုပါ DENTOMEC သွားတိုက်တံနှင့် သွားတိုက်ဆေးစက်ရုံတွင် ဂျာမနီနိုင်ငံနှင့် ဆွီဒင်နိုင်ငံတို့မှ နည်းပညာများဖြင့် နိုင်ငံတကာအဆင့်မီ စက်သစ်ကြီးများ အသုံးပြုကာ ပြည်ပသွင်းကုန် အစားထိုး (Import Substitution) ထုတ်ကုန်အဖြစ် ကျန်းမာရေးနှင့် ညီညွတ်ပြီး ဈေးနှုန်းသက်သာသည့် သွားတိုက်တံနှင့် သွားတိုက်ဆေးများကို ဈေးကွက်အတွင်းသို့ ထုတ်လုပ်ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

(သတင်းစဉ်)