ဒေါ်လာငွေကြေးလဲလှယ်နှုန်း ပြန်တက်လာခြင်းနှင့်အတူ ပြည်တွင်းရွှေဈေး ကျပ် ၁၂ သိန်းကျော်အထိ ပြန်တက်

ရန်ကုန် ၁၂ မတ်

 

အမေရိကန်ဒေါ်လာ ငွေကြေးလဲလှယ်နှုန်း ပြန်တက်လာခြင်းနှင့်အတူ ပြည်တွင်းရွှေဈေး ကျပ် ၁၂ သိန်း ကျော်အထိ ပြန်တက်လာကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးအုန်းမြိုင်က ပြောသည်။

 

ပြီးခဲ့သည့် မတ် ၇ ရက်ကစ၍ အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းသည် တစ်ဒေါ်လာ ၁၃၅၀ ကျပ် ဝန်းကျင်သာ ရှိခဲ့ပြီး ပြည်တွင်းရွှေဈေးမှာလည်း အခေါက်ရွှေ တစ်ကျပ်သား လျှင် ကျပ် ၁၂၀၀၀၀၀ အောက်သို့ ကျဆင်းခဲ့သည်။

 

ထိုသို့ ဒေါ်လာတန်ဖိုး ကျဆင်းနေချိန် မတ် ၁၀ ရက်က ဗဟိုဘဏ်အနေဖြင့် အမေရိကန်ဒေါ်လာ ကိုးသန်း ဝယ်ယူခဲ့သောကြောင့် ပြည်တွင်း ငွေကြေးစျေးကွက်၌ ဒေါ်လာတန်ဖိုး ပြန်တက်လာပြီး မတ် ၁၂ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၄၀၀ ကျော်အထိ ပြန်တက်ခဲ့သည်။

 

"ဗဟိုဘဏ်ရဲ့ ထိန်းကျောင်းမှုအောက်မှာ လောလောဆယ် ဒေါ်လာစျေးက ပြန်ပြီးတော့ ခိုင်မာသွား တယ်ပေါ့၊ ခိုင်မာတဲ့ပေါ် မူတည်ပြီး အဲဒီ ငွေလဲနှုန်းနဲ့လိုက်ပြီးတော့ ရွှေစျေးပါ ပြန်တက်သွားတာပါပဲ"ဟု ဦးအုန်းမြိုင် က ပြောသည်။

 

ထို့ပြင် ပြည်တွင်းရွှေဈေး အတက်အကျသည် ကမ္ဘာ့ရွှေဈေးအတက်အကျပေါ်တွင် မူတည်ပြီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာလဆန်းပိုင်းက ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၃၀၀၀၀၀ ကျော်အထိ သမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန် ဖြစ်ခဲ့ချိန်တွင်မူ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၅၅၀ ကျော်အထိသာ ရှိခဲ့သည်။

 

လက်ရှိ မတ် ၁၂ ရက်တွင် ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၆၃၅ ဒေါ်လာ ရှိပြီးပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၂၁၀၀၀၀ ကျော် ရှိကြောင်း ရွှေစျေးကွက်အတွင်းမှ သိရသည်။

 

ထို့ပြင် စျေးကွက်အတွင်း အရောင်းအဝယ်မှာလည်း ပွင့်လင်းရာသီဖြစ်သောကြောင့် ပုံမှန်အရောင်း အဝယ်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

 

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နှစ်စမှစ၍ ပြည်တွင်းရွှေဈေးမှာ ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်တင်အဖြစ် တစ်ဆင့်ပြီးတစ်ဆင့် မြှင့်တက်ခဲ့ရာ၂၀၁၉ ခုနှစ် နှစ်စ ဇန်နဝါရီ ၁၇ ရက်မှ  ဖေဖော်ဝါရီ ၂၁ ရက်အတွင်း ကျပ် ၁၀၀၀၀၀၀ ကျော်၊ ဇွန် ၂၂ ရက်မှ သြဂုတ် ၅ ရက်အတွင်း ၁၁၀၀၀၀၀ ကျော်၊ သြဂုတ် ၇ ရက်မှ စက်တင်ဘာ ၄ ရက်အတွင်း ၁၂၀၀၀၀၀ ကျော်အထိ စံချိန်သစ်များ အသီးသီး ဖြစ်ပေါ်ခဲ့ပြီး  စက်တင်ဘာ ၅ ရက်တွင်မူ ယခင်ချိုးထားသည့် စံချိန်များထက် ကျော်လွန်၍ ကျပ် ၁၃၀၀၀၀၀ ကျော်အထိ ဖြစ်ပေါ်ခဲ့သဖြင့် သမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန် ဖြစ်ခဲ့သည်။

 

ပြီးခဲ့သည့် လေးလက ရွှေဈေးကို ပြန်ကြည့်မည်ဆိုလျှင် နိုဝင်ဘာတွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ကျပ် ၁၁၇၃၀၀၀ (နိုဝင်ဘာ ၂၈ ရက်) အမြင့်ဆုံးနှုန်း ကျပ် ၁၂၁၉၄၀၀ (နိုဝင်ဘာ ၂ ရက်)၊ ဒီဇင်ဘာတွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ကျပ် ၁၁၇၀၈၀၀ (ဒီဇင်ဘာ ၃ ရက်) အမြင့်ဆုံးနှုန်း ကျပ် ၁၁၉၇၈၀၀ (ဒီဇင်ဘာ ၂၈ ရက်)၊ ဇန်နဝါရီတွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ကျပ် ၁၁၉၁၆၀၀ (ဇန်နဝါရီ  ၂ ရက်) နှင့် အမြင့်ဆုံးနှုန်း ကျပ် ၁၂၃၂၇၀၀ (ဇန်နဝါရီ  ၈ ရက်)နှင့် ဖေဖော်ဝါရီတွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ကျပ် ၁၂၁၄၁၀၀ (ဖေဖော်ဝါရီ ၅ ရက်) နှင့် အမြင့်ဆုံးနှုန်း ကျပ် ၁၂၃၄၂၀၀ (ဖေဖော်ဝါရီ  ၂၈ ရက်)တို့ဖြစ်ကြောင်း ရွှေရောင်း၀ယ်သူများထံမှ သိရသည်။

 

ငြိမ်းငြိမ်း