စူဠာမဏိဘုရား ပရိဝုဏ်အတွင်း မိုးရေဝင်ရောက်မှုအား ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက ရေစုပ်စက်များဖြင့် စုပေါင်းရှင်းလင်း

mdn

ညောင်ဦး        စက်တင်ဘာ        ၁၉

မန္တလေးတိုင်းဒေသကြီး၊ ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် စက်တင်ဘာ ၁၇ ရက်က မိုးသည်း ထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရှေးဟောင်းသမိုင်းဝင် စူဠာမဏိဘုရား ပရိဝုဏ်အတွင်း မိုးရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ဘုရားကြီးနှင့် မဟာရန်အုတ်တံတိုင်းများ ထိခိုက်ပျက်စီးမှုကင်းဝေးစေရန် ရည်ရွယ်၍ စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းက ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက ရေစုပ်စက်များဖြင့် စုပေါင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ညောင်ဦးမြို့မှ ဒေသခံတစ်ဦးက “မိုးရေဝင်ရောက်မှုက ဘယ်လောက်များသလဲဆိုရင် အနက် လေးပေလောက်အထိ ရှိပါတယ်။ ခရိုင်နဲ့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကာ ခရိုင်နဲ့ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ လူမှုရေးအသင်းအဖွဲ့တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဒေသခံပြည်သူတွေ စုပေါင်းပြီး မနေ့ကတည်းက ရေစုပ်စက်တွေနဲ့ ရှင်းလင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီနေ့မနက်လည်း ကျန်ရှိတဲ့ မိုးရေတွေကို ဆက်လက်ရှင်းလင်း ဆောင်ရွက်နေကြပါတယ်” ဟု ပြောပြသည်။ 

ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရားအမှတ် (၇၄၈) စူဠာမဏိဘုရားကြီးသည် တောင်ဘီကျေးရွာအုပ်စု၊ တောင်ဘီကျေးရွာအနီးတွင် တည်ရှိကာ အေဒီ ၁၁၈၃ ခုနှစ်တွင် နရပတိစည်သူ မင်းတရားကြီး တည်ထားကိုးကွယ်တော်မူခဲ့သည့် ရှေးဟောင်းသမိုင်းဝင် ဘုရားတစ်ဆူဖြစ်သည်။

ရဲဝင်းနိုင်(ညောင်ဦး)