စတုတ္ထစက်မှုတော်လှန်ရေးခေတ်နှင့် မျိုးဆက်သစ်တို့ ပျိုးထောင်ရေး

mdn

နေပြည်တော် ၁၅ ဒီဇင်ဘာ

 

မျက်မှောက်ကမ္ဘာ၏ တိုးတက်ပြောင်းလဲမှုကို စတုတ္ထစက်မှုတော်လှန် ရေးကာလဟု သတ်မှတ် ခေါ်ဝေါ်ကြသည်။ ပထမစက်မှုတော်လှန်ရေးတွင် ရေနွေးငွေ့စွမ်းအင်နှင့် ဘွိုင်လာအင်ဂျင်များ၊ ဒုတိယစက်မှု တော်လှန်ရေးတွင် လျှပ်စစ်စွမ်းအင်နှင့် အော်တိုမက်တစ်စက်ယန္တရားများ၊ တတိယစက်မှုတော်လှန်ရေးတွင်မူ အီလက်ထရွန်နစ် နည်းပညာနှင့် ကွန်ပျူတာကွန်ရက်များက ဝိသေသလက္ခဏာများဖြစ်ခဲ့သည်။ စတုတ္ထစက်မှု တော်လှန်ရေးကမူ တတိယစက်မှုတော်လှန် ရေး၏ အဆက်ဖြစ်သည်။ စတုတ္ထစက်မှုတော်လှန်ရေးတွင် ဉာဏ်ရည်တုနည်းပညာ နာနို နည်းပညာ၊ သုံးဖက်မြင်ပုံနှိပ်နည်းပညာ၊ ဇီဝနည်းပညာ မောင်းသူမဲ့ယာဉ်နည်းပညာ စသည်တို့ က ဝိသေသလက္ခဏာများ ဖြစ်လာလိမ့်မည်ဖြစ်သည်။

 

ထူးခြားချက်မှာမူ စတုတ္ထစက်မှုတော်လှန်ရေးသည် အရှိန်အဟုန် ကြီးမားလျင်မြန်စွာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ပြောင်းလဲသွားမည့် အခြေအနေပင်ဖြစ်သည်။ တစ်ဖန်စတုတ္ထစက်မှု တော်လှန်ရေး၏ အကျိုးရလဒ်များအဖြစ် ပျောက်ကွယ်သွားမည့် အလုပ်အကိုင်များ၊ ရှိသလို အသစ်ပေါ်ထွက်လာမည့် အလုပ်အကိုင်များလည်းရှိနေရာ လူငယ်များအနေဖြင့် လက်ရှိ အခြေအနေများကိုသာမက အနာဂတ်တွင် ဖန်တီးဖြစ်ပေါ်လာမည့် အခြေအနေများကိုပါ ကျော်လွန်ကြည့်မြင်ပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်စွမ်းရှိကြဖို့ လိုအပ်မည်ဖြစ်သည်။

 

“အထူးသဖြင့် ကိုယ်ပိုင်အစွမ်းအစများနဲ့ မွေးဖွားလာကြတဲ့ လူငယ်လူရွယ်တွေကို ပြောင်းလဲ နေတဲ့ ခေတ်နဲ့အညီ လိုက်ပါနိုင်အောင် အနာဂတ်ရဲ့ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှား နိုင်အောင်၊ အတတ်ပညာနဲ့ အသိပညာတွေ လေ့ကျင့်သင်ကြား ပေးကြရမှာဖြစ်သလို နိုင်ငံနဲ့ လူမျိုးအပေါ် ချစ်ခင်မြတ်နိုးစိတ်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လိုစိတ်စတဲ့ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးတွေ မြင့်မားတိုးတက်လာအောင်လည်း ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်း ပြောကြားလိုပါတယ် ”ဟူ၍ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် (မကွေး)ဖွင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းက ၂၁ ရာစုမျက်မှောက်ကမ္ဘာတွင် မြန်မာလူငယ်များနောက်ကျ မကျန်ရစ်စေရေးနှင့် အနာဂတ်နိုင်ငံတော်အတွက် လူ့စွမ်းအားအရင်းအမြစ်များ တန်ဖိုးမြင့်မား ရေးအတွက် မဖြစ်မနေလုပ်ဆောင်ရမည့် လုပ်ငန်းများပင်ဖြစ်သည်။ တန်ဖိုးမြင့်မားသည့် လူ့စွမ်းအား အရင်းအမြစ်များကသာ နိုင်ငံတည်ဆောက်ရေးတွင် အဓိကစွမ်းဆောင်နိုင်မည့် အင်အားစုများဖြစ်သည့်အလျောက် လူငယ်များဘက်စုံဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များသည် အနာဂတ်အတွက် ကြိုတင်ဆောင်ရွက်နေခြင်းပင်ဖြစ်သည်။

 

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံမှာ လူငယ်များဖြစ်သည်။ ကိန်းဂဏန်းအားဖြင့်ဆိုပါက အသက် ၁၅ နှစ်မှ ၃၅ နှစ်ကြား လူငယ်လူဦးရေက နိုင်ငံ့လူဦးရေ၏ ၃၃ ဒသမ၈ ရာခိုင်နှုန်း ရှိသည်ဟု ဆိုသည်။ ယင်းလူငယ်များအား အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတနှင့် လူမှုကျင့်ဝတ်တန်ဖိုးများ မျှဝေပေးနိုင်ရေး၊ အနာဂတ် မြန်မာ့လူ့ဘောင် အဖွဲ့အစည်းကို လူငယ်တို့၏ အတွေးအမြင်ကောင်း၊ စိတ်ဓာတ်ကောင်းများဖြင့် အကောင်အထည်ဖော် တည်ဆောက်ပေး နိုင်ရေးဟူသည့် ရည်ရွယ်ချက်များဖြင့် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် များကို ကျင်းပပေးနေခြင်းဖြစ်သည် ။ ၎င်းရည်ရွယ်ချက်များ ပေါက်မြောက်၊ အောင်မြင်စေရန်မှာမူ လူငယ် တစ်ဦးချင်းစီ၏ ခံယူမှုနှင့် အားထုတ် ကြိုးပမ်းမှုတို့ လိုအပ်သလို လူကြီးသူမတို့၏ အားပေးကူညီမှုများလည်း မရှိမဖြစ်လိုအပ်မည်ဖြစ်သည် ။

 

တစ်နည်းအားဖြင့် လက်ရှိမျိုးဆက်များက လူငယ်မျိုးဆက်သစ်များကို လက်ကမ်းကြိုဆိုကာ အနာဂတ်နိုင်ငံတော်အတွက် လူသားအရင်းအမြစ်ကောင်းများ အင်တိုက်အားတိုက် ထွက်ပေါ် လာစေရေး ပြုစုပျိုးထောင်မှုများ စဉ်ဆက်မပြတ် ပြုလုပ်ပေးကြရပါမည့်အကြောင်း။

 

မြန်မာ့အလင်း