စတန်းဖို့ဒ်ဘရစ်မှာ ချယ်ဆီးကို အနိုင်ယူပြီး ပရီမီယာလိဂ်ရှုံးပွဲဆက်နေမှု မန်ယူ ရပ်တန့်သွားနိုင်မလား

နိုဝင်ဘာ ၂၈

ယခုတစ်ပတ် ပရီမီယာလိဂ်ပွဲစဉ်(၁၃)မှာတော့ အမှတ်ပေးဇယားအထက်ပိုင်းမှ အသင်းအချင်းချင်းတွေ့ဆုံနေတဲ့ ပွဲစဉ်အပါအဝင် ခြေစွမ်းထက်မြက်နေတဲ့ အသင်းအချင်းချင်း တွေ့ဆုံတဲ့ပွဲစဉ်တွေ ပါဝင်နေပါတယ်။ မန်စီးတီးအသင်းက ခြေစွမ်းထက်မြက်နေတဲ့ ဝက်စ်ဟမ်းအသင်းကို လက်ခံယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး မန်ယူအသင်းက ချယ်ဆီးအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ကစားရမှာ ဖြစ်တာကြောင့် စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ချယ်ဆီး vs မန်ယူ

အမှတ်ပေးဇယားကို သုံးမှတ်အသာနဲ့ ဦးဆောင်နေတဲ့ ချယ်ဆီးအသင်းရဲ့ ခြေစွမ်းက ဒီရာသီမှာ ပုံစံကောင်း ရရှိနေပါတယ်။ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စီးရီးအေ နာမည်ကြီး ဂျူဗင်တပ်စ်လို အသင်းကို လေးဂိုးပြတ် အနိုင်ရရှိထားတာကိုကြည့်ရင် ခြေစွမ်းအထူးကောင်းမွန်နေတာကို တွေ့ရတယ်။ အထူးသဖြင့် ချယ်ဆီးအသင်းရဲ့ ခံစစ်က ယခုနှစ်ရာသီ ပရီမီယာလိဂ် ၁၂ ပွဲကစားပြီးချိန်မှာ လေးဂိုးသာ ခွင့်ပြုပေးထားရတာကြောင့် ခံစစ်အကောင်းဆုံးအသင်းအဖြစ် ရှိနေပါတယ်။ ပြိုင်ဘက် မန်ယူအသင်းက နည်းပြဆိုးလ်ရှားကို ထုတ်ပယ်လိုက်ပြီးနောက် ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗီလာရီးရဲကို နှစ်ဂိုးပြတ် အနိုင်ရရှိထားပါတယ်။

ဂိုးပြတ်ရှုံးနိမ့်ထား သို့ပေမယ့် မန်ယူအသင်းအနေနဲ့ ပရီမီယာလိဂ် နောက်ဆုံးငါးပွဲမှာ စပါးအသင်းကိုသာ သုံးဂိုးပြတ် အနိုင်ရရှိထားပြီး လက်စတာ၊ လီဗာပူး၊ မန်စီးတီး၊ ဝက်ဖို့ဒ်စတဲ့အသင်းတွေကို ဂိုးပြတ်ရှုံးနိမ့် ထားတာကြောင့် ခြေစွမ်းက အားရစရာမရှိပါဘူး။ အထူးသဖြင့် မက်ဂွိုင်းယားဦးဆောင်တဲ့ အသင်းရဲ့ ခံစစ်က ၁၂ ပွဲကစားပြီး ချိန်မှာ ၂၁ ဂိုးအထိ ခွင့်ပြုပေးထားရတာကြောင့် ခံစစ်အဆိုးရွားဆုံးအသင်းထဲမှာ ပါနေပါတယ်။

မည်သို့ပင်ဆိုစေ နှစ်သင်းစလုံးနိုင်ပွဲရရှိရေးကို အဓိကထား ပြင်ဆင်လာမှာဖြစ်တာကြောင့် ဘယ်အသင်းက ရမှတ်အပြည့်ရယူသွားနိုင်မလဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

မန်စီးတီး vs ဝက်စ်ဟမ်း

ချယ်ဆီးအသင်း ပွဲကျပ်နေမှုကို အခွင့်ကောင်းယူကာ မန်စီးတီးအသင်းအနေနဲ့ ယခုပွဲစဉ်မှာ နိုင်ပွဲရရှိရေးကို အသေအချာပြင်ဆင်လာမှာပါ။ နည်းပြ မိုယက်စ်ရဲ့ ဝက်စ်ဟမ်းအသင်းကလည်း ရလဒ်ကောင်းရရှိရေးအတွက် အဓိက ကစားသမား အများစုနဲ့ မန်စီးတီးအသင်းကို ရင်ဆိုင်လာမှာပါ။ မန်စီးတီးက အသင်းလိုက်

စွမ်းဆောင်ရည် ကောင်းမွန်မှုရှိသလို တိုက်စစ်ပိုင်း၊ ခံစစ်ပိုင်းကလည်း ကျစ်လျစ်မှုရှိတယ်။ ဝက်စ်ဟမ်းအနေနဲ့ တိုက်စစ်ပိုင်းက ထက်မြက်မှုရှိပေမယ့် ခံစစ်ပိုင်းမှာ အားနည်းတတ်တာကို သတိပြုရမယ်။ သို့ပေမယ့် ဒီနှစ်သင်းကြား ရမှတ်ကွာဟမှုက သုံးမှတ်သာရှိတာကြောင့်ယခုပွဲစဉ်ကပြိုင်ဆိုင်မှုပြင်းထန်ပြီး ပရိသတ်အကြိုက်ပွဲကောင်း တစ်ပွဲဖြစ်လာမှာပါ။ ပြီးခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်မှာ ဝုဖ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ဝက်စ် ဟမ်းအသင်းအနေနဲ့ ရမှတ်အပြည့်ရရှိရေးကို ဦးတည်လာမယ့် မန်စီးတီးအသင်းကို အနိုင်ရရှိသွားနိုင်မလား နိုဝင်ဘာ ၂၈ ရက်ညပိုင်းမှာ အဖြေပေးသွားမှာ ဖြစ်ပါ တယ်။

အောင်ဇော်