စပါးနဲ့ အာဆင်နယ်တို့ယှဉ်ပြိုင်ကစားမယ့် မြောက်လန်ဒန်ဒါဘီပွဲစဉ်ကို ကိုဗစ်-၁၉ ရောဂါကြောင့် ရွှေ့ဆိုင်းပေးရန် အာဆင်နယ်အသင်း တောင်းဆို

ဇန်နဝါရီ   ၁၆

စပါးအသင်းနဲ့ အာဆင်နယ်အသင်းတို့ ဇန်နဝါရီ ၁၆ ရက်မှာ ယှဉ်ပြိုင်ကစားမယ့်မြောက်လန်ဒန် ဒါဘီပွဲစဉ်ကို ကိုဗစ်-၁၉ ရောဂါကြောင့် ကစားသမားအများစု မပါဝင်နိုင်တဲ့အတွက် ရွှေ့ဆိုင်းပေးဖို့ အာဆင်နယ်အသင်းက တောင်းဆိုလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ လက်ရှိမှာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ သွားရောက်ကစားနေရတဲ့ ကစားသမားတွေ၊ ဒဏ်ရာရရှိနေတဲ့ကစားသမားတွေ၊ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ ကစားသမားတွေ ရှိနေခဲ့တာကြောင့် စပါးအသင်းနဲ့ ပွဲစဉ်ကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

အခုနှစ် ဘောလုံးရာသီမှာ ကိုဗစ်-၁၉ ရောဂါကြောင့်ပရီမီယာလိဂ် ပွဲစဉ် ၂၀ အထိ ရွှေ့ဆိုင်းခဲ့တာ ဖြစ်ပါတယ်။ ဇန်နဝါရီ ၁၅ ရက်မှာ ယှဉ်ပြိုင်ကစားရမယ့် ဘန်လေအသင်းနဲ့ လက်စတာစီးတီးအသင်း တို့ရဲ့ ပရီမီယာလိဂ်ပွဲစဉ်ကိုလည်း ကိုဗစ်-၁၉ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရတယ်လို့ သိရပါတယ်။

ပရီမီယာလိဂ်စည်းမျဉ်းသတ်မှတ်ချက်အရ အသင်းတစ်သင်းမှာ ဂိုးသမားတစ်ဦးအပါအဝင် ကစားသမား စုစုပေါင်း ၁၄ ဦး ပွဲစဉ်ကို မဖြစ်မနေ ယှဉ်ပြိုင်ကစားရတာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ လီဗာပူးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ဆိုယာရီး၊ ဘူကာယိုဆာကာ၊ ကာလမ်ချမ်ဘာ စတဲ့ကစားသမားသုံးဦး ဒဏ်ရာပြဿနာကြုံခဲ့ပြီး အဲဒီပွဲစဉ်မှာ မာတင်အိုဒီဂတ်ဟာလည်း အဖျားရောဂါကြောင့် လွဲချော်ခဲ့တာဖြစ်ပါတယ်။

ဒါ့ပြင် သောမက်ပါတေး၊ မိုဟာမက်အယ်နီနီး၊ အူဘာမေယန်နဲ့ နီကိုလက်စ်ပီပီ တို့ဟာလည်း အာဖရိကနိုင်ငံများဖလား သွားရောက်ကစားနေရတာ ဖြစ်ပါတယ်။ အဲဒီလို ကစားသမားအများစု ပါဝင်ကစားနိုင်ခြင်း မရှိတာကြောင့် ဇန်နဝါရီ ၁၆ ရက်မှာ စပါးအသင်းနဲ့ ကစားမယ့် ပရီမီယာလိဂ်ပွဲစဉ်ကို ရွှေ့ဆိုင်းပေးဖို့ အာဆင်နယ်အသင်းနည်းပြ အာတီတာက တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ငွေကြယ်