စပိန်ကလပ် ဆိုစီဒက်အသင်းမှ တိုက်စစ်ကစားသမား ဂျို့စ်ကို ခေါ်ယူလိုက်သည့် ဝုဖ်အသင်း

၂၅  ဇန်နဝါရီ

ပရီမီယာလိဂ်ကလပ် ဝုဖ်အသင်းသည် စပိန်ကလပ် ရီးရဲဆိုစီဒက်အသင်းမှ တိုက်စစ်ကစားသမား ဝီလီယံ ဂျို့စ်ကို နွေရာသီအပြောင်းအရွှေ့ကာလတွင် အမြဲတမ်းခေါ်ယူခွင့်နှင့်အတူ ရာသီကုန်အထိ အငှားဖြင့် စာချုပ်ခေါ်ယူလိုက် ပြီဖြစ်ကြောင်း   သတင်းများတွင်  ဖော်ပြထားသည်။ ဝုဖ်အသင်းသည် အဆိုပါ တိုက်စစ်ကစားသမားကို နွေရာသီတွင် အမြဲတမ်းခေါ်ယူမည်ဆိုပါက ပေါင် ၂၂ သန်း ဝန်းကျင်ခန့် ကုန်ကျနိုင်ဖွယ်ရှိကြောင်း သိရသည်။

အသက် ၂၉ နှစ်အရွယ်ရှိ  ဘရာဇီးတိုက်စစ်ကစားသမား ဂျို့စ်သည်   ရီးရဲဆိုစီဒက်အသင်းသို့    ၂၀၁၆ ခုနှစ်တွင် ငါးနှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ရောက်ရှိလာသူဖြစ်သည်။ ၎င်းသည် ယခုနှစ်ရာသီ ဆိုစီဒက်အသင်းအတွက် ပြိုင်ပွဲ အရပ်ရပ်    ၂၁ ပွဲ   ကစားခွင့်ရရှိထားပြီး  ခြောက်ဂိုး သွင်းယူပေးထားနိုင်သည့် ကစားသမားတစ်ဦးဖြစ်သည်။ ဝုဖ်အသင်းနည်းပြ နူနိုဆန်းတို့စ်သည် အသင်းမှ အားထားရသည့်   မက္ကဆီကို    တိုက်စစ်ကစားသမား   ရာအူးလ် ဂျီမီနက်ဇ် ဦးခေါင်းဒဏ်ရာကြောင့် အနားယူနေရသည့်အချိန်တွင်  တိုက်စစ်ကို  အင်အားတိုးရန်အတွက်  ဂျို့စ်ကို ခေါ်ယူလိုက်ခြင်းဖြစ်ကြောင်း     သိရသည်။    သို့သော်လည်း ပရီမီယာလိဂ် ပွဲစဉ် ၂၀ အဖြစ် လာမည့် ဗုဒ္ဓဟူးနေ့တွင်  ယှဉ်ပြိုင်ကစားမည့်  ချယ်ဆီးနှင့် ဝုဖ်အသင်းတို့ ပွဲစဉ်၌ ဂျို့စ်အနေဖြင့် ပါဝင်ကစားခွင့် ရရှိဦးမည်မဟုတ်ကြောင်း သိရသည်။   ပရီမီယာလိဂ် ၁၀ ပွဲတွင် လေးဂိုး သွင်းယူပေးထားနိုင်သော   ဂျီမီနက်ဇ်သည်   ပြီးခဲ့သည့် နိုဝင်ဘာလတွင် ဝုဖ်အသင်းက အာဆင်နယ်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သောပွဲစဉ်တွင် ရရှိခဲ့သည့် ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရသူဖြစ်သည်။

နည်းပြဆန်းတို့စ်၏ ဝုဖ်အသင်းသည် ပရီမီယာလိဂ် နောက်ဆုံးကိုးပွဲတွင်        တစ်ပွဲသာ      နိုင်ပွဲရရှိအောင် စွမ်းဆောင်ထားနိုင်ပြီး အဆိုပါ ကိုးပွဲတွင် ၁၀ ဂိုးသာ သွင်းယူထားနိုင်သည်ကို တွေ့ရသည်။ ထို့အပြင်  ပရီမီယာလိဂ် နောက်ဆုံးခြောက်ပွဲဆက်   နိုင်ပွဲပျောက်ဆုံးထားသည့် ဝုဖ်အသင်းသည် ပရီမီယာလိဂ် ၁၉ ပွဲတွင် ခြောက်ပွဲနိုင်၊ လေးပွဲသရေကျကာ ကိုးပွဲအထိ  ရှုံးထားသည့်အတွက် ရမှတ် ၂၂ မှတ်သာ ရရှိထားသည်။ ထို့ကြောင့် ဝုဖ်အသင်းသည်  တိုက်စစ်ပိုင်း ဂိုးသွင်းနှုန်းကျဆင်းနေချိန်တွင် ဆိုစီဒက်အသင်းမှ ဂျို့စ်ကို ခေါ်ယူလိုက်ခြင်းက ကောင်းမွန်သော ခေါ်ယူခြင်းဖြစ်လာမလား စောင့်ကြည့်ရမည်ဖြစ်သည်။

ဘရာဇီး ယူ-၂၀ ကစားသမားဟောင်း ဂျို့စ်သည် ကစားသမားဘဝကို ဘရာဇီးကလပ် Barueri အသင်းတွင် စတင်ခဲ့သူဖြစ်ပြီး ဥရောပသို့ အမြဲတမ်းစာချုပ်ဖြင့် ပြောင်းရွှေ့မကစားမီ ရီးရဲမက်ဒရစ်၊ ဇာရာဂိုဇာစသည့်အသင်းများတွင် အငှားဖြင့် ကစားခဲ့ဖူးသူလည်းဖြစ်သည်။ ဂျို့စ်သည် ဝုဖ်အသင်းတွင် ဂျာစီနံပါတ် ၁၂ ကို ဝတ်ဆင်ကစားသွားဖွယ်ရှိသည်။

အောင်ဇော်